၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေးသည် အချိန်ကာလ ငါးနှစ် ကြာလာသည့်အခါ ခရီးအစ ကနဦးတွင် ထင်ရှားပြတ်သားခဲ့သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး ဆိုသည့် ရည်မှန်းချက် နှစ်ရပ်မှ ပို၍ရှုပ်ထွေးသော ဦးတည်ရာလမ်းကြောင်းများ ကွဲထွက်သွားနေပြီလားဆိုသည့် မေးခွန်းပေါ်ထွက်လာပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (ERO) ခေါင်းဆောင်များသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေးအပေါ် တစ်ခုတည်းသော ဦးဆောင်မှုပေးနိုင်မည့် အစုအဖွဲ့တစ်ခုကို ဖွဲ့စည်းရန် ပြင်ဆင်နေကြချိန် မကြာသေးမီက နိုင်ငံ၏အရှေ့မြောက်မှ ERO နှစ်ဖွဲ့အကြား ပထမဆုံးအကြိမ် အချင်းချင်း နယ်မြေလုစစ်ပွဲ ဖြစ်ပွားလာခြင်းက တော်လှန်ရေး၏ ရှေ့ခရီးအတွက် ပြည်သူများအကြား စိုးရိမ်မှုကြီးထွားလာခဲ့ပြီး မေးခွန်းထုတ်စရာ ဖြစ်ပေါ်လာသည်။
လက်နက်ကိုင်တော်လှန်ရေး ငါးနှစ်တာ ဖြတ်သန်းမှုကို ခြုံငုံသုံးသပ်ကြည့်လျှင် စုစည်းညီညွတ်မှု အင်အားကြောင့် အောင်မြင်မှုများရရှိခဲ့သည်။ ထိုအောင်မြင်မှုများအတွက် အဓိကအဆင့် ငါးဆင့် ဖြတ်သန်းခဲ့ရပြီး၊ (၁) တော်လှန်ရေး ကနဦး မြို့ပြပြောက်ကျားတိုက်ပွဲဖော်ခြင်းနှင့် တပ်တည်ဆောက်ခြင်း၊ (၂) ပူးပေါင်း စစ်ဆင်ရေးများ ဆင်နွှဲနိုင်ခြင်းကြောင့် အာဏာသိမ်းစစ်တပ် ပြိုလဲလာခြင်း၊ (၃) ထိန်းချုပ်နယ်မြေများ ရရှိလာခြင်းနှင့် နယ်မြေတည်ဆောက်ခြင်း၊ (၄) လွတ်မြောက်ဒေသများရှိ ပြည်သူလူထုအကြား အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခြင်း၊ (၅) တော်လှန်ရေးတပ်ဖွဲ့များ အင်အားတောင့်တင်းခိုင်မာရေး အရင်းအမြစ်များရှာဖွေစုဆောင်းခြင်းတို့ကို လေ့လာတွေ့ရှိရသည်။
ထိုအဆင့်များကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ခြင်းမျိုးထက် တပြိုင်နက်တည်း သို့မဟုတ် အဆင့်များရောထွေး ဖြစ်ပေါ်ခဲ့ပြီး၊ အဆင့်ငါးဆင့်လုံးကို နိုင်ငံရေးထက် စစ်ရေးရည်မှန်းချက်အပေါ် အခြေခံဆောင်ရွက်ကြသောကြောင့် တော်လှန်ရေး၏ ပထမရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အချိုးမညီ ဦးတည်ထားခဲ့ကြသည်။ တော်လှန်ရေးအချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဦးဆောင်အဖွဲ့များဖြစ်သော NUG၊ EROများနှင့် ဒေသအနှံ့မှ PDF အဖွဲ့များအကြား ဒုတိယရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး အမြင်သဘောထား အမျိုးမျိုးကွဲပြားလျက် ရှိကြပြီး၊ ထိုအခြေအနေသည် တော်လှန်ရေး၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ကြီးမားသော လစ်ဟာမှုကြီး ဖြစ်ပေါ်လျက်ရှိသည်။
ဤဆောင်းပါးတွင် လွန်ခဲ့သော ငါးနှစ်အတွင်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြသော တော်လှန်ရေးအင်အားစုများအကြား ရှုပ်ထွေးလာသော ဦးတည်ရာလမ်းကြောင်းများကို ပြန်လည်ချိန်ဆ လေ့လာသုံးသပ်ရန် ရည်ရွယ်ပါသည်။ ထိုကဲ့သို့ လေ့လာသုံးသပ်ရန် အချိန်အခါသင့်ပြီဟု ယုံကြည်သည်။
သို့ရာတွင် လက်နက်ကိုင်တော်လှန်ရေး ငါးနှစ်ခရီးကို ပြန်လည်ချိန်ဆ ခြုံငုံသုံးသပ်ရာတွင် လွန်ခဲ့သော ငါးနှစ် အတွင်း အများပြည်သူမျက်မှောက် (Public Space) တွင် တွေ့မြင်ခဲ့ရသော ထင်ရှားသည့် အဓိကဖြစ်စဉ်ဖြစ်ရပ်များကို အားကိုးအားထားပြု ချိန်ဆသုံးသပ်ခြင်း နည်းလမ်းကိုသာ အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် တော်လှန်ရေး ဖြတ်သန်းမှုကို ယေဘူယျ အဆင့်ငါးဆင့် သတ်မှတ်ပြီး တစ်ဆင့်ချင်းစီကို ချိန်ဆသုံးသပ်သွားပါမည်။
လက်နက်ကိုင်တော်လှန်ရေးကနဦး မြို့ပြပြောက်ကျားတိုက်ပွဲဖော်ခြင်းနှင့် တပ်တည်ဆောက်ခြင်း
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်တွင် နယ်စပ်ဒေသများ၌ ဆယ်စုနှစ်များစွာ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများ ထူထောင်၍ ရပ်တည်နေသော ERO များသည် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်မည့် ပြည်သူများ (အထူးသဖြင့် စစ်အာဏာသိမ်းမှုကို ပထမဆုံး ခါးသီးစွာ မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသော မျိုးဆက်သစ် လူငယ်များ) အတွက် ရေခံမြေခံ အရင်းအမြစ်များ ဖြစ်လာခဲ့သည်။ ERO ခေါင်းဆောင်များ၏ ၎င်းတို့၏ ဆယ်စုနှစ်များစွာ အတွေ့အကြုံများအရ ထိုကဲ့သို့ ဖြစ်လာတော့မည်ကို ခန့်မှန်းနိုင်ခဲ့ကြသည်။
မကြာသေးခင်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော်က စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပင် ၎င်းတို့အဖွဲ့အစည်းအတွင်း အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးတစ်ခု ကျင်းပပြီး ဖြစ်ပေါ်လာနိုင်မည့် လက်နက်ကိုင်တော်လှန်ရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
စင်စစ် မြန်မာသမိုင်းတွင် အလားတူ လက်နက်ကိုင်တော်လှန်ရေး ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းချိန် ပေါ်ပေါက်ခဲ့ ဖူးပြီး၊ EROများအခြေစိုက်ရာ ကချင်၊ ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ် နယ်စပ်ဒေသများသည် ရန်ကုန်အပါအဝင် နိုင်ငံအနှံ့မှ ဆန္ဒပြသပိတ်မှောက်ကျောင်းသားများ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် အချက်အချာဒေသများ ဖြစ်ခဲ့ဖူးသည်။ ထိုအတွေ့အကြုံရှိဖူးသော ဗိုလ်ချုပ်ဂွန်မော်ကဲ့သို့ KIA ခေါင်းဆောင်များသာမက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်နီတပ်မတော် (KA) စသည့် ERO များလည်း အလားတူ အခြေအနေမျိုး မျှော်မှန်းနိုင်ကြပြီး၊ မျှော်လင့်သည်ထက်ပင် အရှိန်အဟုန် ပိုမိုကြီးမားမြန်ဆန်ခဲ့သည်ကို ကြုံတွေ့ခဲ့ကြရသည်။
၂၀၂၁ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးက နည်းပညာအခြေပြု ထိုးဖောက်တွေးခေါ် ကြံဆနိုင်စွမ်း မြင့်မားသော Generation Z သို့မဟုတ် Gen Z မျိုးဆက်များကြောင့် ၁၉၈၈ ခုနှစ် အခြေအနေနှင့် များစွာကွာခြားခဲ့သည်။ ERO ခေါင်းဆောင်များသည် Gen Z များ သယ်ဆောင်လာသော ထူးခြားမှုများကို တွေ့ကြုံခဲ့ကြပြီး၊ ၎င်းတို့အထဲမှ ဒရုန်းနည်းပညာ (Drone Technology) သည် အာဏာသိမ်းစစ်တပ်ကို အနိုင်ယူနိုင်ခဲ့ခြင်း မရှိသော ERO များအတွက် စစ်မြေပြင်အောင်ပွဲများကို ရရှိစေခဲ့သော အကြောင်းတရားဖြစ်လာခဲ့သည်။ Gen Z များရောက်မလာခင်အထိ ERO များသည် ဒရုန်းဖြင့် တိုက်ပွဲဝင်နိုင်သော နည်းပညာမရှိသလို၊ အသုံးပြုရကောင်းမှန်းပင် မသိရှိခဲ့ကြပါ။
၂၀၂၁ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးသည် ၁၉၈၈ ခုနှစ်ကာလနှင့် လွန်စွာကွဲပြားခြားနားသော နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ အာဏာသိမ်းစစ်တပ် မြို့ပေါ်ဆန္ဒပြပွဲများကို ထိန်းချုပ်ရန်အလုပ်များနေစဉ် အချိန်တို အတွင်း မြို့ပြပြောက်ကျားစစ်ဆင်ရေး ဖော်ဆောင်မှုများကို အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ မြို့ပြပြောက်ကျားစစ်ရေးကို Gen Z များသည် ရန်ကုန်နှင့် မန္တလေးကဲ့သို့ အဓိကမြို့ကြီးများအထိ ဆင်နွှဲ နိုင်မှုများကြောင့် အာဏာသိမ်းစစ်တပ်သည် ယခင်က မကြုံဖူးသောအခြေအနေကို ကြုံတွေ့ခဲ့ရပြီး အကြီးအကျယ် အခက်ကြုံခဲ့သည်။
နယ်စပ်ဒေသ တောတောင်တွေထဲ လပေါင်းများစွာ လေ့ကျင့်၊ ဖွဲ့စည်း၊ လက်နက်စုဆောင်း၊ တပ်တည်ဆောက်မှု လုပ်ငန်းများပြီးမြောက်မှ မြို့ပြစစ်ဆင်ရေးဖော်ဆောင်မည်ဆိုသော သမရိုးကျအတွေးအခေါ်မှ ခွဲထွက်သော Gen Z များ၏ စွန့်လွှတ်စွန့်စားသောလုပ်ရပ်ကို စစ်ရည်စစ်သွေး ‘ဝ’ နေသော ERO စစ်ခေါင်းဆောင်များ မည်သည့်အခါကမျှ စိတ်ကူးခဲ့ကြလိမ့်မည် မဟုတ်ပါ။
ရင်းနှီးပေးဆပ်မှု အလွန်ကြီးမားခဲ့သော မြို့ပြပြောက်ကျား စစ်ဆင်ရေးများသည် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲပြီး၊ အာဏာသိမ်းစစ်တပ် မတည်မငြိမ်ဖြစ်အောင် ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့သည်။ ထိုကဲ့သို့ စွန့်စားခဲ့ကြသူ များအထဲ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုနှင့် ကိုဖြိုးဇေယျာသော်တို့ကဲ့သို့ အစားထိုး မရသည့် မြန်မာပြည်သူများ၏ မျိုးဆက်သစ် “အာဇာနည်” ခေါင်းဆောင်များ ဆုံးရှုံးခဲ့ရသလို၊ လူမသိသော သူရဲကောင်းလူငယ် အများအပြား အသက်ပေးဆပ်ခဲ့ကြရသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော် နိုင်ငံအနှံ့ လူထုဆန္ဒပြပွဲများအား နှိမ်နင်းရန် အလုပ်များနေသော အာဏာသိမ်း စစ်တပ်ကို အချိန်မပေး အချိန်မစွဲသော Gen Z များ၏ လက်နက်ကိုင်တော်လှန်ရေးသည် လေးညှို့မှ ပစ်လွှတ်သော “မြားတစ်စင်း” ကဲ့သို့ တာထွက်အရှိန် အားကောင်းခဲ့ပြီး၊ ၎င်းတို့၏ စွန့်လွှတ်စွန့်စားမှုများအပေါ် အခြေတည်ပြီး နောက်ပိုင်းပေါ်ထွက်လာသော ERO များကိုယ်တိုင်ဦးဆောင်သည့် ထိုးစစ်များကြောင့် သမိုင်းတွင်မကြုံခဲ့ဖူးသော နိုင်ငံအနှံ့ စစ်ရှုံးနိမ့်ခြင်းကို အာဏာသိမ်းစစ်တပ် ကြုံတွေ့ခဲ့ရသည်။ ယနေ့အချိန်ထိ Gen Z များကြောင့် စူးစိုက် နစ်ဝင်နေသော “မြား” ကို ဆွဲနုတ်နိုင်ခြင်း မရှိသေးသော ဒဏ်ရာရ သားရဲတစ်ကောင်ကဲ့သို့ နိုင်ငံကို အုပ်ချုပ်နိုင်စွမ်း မရှိသေးပါ။
၁၉၈၈ ခုနှစ် တောခိုကျောင်းသားများ၏ သမာရိုးကျအတွေးအခေါ်မှ ဖောက်ထွက်ပြီး၊ အာဏာသိမ်း စစ်တပ်ကို အချိန်မဆွဲ အချိန်မဆိုင်း နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် တော်လှန်ရင်းလေ့ကျင့်၊ ရန်သူလက်နက် ကိုယ့်လက်နက် ဖြစ်လာရန် အသက်ပေါင်းများစွာရင်းနှီးပြီး၊ တပ်တည်ဆောက်မှုကို တပြိုင်နက်တည်း လုပ်ဆောင်နိုင်ခဲ့ခြင်းသည် ၂၀၂၁ ခုနှစ် လက်နက်ကိုင်တော်လှန်ရေး၏ အပြောင်မြောက်ဆုံး ကြိုးပမ်းအားထုတ်နိုင်မှုဟု သုံးသပ်တွေ့ရှိရသည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိခဲ့ခြင်း၏ နောက်ကွယ်တွင် ERO များ၏ တည်ဆောက်ထားပြီးသား တော်လှန်ရေး အခြေခံအဆောက်အဦများ အသင့်ရှိနေခြင်းက အငြင်းပွားစရာမရှိသော သမိုင်းမှတ်တမ်း ဖြစ်သည်။
ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေး၏ ခရီးအစ မြို့ပြပြောက်ကျားစစ်ဆင်ရေးများ ဆင်နွှဲနိုင်ခဲ့ပြီး တော်လှန်ရေး တာထွက်အရှိန်အဟုန် ကောင်းမွန်ခဲ့ခြင်းနှင့် EROများ၏ အရင်းအမြစ်များဖြင့် PDF များ တပ်တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် စစ်တပ်သည် အာဏာသိမ်းနိုင်ခဲ့သော်လည်း တိုင်းပြည်ကို မအုပ်ချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
ရလဒ်အနေဖြင့် အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာမှ အသိအမှတ်မပြုခြင်းနှင့် ပြည်သူများကိုယ်တိုင် ပါဝင်သော လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်လုပ်ရပ်အဖြစ် အာဏာသိမ်းစစ်တပ် ဝါဒဖြန့်သကဲ့သို့ မသတ်မှတ်ခဲ့ကြဘဲ၊ “မြန်မာပြည်သူများ၏ဆန္ဒနှင့်အညီ ထောက်ခံရပ်တည် သွားမည်” ဆိုသော ပါးနပ်လိမ္မာသော သံတမန်ရေး ရပ်တည်ချက်ဖြင့် မြန်မာ့အခြေအနေကို စောင့်ကြည့်လေ့လာခဲ့ကြသည်။
ပူးပေါင်းစစ်ဆင်ရေးများ ဆင်နွှဲနိုင်ခြင်းကြောင့် အာဏာသိမ်းစစ်တပ် ပြိုလဲလာခြင်း
အာဏာသိမ်းစစ်တပ်သည် နိုင်ငံတစ်ခု၏ ကာကွယ်ရေးတပ်ဖွဲ့အဖြစ် နိုင်ငံဘဏ္ဍာငွေများကို စိတ်ကြိုက်သုံးစွဲပြီး ကြည်း၊ ရေ၊ လေ လက်နက်ကိုင်တပ်ဖွဲ့များကို အရင်းအမြစ်ပြည့်စုံစွာ တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုစစ်တပ် ၏ ရှေ့တန်း စစ်စခန်းများ၊ နောက်တန်း တပ်ရင်းဌာနချုပ်များ၊ စစ်ဗျူဟာဌာနချုပ်များနှင့် မြို့များကို သိမ်းပိုက်နိုင် ရေး ဆိုသည့်အချက်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီက မည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကမျှ စဉ်းစားခဲ့ကြလိမ့်မည် မဟုတ်ပါ။ ထိုကဲ့သို့ စဉ်းစားမှုမျိုးကို စိတ်ကူးယဉ်မှုအဖြစ်သာ ရှုမြင်ကြပေလိမ့်မည်။
သို့သော် စစ်အာဏာသိမ်းမှုကို ဝေးလံခေါင်ဖျားသော ချင်းတောင်တန်းများမှ ‘ဗမာ’ တိုင်းရင်းသားများ၏ ဗဟိုချက် နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသော “အညာဒေသ” အထိ ရရာလက်နက်စွဲကိုင်ပြီး၊ ပြည်သူတရပ်လုံး တော်လှန် အုံကြွလာသည့်အခါ အာဏာသိမ်းစစ်တပ် မျှော်လင့်ထားခဲ့ပုံမရပါ။ ထိုအခြေအနေတွင် လက်နက်အင်အား မည်မျှ တောင့်တင်းသော်လည်း၊ စစ်သည်အင်အား အကန့်အသတ်သာရှိသော အာဏာသိမ်းစစ်တပ်၏ ရှေ့တန်းစစ်စခန်းများသည် ၎င်းတို့ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူများ၏ လက်နက်ဆွဲကိုင် တော်လှန်မှုကို ရင်ဆိုင်ရသောအခါ အလိုအလျှောက် ရန်သူပတ်ပတ်လည်ဝိုင်းခံရသော အခြေအနေကို ရောက်ရှိခဲ့သည်။
ထိုအခြေအနေကို ကောင်းစွာအကဲခတ်နေပြီး၊ အခြားတစ်ဖက်တွင် PDF များကို သိုသိပ်စွာ လေ့ကျင့်လက်နက် တပ်ဆင်နေသော မြောက်ပိုင်းညီနောင်များဖြစ်သည့် ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်ကို လျင်မြန်သော အရှိန်အဟုန်ဖြင့် “၁၀၂၇ စစ်ဆင်ရေး” နေရာအနှံ့မှ ပူးပေါင်းထိုးစစ်ဆင်ခဲ့ရာ အာဏာသိမ်းစစ်တပ်၏ ရှေ့တန်းစစ်စခန်းများသာမက နောက်တန်းအခြေစိုက်တပ်ရင်းများ၊ စစ်ဗျူဟာများနှင့် တိုင်းစစ်ဌာနချုပ်များ ကျဆုံးခဲ့သည်။ ထိုအခါ ယခင်က စိတ်ကူးယဉ်မှုဟုသာ ထင်ခဲ့သောအရာများ လက်တွေ့ဖြစ်လာခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” ကို ရှမ်းမြောက်မှ စတင်ခဲ့သော်လည်း အာဏာသိမ်းစစ်တပ်အပေါ် ထိုးစစ်များသည် လှိုင်းလုံးများကဲ့သို့ ကချင်၊ ကရင်နီ၊ ချင်း၊ ရခိုင် နှင့် အညာဒေသတခွင်အထိ ကျယ်ပြန့်စွာ ရိုက်ခတ်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် တစ်နှစ်လုံး စစ်တပ်သည် စစ်ရှုံးနိမ့်ခြင်းကို အကြီးအကျယ် ရင်ဆိုင်ခဲ့ရသည်။ ရှမ်း- မန်းစစ်ဆင်ရေးသည် ရှမ်းမြောက်မှ မန္တလေးတိုင်းထဲထိ ထိုးဖောက်ဝင်ရောက်လာပြီး၊ နိုင်ငံ၏ဒုတိယမြို့တော် မန္တလေးမြို့နှင့် မိုင် ၂၀ အကွာခန့်ထိ ရောက်ရှိခဲ့သည်။ စစ်တပ်မြို့တော် ပြင်ဦးလွင်နယ်စပ်သို့ ရောက်လာသော စစ်ဆင်ရေးသည် နောင်ချိုမြို့သိမ်းနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။
ရှမ်းမြောက်အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နှင့် ရခိုင်စစ်မျက်နှာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်များ ဆင့်ကဲကျဆုံးပြီးနောက် အာဏာသိမ်းစစ်တပ်ပြိုကျနေပြီဟု နိုင်ငံတကာစစ်ရေးသုံးသပ်သူများက စတင်မှတ်ချက် ပြုလာကြသည်။ သမိုင်းတွင် မကြုံဖူးသော စစ်ရှုံးနိမ့်ခြင်းကို ရင်ဆိုင်ခဲ့ရသည့် အာဏာသိမ်းစစ်တပ်သည် “၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်တိုက်ခိုက်နေသော မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ကြားဝင်ကူညီ ပေးရန် တရုတ်နိုင်ငံကို အရေးပေါ်အကူအညီ တောင်းခံခဲ့ပြီး၊ ဆွေးနွေးပွဲများ ပေါ်ပေါက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွား အမြောက်အများရှိနေသော တရုတ်နိုင်ငံသည် စစ်တပ်ပြိုလဲ နိုင်ခြေ မြင့်မားလာမှုအပေါ် စိုးရိမ်မှု အမြင့်မာဆုံးအထိ ရောက်ရှိခဲ့ပြီး၊ တော်လှန်ရေးထိုးစစ်များကို ဟန့်တားရန် မြန်မာ့ပြည်တွင်းရေးတွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုများကို စတင်မြင်တွေ့လာရသည်။ ထိုအချိန်မှစ၍ ရှမ်းမြောက် စစ်မျက်နှာတွင် စစ်ရှိန် သိသိသာသာလျော့ကျသွားခဲ့ပြီး၊ ယင်းသည် တော်လှန်ရေး စစ်ဦးချိုးခံလိုက်ရ ခြင်း၏ အစ ဖြစ်လာသည်။
ထိန်းချုပ်နယ်မြေများ ရရှိလာခြင်းနှင့် နယ်မြေတည်ဆောက်ခြင်း
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကို တော်လှန်ခဲ့သည့် သမိုင်းတစ်လျှောက် ERO များသည် နိုင်ငံ၏ နယ်စပ်ဒေသများတွင်သာ ထိန်းချုပ်နယ်မြေများ တည်ဆောက်ခြေကုပ်ယူ ရပ်တည်ခဲ့ကြရသည်။ စစ်တပ်၏ နောက်တန်းတပ်ရင်းဌာနချုပ်များကို မဆိုထားနှင့် ရှေ့တန်းစခန်းများကိုပင် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါ။ အကယ်၍ သိမ်းပိုက်နိုင်ခဲ့ပါကလည်း ယာယီမျှသာ ဖြစ်ပြီး၊ စစ်တပ်၏ တန်ပြန်ထိုးစစ်များကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြရသည့် အတွေ့အကြုံများသာ ရှိခဲ့ကြသည်။
ထိုအခြေအနေမှ “၁၀၂၇ စစ်ဆင်ရေး” စတင်သည့်အခါ ရှမ်းမြောက်မှ ရှေ့တန်းစခန်းများ၊ နောက်တန်းအခြေစိုက် တပ်ရင်းဌာနချုပ်များ၊ စစ်ဗျူဟာအခြေချဌာနချုပ်များကို လပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းက ERO ခေါင်းဆောင်များကိုယ်တိုင်ပင် ဤမျှ မြန်မြန်ဆန်ဆန်နှင့် အလွယ်တကူ အောင်ပွဲခံနိုင်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါ။ စင်စစ် ထိုအချိန်တွင် နိုင်ငံအနှံ့မှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို နှစ်နှစ်ခွဲကျော်ရင်ဆိုင်နေရသော စစ်တပ်သည် စစ်သည်အင်အားပြုန်းတီးနေခြင်းနှင့် စစ်ကူမပို့နိုင်ခြင်းတို့ကြောင့် စစ်ရှုံးခဲ့ရခြင်းဖြစ်သည်။ အချို့နေရာများတွင် စစ်သည်အင်အားပြုန်းတီးမခံတော့ဘဲ စခန်းအများအပြားကို ဆုတ်ပေးလိုက်ကြခြင်း၊ လက်နက်ချအညံ့ခံလိုက်ခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။
သိမ်းပိုက်နယ်မြေများ ကျယ်ပြန့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်များသည် ထိုနယ်မြေများကို ပြန်လည် လက်လွှတ်ဆုံးရှုံးရခြင်းမရှိစေရန် နယ်မြေတည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လာရသည်။ ဤတွင် တစ်ချိန်က ထိုးစစ်သက်သက်အတွက် အင်အားအလုံးအရင်း အသုံးပြုနိုင်သော တော်လှန်ရေးတပ်များသည် ခံစစ်စခန်းများ တည်ဆောက်ပြီး၊ စစ်သည်အင်အား ဖြန့်ကြက်ထားရခြင်းများကြောင့် နယ်မြေသိမ်း၊ မြို့သိမ်းစစ်ဆင်ရေးကို မည်မျှအတိုင်းအတာထိ လုပ်ဆောင်နိုင်မည်နည်း ဆိုသည့် အင်အားအကန့်အသတ်နှင့် စတင်ကြုံတွေ့ရပုံရသည်။
ထိုအချိန်က MNDAA နှင့် TNLA သည် ကိုးကန့်ဒေသနှင့် တအာင်းဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ရုံမျှမက ၎င်းတို့ ဒေသအပြင်ဘက်ထိ နယ်မြေအတော်များများကို တိုးချဲ့သိမ်းပိုက်ထားနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချက်က မြောက်ပိုင်းညီနောင်သုံးဖွဲ့ ခေါင်းဆောင်များကို စိန်ခေါ်ခဲ့သော မေးခွန်းတစ်ခု ပေါ်ပေါက်လာ သည်။ ၎င်းတို့လူမျိုးများ အခြေပြုသည့် နယ်မြေဒေသကိုသာ အာဏာသိမ်းစစ်တပ်လက်အောက်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ရည်မှန်းချက်အတွက် တိုက်ပွဲဝင်မည်လား။ သို့တည်းမဟုတ် ပြည်သူတရပ်လုံး လိုလားတောင့်တသော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအထိ တိုက်ပွဲဝင်မည်လားဆိုသည့် မေးခွန်းတစ်စုံ ဖြစ်သည်။
ပထမမေးခွန်းအတွက်ဆိုလျှင် ထိုးစစ်များရပ်တန့်ရန် အချိန်ဖြစ်သည်။ ဒုတိယမေးခွန်အတွက်ဆိုလျှင် ရှေ့ဆက် ရမည့်ခရီးအတွက် လူအင်အားနှင့် အရင်းအမြစ်များစွာလိုအပ်မည်ကို ထိုခေါင်းဆောင်များ ကောင်းစွာသိရှိပြီး ဖြစ်သည်။ ထိုအချိန် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ရေးကို လက်ခံလိုက်လျှင်၊ စစ်ပန်းနေသော တပ်ဖွဲ့များကို အနားပေးနိုင်ခြင်း၊ ထိုကာလ စစ်အင်အားပြန်လည်ဖြည့်တင်းတည်ဆောက်နိုင်ခြင်း၊ စစ်စရိတ်ကြောင့် ပြုန်းတီးသွားသော ငွေကြေးရင်းမြစ်များများ ပြန်လည်ရှာဖွေနိုင်ခြင်းစသည့် အကြောင်းရင်းများက အပစ်အခတ်ရပ်စဲရေး ကို ဦးတည်ခဲ့ဟန်တူသည်။
မည်သည့်လမ်းကို ရွေးသည်ဖြစ်စေ အာဏာသိမ်းစစ်တပ်သည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရန် လုပ်ဆောင်လိမ့်မည်မှာ သေချာသည်။ နိုင်ငံအနှံ့ စစ်သားသစ်စုဆောင်းရေးကို စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန် ပြီး၊ စစ်အင်အားဖြည့်တင်းမှုများကို အချိန်တိုအတွင်း အပြင်းအထန်လုပ်ဆောင်နေခြင်းက သက်သေပင် ဖြစ်သည်။ ထို့ကြောင့် ERO များသည် ၎င်းတို့၏ တိုင်းရင်းသားနယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရည်မှန်းချက်နှင့် တိုက်ရိုက်အချိုးကျနေပြီး၊ လက်ရှိသိမ်းပိုက်ထားနိုင်သော နယ်မြေများ၏ လုံခြုံရေးအာမခံချက်သည် စစ်တပ်၏ တန်ပြန်ထိုးစစ်များ ရောက်မလာမီအချိန်အထိသာ ရှိနိုင်သည်။ TNLA သိမ်းပိုက်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များ ထိုနည်းအတိုင်း ကြုံခဲ့ရသည်။
လွတ်မြောက်ဒေသများရှိ ပြည်သူလူထုအကြား အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခြင်း
ERO များသည် စစ်ဆင်ရေးစတင်ချိန်က အာဏာသိမ်းစစ်တပ် စစ်စခန်းများကိုသာ ပစ်မှတ်ထား ထိုးစစ်ဆင်ခဲ့ရပြီး၊ သိမ်းပိုက်နယ်မြေအများအပြား ရရှိလာချိန်တွင် ထိုနယ်မြေများနှင့်အတူ ဒေသခံပြည်သူများကိုပါ ရရှိလိုက်ခြင်းဖြစ်၍ မလွှဲမရှောင်သာ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်လာကြရသည်။
MNDAA နှင့် TNLA တို့သည် ရှမ်းမြောက်တွင် ၎င်းတို့လူမျိုးများအခြေချနေထိုင်ရာ ကိုးကန့်နှင့် တအာင်းဒေသ အပြင်ဘက် ကျယ်ပြန့်သော နယ်မြေများရရှိခဲ့ကြပြီး၊ လူမျိုးမတူသော အခြားတိုင်းရင်းသားပြည်သူများ နေထိုင်ရာ ဒေသများကိုပါ သိမ်းပိုက်ထိန်းချုပ်လာနိုင်ခဲ့ကြသည်။ တိုင်းရင်းသားပေါင်းစုံ ပြည်သူများအပေါ် အုပ်ချုပ်ရေး အတွေ့အကြုံမရှိသော ERO ခေါင်းဆောင်များသည် သိမ်းပိုက်နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ရပ်ရွာရှိ ဒေသခံပြည်သူများ ယုံကြည်အားကိုးထိုက်သူများအား တာဝန်ပေးဖွဲ့စည်း လုပ်ဆောင်စေခြင်းထက် အာဏာသိမ်းစစ်တပ်၏ စစ်အုပ်ချုပ်ရေးနေရာတွင် နောက်ထပ် စစ်အုပ်ချုပ်ရေးတစ်မျိုးကို အစားထိုးသကဲ့သို့ အုပ်ချုပ်ခဲ့ကြသည်။
ထို့အပြင် တော်လှန်ရေးအတွက် ကုန်ကျခဲ့သော စစ်စရိတ်များနှင့် တော်လှန်ရေးတပ်များ တပ်တည်ဆောက်ရာ တွင် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် အကြောင်းပြချက်များဖြင့် သိမ်းပိုက်ရရှိသောနယ်မြေများရှိ စီးပွားရေး လုပ်ငန်းများမှ အခွန်ကောက်ခံခြင်း၊ ပြည်သူများ နေ့စဉ်အသုံးပြုနေရသော လမ်းများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်ပြီး အခွန်ကောက်ခံခြင်း၊ ဒေသတွင်းထွက်ရှိသော သယံဇာတများကို အချိန်တိုအတွင်း စီးပွားဖြစ်ထုတ်ယူ ရောင်းချကြခြင်း စသည့်တို့ကို လုပ်ဆောင်လာကြသည်။
ဒေသခံ ပြည်သူများသည် အာဏာသိမ်းစစ်တပ်လက်အောက်မှ လွတ်မြောက်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး၊ တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုခဲ့ကြသည်။ စစ်တလင်းပြင်ဖြစ်ခဲ့သော ၎င်းတို့၏ မြို့ရွာများ၊ အပျက်အစီးပုံများကြားမှ အသက်ရှင်သန်ရုန်းကန်ရင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အကာအကွယ်ပေးမှု အောက်တွင် ၎င်းတို့၏ ဘဝပြန်လည်ထူထောင်ရေး လုပ်နိုင်မည်လားဟု မျှော်လင့်ခဲ့နိုင်ပြီး၊ အလွန်သဘာဝကျသော မျှော်လင့်ချက် ဖြစ်ပါသည်။ သို့သော် လက်တွေ့တွင် ထိုမျှလောက် မရိုးရှင်းလှဘဲ၊ တစ်ဖက်တွင် အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများအောက် ကျီးလန့်စာစား နေထိုင်ကြရပြီး၊ အခြားတစ်ဖက်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ လုံခြုံရေးအကြောင်းပြ ကန့်သတ်ချုပ်ချယ်မှုများအကြား ဘဝရှင်သန်ရေးသည် ခက်ခဲကြမ်းတမ်းလှသည်။
မည်သို့ပင်ဆိုစေ ပြည်သူ့မေတ္တာ၊ ပြည်သူ့ထောက်ခံမှုက ဤတော်လှန်ရေး၏ အသက်သွေးကြောဖြစ်ပြီး၊ ထိုအချက်ကို တော်လှန်ရေးတပ်ဖွဲ့များ နှလုံးသွင်းမှု အားနည်းခဲ့သည်။ ဥပမာ ခေါင်းဆောင်များ၏ အမြင်ကျဉ်းမြောင်းမှုလား သို့မဟုတ် အောက်ခြေတပ်ရင်းတပ်ဖွဲ့များ၏ စည်းကမ်းအားနည်းချက်ကြောင့်လား တအာင်းနှင့် ရှမ်း၊ တအာင်းနှင့် ကချင်၊ တအာင်းနှင့် ကိုးကန့် ပဋိပက္ခများက တော်လှန်ရေးအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုကြီးခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များ အင်အားတောင့်တင်းခိုင်မာရေး အရင်းအမြစ်များ ရှာဖွေစုဆောင်းခြင်း
လက်နက်ကိုင်တော်လှန်ရေးတိုင်း ကုန်ကျစရိတ် ကြီးမားပြီး၊ ငွေကြေးရင်းမြစ်မရှိဘဲ ဆင်နွှဲ၍မရနိုင်ပါ။ ဤနေရာ တွင် လွန်ခဲ့သော ငါးနှစ်လုံးလုံး ပြည်တွင်းနှင့် ကမ္ဘာအနှံ့သို့ ရောက်ရှိနေသော နိုင်ငံသားများသည် စစ်အာဏာရှင် အဆက်ဆက်၏ ပြည်သူအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ရက်စက်ဖိနှိပ်အုပ်ချုပ်မှုဒဏ်ကို ခါးစည်းခံစားခဲ့ရခြင်းမှ ထွက်ပေါ်လာသော မုန်းတီးမှု၊ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ဆိုး လုံးဝအမြစ်ဖြတ်ချုပ်ငြိမ်းရေး လိုလားသော ဆန္ဒပြင်းပြမှုများမှ ဖြစ်ပေါ်လာသော တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်မှုမှတ်တမ်းသည် မြန်မာသမိုင်းတစ်လျှောက် မကြုံတွေ့ခဲ့ဖူးသော အရေးပါသည့် သမိုင်းဖြစ်စဉ်တစ်ခု ဖြစ်သည်။
ခေတ်ဝန်ကိုထမ်းလိုသော နိုင်ငံတကာရောက် ပြည်သူများ၏ ထက်သန်သောစိတ်ဓာတ်ဖြင့် ၎င်းတို့၏လုပ်အားခ ချွေးနှဲစာများမှ ငွေကြေးပံ့ပိုးမှုမရှိဘဲ ယနေ့မြင်တွေ့နေရသော လက်နက်ကိုင်တော်လှန်ရေး အခြေအနေမျိုး ရောက်ရှိလာမည် မဟုတ်ပါ။ ထို့ကြောင့် ၂၀၂၁ ခုနှစ် တော်လှန်ရေးသည် “ပြည်သူ့တော်လှန်ရေးစစ်စစ်” ဖြစ်သည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအထဲ တိုင်းရင်းသားပေါင်းစုံဖြစ်သည်နှင့်အညီ ကချင်က ကချင်တော်လှန်ရေး အဖွဲ့များ၊ ချင်းက ချင်းတော်လှန်ရေးအဖွဲ့များ၊ ကရင်နီက ကရင်နီတော်လှန်ရေးအဖွဲ့များ၊ ရခိုင်က ရခိုင်တော်လှန် ရေးအဖွဲ့များနှင့် အညာသားများက အညာဒေသ တော်လှန်ရေးအဖွဲ့များကို တိုက်ရိုက်ထောက်ပံ့ခဲ့ကြသလို၊ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးမျက်နှာစာတွင် ဦးဆောင်တိုက်ပွဲဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏လက်အောက်ခံ PDF တပ်ရင်းများကို ထောက်ပံ့ကြသည်မှာလည်း မနည်းလှပါ။
သို့ရာတွင် စစ်စရိတ်က ကြီးမြင့်လှသဖြင့် တော်လှန်ရေးတပ်ဖွဲ့တိုင်းသည် ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ထွက်ရှိ သော သယံဇာတရင်းမြစ်များကို ထုတ်ယူစီးပွားရှာကြသော စီးပွားရေးလုပ်ငန်းများမှ အခွန်အခများ ရှာဖွေ၍ စစ်စရိတ် ရှာဖွေသုံးစွဲမှုများ ရှိလာသည်။ ဤနေရာတွင် တော်လှန်ရေးကာလ ကြာရှည်လာသည်နှင့်အမျှ ဒေသအလိုက် ဖွဲ့စည်းထားကြသော တော်လှန်ရေးတပ်ဖွဲ့များသည် ထိုဒေသ၏အာဏာပိုင်များသဖွယ် ဖြစ်လာပြီး၊ ကိုယ်ကျိုးရှာဖွေမှုများနှင့် လက်နက်ကိုင်ထားခြင်းအပေါ် အခွင့်အရေးယူ၍ အာဏာပြခြင်း၊ အာဏာအလွဲသုံးစား ပြုခြင်းများရှိ လာခဲ့သည်။ တချို့ တော်လှန်ရေးတပ်ဖွဲ့များအကြား တပ်ဖွဲ့ရန်ပုံငွေများ အဂတိလိုက်စားမှုသတင်းများ ပြည်သူများအကြား စတင်ကြားသိလာရသည်။
ထိုအချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က အခွင့်ကောင်းယူပြီး တော်လှန်ရေးတပ်ဖွဲ့များသည် စီးပွားရေး လုပ်ချင်၍ လက်နက်ကိုင်တိုက်ခိုက်နေကြခြင်းဖြစ်သည်ဟု ဝါဒဖြန့်ပုံဖျက် တိုက်ခိုက်လာပါသည်။ နေ့စဉ် ပြည်သူ အခွန်ဘဏ္ဍာများကို သုံးစွဲပြီး စစ်တပ်က ပြည်သူများအပေါ် ဗုံးမိုးရွာချနေခြင်းကို ဖုံးကွယ်ထားပြီး၊ ထိုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များအပေါ် ဝါဒဖြန့်တိုက်ခိုက်မှုများပြုလုပ်နေသလို၊ တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲ တံခါးဖွင့်ထားပါသည်ဟု ပြောဆိုနေခြင်းက စစ်အုပ်စု၏ အစဉ်အဆက်ကျင့်သုံးနေကျ နည်းလမ်းမျှသာ ဖြစ်သည်။
တရုတ်အစိုးရ၏ စစ်ဦးချိုးခြင်းခံလိုက်ရသော ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေး
လက်နက်ကိုင်တော်လှန်ရေးကို အမြင့်ဆုံးအမှတ်အထိ ဆွဲတင်လိုက်သည်က “၁၀၂၇ စစ်ဆင်ရေး” ဖြစ်သည်။ ရှမ်းမြောက်တွင် အာဏာသိမ်းစစ်တပ်၏ ရှေ့တန်းစခန်းကြီးငယ်များ တဖြုတ်ဖြုတ်ကျဆုံးနေပုံက ပြည်သူများ၏ စိတ်ထဲတွင် မယုံနိုင်စရာ ဇဝေဇဝါဖြစ်ခဲ့ရပြီး၊ ဤတစ်ကြိမ် စစ်တပ်ကို အမှန်တကယ် အောင်ပွဲခံလေမလား ဆိုသည့် မျှော်လင့်ချက်များ အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သည်။ သို့သော် ထိုမျှော်လင့်ချက်များအားလုံး ကြာရှည်မခံလိုက်ပါ။
၂၀၂၄ ခုနှစ်နှောင်းပိုင်းမှစ၍ မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ နောက်ကွယ်တွင် အဓိက လက်နက်ထောက်ပံ့ရေးလမ်း ကြောင်းဖြစ်သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အား မြောက်ပိုင်းညီနောင်များကို ထောက်ပံ့ရေး ဖြတ်တောက်ရန် တရုတ်အစိုးရ စတင်ဖိအားပေးလာသည်။ တပြိုင်တည်းတွင် တရုတ်အစိုးရသည် မြောက်ပိုင်း ညီနောင်သုံးဖွဲ့နှင့် စစ်တပ်အကြား ယူနန်ပြည်နယ် ကူမင်းမြို့တွင် “ဟိုင်ဂင် အပစ်ရပ်စဲရေး သဘောတူညီချက်” ရရှိရန် ကြားဝင်စေ့စပ်ခဲ့သည်။ ယင်းသည် ရှမ်းမြောက်တွင် အဓိကကျသော MNDAA နှင့် TNLA တို့ကို စစ်ဦးချိုးရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအစ ဖြစ်ခဲ့သည်။ အာရက္ခတပ်တော် (AA) သည် ဟိုင်ဂင်သဘောတူညီချက်တွင် မပါဝင်ဘဲ ရခိုင်စစ်မျက်နှာတွင် ယနေ့အချိန်ထိ ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။
ဟိုင်ဂင်သဘောတူညီချက် ပထမပိုင်း ကျိုးပျက်သွားပြီး “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပေါ်ပေါက်လာသည့် အခါ တရုတ်အစိုးရသည် မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို တစ်ဖွဲ့ချင်း ခွဲထုတ်ဆွေးနွေးသည့် ဗျူဟာပြောင်းလာ ပါသည်။ ထိုဗျူဟာက ညီနောင်သုံးဖွဲ့ ၏ ညီညွတ်ပေါင်းစည်းထားမှု အင်အားကို ဖြိုခွဲခြင်းဖြစ်ပြီး၊ ထိုအချက်ကိုသိလျက်နှင့် ညီနောင်သုံးဖွဲ့ ခေါင်းဆောင်များသည် ခုခံနိုင်စွမ်းမရှိ ဖြစ်ခဲ့သည်။
အထူးသဖြင့် MNDAA ခေါင်းဆောင်ဖုန်တာရွှင် ယူနန်ပြည်နယ်သို့ ဆေးကုသရန် လာရောက်စဉ် တရုတ်အစိုးရက ထိန်းသိမ်းလိုက်ပြီး၊ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရန် အကျပ်ကိုင်သည့်နည်းလမ်း အောင်မြင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ MNDAA စတင် ဦးချိုးခံလိုက်ရပြီး ၂၀၂၅ ခုနှစ် ဧပြီလတွင် စစ်တပ်လက်ထဲ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို ကျည်တစ်တောင့် ဖောက်စရာမလိုဘဲ ထိုးအပ်လိုက်ရသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း သို့မဟုတ် ရှမ်း- မန်းစစ်ဆင်ရေး နောက်ပြန်လန်ကျခြင်း
လားရှိုးသဘောတူညီချက်ရရှိပြီးနောက်ပိုင်း တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် လားရှိုးမြို့တွင် အခြေစိုက်ပြီး အာဏာသိမ်းစစ်တပ်နှင့် MNDAA အကြား စေ့စပ်ညှိနှိုင်းမှုများကို ဆက်တိုက်ဖိအားပေး ပြုလုပ်လျက်ရှိသဖြင့်၊ MNDAA ထိန်းချုပ်နယ်မြေများတွင် စစ်ပွဲများရပ်တန့်သွားသည်မှာ ယနေ့ထိတိုင် ဖြစ်သည်။ စစ်တပ်သည် ထိုအခွင့်အရေးကို အသုံးချ၍ TNLA ထိန်းချုပ်နယ်မြေများကို စစ်ဦးလှည့်ပြီး လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်၍ မြေပြင်စစ်ရေးဖိအားနှင့် တရုတ်ဖိအားပေါင်းစပ်ပြီး အပစ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လာသည်။
လားရှိုးသဘောတူညီချက်သည် MNDAA နှင့် TNLA အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်သွားခဲ့သော အမှတ်လက္ခဏာ ဖြစ်လာပြီး၊ ရှမ်းမြောက်က သမိုင်းဝင် “၁၀၂၇ စစ်ဆင်ရေး” အောင်မြင်မှုများ ပြိုကွဲခြင်း၏ ‘အစ’ ဖြစ်လာသည်ကို နောက်ပိုင်းဖြစ်ရပ်များက သက်သေခံနေသည်။
တစ်ဖက်တွင် ၂၀၂၄ ခုနှစ် တစ်လျှောက်လုံး စစ်ရှုံးခဲ့သော အာဏာသိမ်းစစ်တပ်သည် အပစ်ရပ်စဲရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီး ညီနောင်အဖွဲ့များ၏ ထိုးစစ်ကို ဟန့်တားထားနိုင်ချိန်၊ အခြားတစ်ဖက်တွင် “၁၀၂၇ စစ်ဆင်ရေး” ကာလ တုန်းက အားနည်းချက်များကို ပြန်လည်ပြင်ဆင်ရန် အချိန်ရယူနိုင်ခဲ့သည်။ ရုရှားနှင့် တရုတ်တို့၏ အကူအညီဖြင့် ပြည်ပမှ ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး ဒရုန်းအမျိုးအစား အမျိုးမျိုး မှာယူတင်သွင်းခဲ့ပြီး၊ ဒရုန်းတပ်ဖွဲ့များ ဖွဲ့စည်းလေ့ကျင့် ပြင်ဆင်နေခဲ့သည်။ စစ်စခန်များနှင့် မြို့များ ကျရှုံးခဲ့ရခြင်းမှာ စစ်ကူမပို့နိုင်၍ဖြစ်ပြီး၊ စစ်အင်အား အလုံအလောက်ဖြင့် တန်ပြန်ထိုးစစ်ဆင်နိုင်ရန် စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းပြီး စစ်သားသစ် သောင်းနှင့်ချီ အချိန်တိုအတွင်း အဓမ္မ စုဆောင်းနိုင်ခဲ့သည်။
MNDAA နှင့် စစ်မျက်နှာကို တရုတ်အကူအညီဖြင့် ထိန်းထားပြီး၊ ရှမ်း- မန်းစစ်ဆင်ရေးဖြင့် TNLA ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသောမြို့များကို စေ့စပ်ညှိနှိုင်း၍မရလျှင် တန်ပြန်ထိုးစစ်ဆင်ရန် စနစ်တကျ ဗျူဟာရေးဆွဲရန်အတွက် အချိန်ရခဲ့သည်။ TNLA နှင့် စေ့စပ်ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မအောင်မြင်ဘဲ၊ နောက်ဆုံး နောင်ချိုမြို့သိမ်း တန်ပြန်ထိုးစစ်စတင်ကာ ယခင်နှင့်မတူ စစ်ကြောင်းများ ဖြန့်ခွဲစစ်ဆင်နိုင်ခဲ့ပြီး၊ စစ်တပ်၏ ဒရုန်းတပ်ဖွဲ့များ လက်စွမ်းပြနိုင်ခဲ့သည်။ လေကြောင်းဗုံးကြဲမှုများက ပစ်မှတ်ကို ပို၍တိကျစွာ ဗုံးကြဲနိုင်လာခြင်းသည် အဆင့်မြင့်ထောက်လှမ်းရေးဒရုန်းများကို ကောင်းစွာအသုံးချလာနိုင်ခြင်းကြောင့် ဖြစ်သည်။
နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ချိန်တွင် TNLAနှင့် PDF ပူးပေါင်းတပ်များ၏ ထောက်ပံ့ရေးလမ်းကြောင်း များကို ထိထိရောက်ရောက် ဖြတ်တောက်လာနိုင်သည်။ အထူးသဖြင့် ကျောက်မဲနှင့် သီပေါ နှစ်မြို့သည် နောင်ချို နှင့် လာရှိုးမြို့များမှ စစ်တပ်၏ နှစ်ဖက်ညှပ်ထားမိလျက်သာ ဖြစ်ခြင်း၊ ပြင်ဦးလွင်- မိုးကုတ်နှင့် ကျောက်မဲ- မိုးကုတ် လမ်းများကို ဖြတ်တောက်ပိတ်ဆို့နိုင်ခြင်း၊ မတ္တရာနှင့် နောင်ချိုအကြား ဆည်တော်ကြီးရေလှောင်တမံကို ထိန်းချုပ်ထားသော မန္တလေး PDF များကို နှစ်ဖက်ညှပ် စစ်ဆင်လာနိုင်ခြင်းတို့ လုပ်ဆောင်လာနိုင်သည်။
နောင်ချိုမြို့ကို လက်လွှတ်ဆုံးရှုံးပြီးနောက် TNLA သည် သီပေါနှင့် ကျောက်မဲမြို့များကိုပါ ဆက်တိုက်လက်လွှတ် ဆုံးရှုံးခဲ့ရာ ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်တပ်နှင့် အပစ်ရပ်စဲ လိုက်ရသည်။ စစ်ရှုံးနိမ့်နေချိန် အပစ်ရပ်စဲခဲ့ခြင်းကြောင့် MNDAA ၏ လားရှိုးသဘောတူညီချက်နှင့်မတူဘဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို စစ်တပ်လက်ထဲ လွှဲပြောင်းရန် သဘောတူညီခဲ့ရသည်။ မိုးကုတ်၊ မိုးမိတ်မြို့များကို လွှဲပြောင်းပေးရန် TNLAနှင့် စစ်တပ်အကြား သဘောတူညီချက်ကြောင့် ရှမ်း- မန်းစစ်ဆင်ရေးတွင် TNLA ဦးဆောင်မှုဖြင့် တိုက်ပွဲဝင်ခဲ့ကြသော မန္တလေး PDF၊ မိုးကုတ်ဗျူဟာ၊ TRI ဗျူဟာ၊ ကျောက်မဲ၊ ပြင်ဦးလွင် PDF တပ်ဖွဲ့များအားလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ကြီးမားခဲ့သည်။
ဤတစ်ကြိမ်တွင် MNDAA ကဲ့သို့ပင် TNLA သည် ၎င်းနှင့်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသော PDF အဖွဲ့များကို ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှု မပြုလုပ်ရန်၊ တပ်စွဲခြင်းမပြုရန် ကန့်သတ်ချက်များ ချမှတ်လာသည်။ အကျိုးဆက်အနေဖြင့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏တန်ပြန်ထိုးစစ်ကို မန္တလေးတိုင်းထဲ ဦးလှည့်လာပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်းမြို့များကို တစ်မြို့ပြီး တစ်မြို့ ပြန်သိမ်းနိုင်ခဲ့သည်။
မဖြောင့်တန်းသော ဦးတည်လမ်းကြောင်းများ၊ ညီညွတ်ရေးပြိုကွဲခြင်းနှင့် မပြီးဆုံးသေးသော ရှုံးနိမ့်မှုများ
လွန်ခဲ့သော ငါးနှစ် လက်နက်ကိုင်တော်လှန်ရေးခရီး ခြုံ၍ကြည့်လျှင် အာဏာသိမ်းစစ်တပ်သည် တန်ပြန်ထိုးစစ်ကို အဆင့်သုံးဆင့်ခွဲ၍ ဗျူဟာချလုပ်ဆောင်ခဲ့ပြီး၊ ပထမအဆင့်တွင် MNDAA နှင့် အပစ်ရပ်စဲပြီး၊ လားရှိုးမြို့ပေါ် ရပ်ကွက်များနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည်ရရှိခဲ့သည်။ ဒုတိယအဆင့်တွင် TNLA ကို တန်ပြန် ထိုးစစ်ဆင်၍ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို အပစ်ရပ်စဲရေးသဘောတူညီချက်ဖြင့် အရယူနိုင်ခဲ့သည်။ တတိယ အဆင့်တွင် NUG လက်အောက်ခံ မန္တလေး PDF ဦးဆောင်ပြီး သိမ်းပိုက်ထားသော မန္တလေးတိုင်းထဲက မြို့များကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုကဲ့သို့ တန်ပြန်ထိုးစစ်ဆင်နိုင်ခြင်းနှင့် အောင်ပွဲခံနိုင်ခဲ့သော အဓိကအကြောင်းရင်းမှာ ရှမ်းမြောက် လက်နက်ကိုင် တပ်ဖွဲ့များအကြား မဖြောင့်တန်းသော ဦးတည်လမ်းကြောင်းများကြောင့် ညီညွတ်ရေးပြိုကွဲခြင်း ဖြစ်ပြီး၊ တရုတ်အစိုးရ၏ ဖိအားကို စုပေါင်းခုခံနိုင်စွမ်း မရှိခြင်းက ညီညွတ်ရေးပြိုကွဲခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။ ရှမ်းမြောက်တော်လှန်ရေးအဖွဲ့များအကြား ညီညွတ်ရေးပြိုကွဲမှုကြောင့် ဖြစ်ပေါ်လာသော ရှုံးနိမ့်မှုများက မပြီးဆုံးသေးဘဲ၊ ရှေ့ဆက်ကြုံတွေ့ရနိုင်ခြေများ ရှိနေပါသေးသည်။
လားရှိုးမြို့ကို ပြန်လည်ရရှိစဉ်ကတည်းက အာဏာသိမ်းစစ်တပ်သည် MNDAA သိမ်းပိုက်ထိန်းချုပ်ထားသော သိန္နီမြို့ကို လွှဲပြောင်းပေးရန် ဆက်လက်တောင်းဆိုမှုများရှိခဲ့သည်ဟု အတည်မပြုနိုင်သောသတင်းများ ထွက်ပေါ်ခဲ့သည်။ တရုတ်အစိုးရကလည်း မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်းမကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဖိအားပေး လျက်ရှိသည်။ စစ်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းများသုံး၍ စစ်တပ်နှင့် တရုတ်အစိုးရတို့ ချိန်သားကိုက် ဖိအားပေးလျက်ရှိပြီး၊ ထိုနည်းဗျူဟာကို MNDAA နှင့် TNLA တို့ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သို့သော် MNDAA သည် ယနေ့အချိန်ထိ သိန္နီမြို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်ရုံမျှမက မြို့အမည်ကိုပင် “မူပန်” ဟု ပြောင်းလဲထားသည်၊ တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားဝင်ရောက်နေခြင်းကို ထောက်ရှုခြင်းအားဖြင့် တရုတ်အစိုးရ၏ အကာအကွယ်ပေးမှုကို ရရှိနေသည်ဟု သုံးသပ်နိုင်သည်။ အကယ်၍ သိန္နီမြို့ကို ထပ်မံလက်လွှတ်ရမည်ဆိုလျှင် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော ချင်းရွှေဟော်မြို့ကိုပါ စစ်တပ်က ဆက်လက်ခြိမ်းခြောက်လာနိုင်မည် ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ဖြစ်မလာရုံမျှမက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အကြီးဆုံးမြို့ဖြစ်သည့် မူဆယ်နှင့် သိန္နီ မြို့ အကြားရှိ ကွတ်ခိုင်မြို့ကို MNDAA က လျှပ်တပြက် ထိုးစစ်ဆင်ပြီး၊ ညီနောင်မဟာမိတ် TNLA တပ်စခန်းများ ကို သိမ်းပိုက်လိုက်ချိန်တွင် လားရှိုးမြို့ပေါ်တွင် ရုံးထိုင်ပြီး လပေါင်းများစွာ အာဏာသိမ်းစစ်တပ်နှင့် MNDAA အကြား တွေ့ဆုံညှိနှိုင်းမှုများ ဆက်တိုက်ပြုလုပ်ပေးနေသော တရုတ်ကိုယ်စားလှယ်အဖွဲ့၏ ဗျူဟာကို တွေ့မြင် လာရသည်။ တရုတ်သည် မူဆယ်- မန္တလေး ကုန်သွယ်လမ်းဖွင့်နိုင်ရေး MNDAA ကို အသုံးချခဲ့သည်။ တစ်ချိန်က ညီနောင်မဟာမိတ်များအဖြစ် အခိုင်အမာလက်တွဲခဲ့ကြသော MNDAAနှင့် TNLA အကြား အပြန်အလှန် တိုက်ခိုက် လာကြသည်အထိ ညီညွတ်ရေးပြိုကွဲမှုများက အဆုံးမသတ်နိုင်ဘဲ ဆက်လက်ဖြစ်ပေါ်လာသည်။
စစ်ရေးဖြစ်စေ၊ နိုင်ငံရေးဖြစ်စေ အောင်မြင်ခြင်း၏ သော့ချက်မှာ အချိန်ကိုက် လှုပ်ရှားနိုင်မှုက အဓိကကျသည်။ ယခုလည်း တရုတ်အစိုးရသည် မြန်မာပြည်ရှိ ၎င်းတို့၏အကျိုးစီးပွားကို အချိန်ကိုက် ပြန်လည်ဖော်ထုတ်ရန် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအပြီး ဖွဲ့စည်းဖြစ်ပေါ်လာမည့် အစိုးရအသစ်သို့ အာဏာလွှဲပြောင်းမည့် အချိန်ကာလတွင် မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်းမကြီး ပြန်လည်ပွင့်စေရန် ကြိုးပမ်းလာခြင်းကို တွေ့မြင်ရသည်။
တရုတ်၏ ကျောထောက်နောက်ခံပေးမှုဖြင့် ရှမ်းမြောက်ဒေသတစ်ခွင် နယ်မြေအများဆုံး ထိန်းချုပ်ကြီးစိုးနိုင်မည့် အခွင့်အရေးနှင့် အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်လာမည့်အရေး MNDAA လက်လွတ်ခံမည် မဟုတ်ပါ။ ဤနည်းဖြင့် တရုတ်သည် နောက်ကွယ်မှ ရှမ်းမြောက်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် တဆင့်ချင်း ကြိုးပမ်းနေပြီး၊ လက်ရှိအခြေအနေသည် ၎င်းတို့၏ လိုလားချက်များအတွက် အာမခံချက် မရရှိသေးပါ။ ထို့ကြောင့် ရှေ့ဆက်ဖိအားများ ရှိလာပေလိမ့်မည်။ ထို့အတူ အာဏာသိမ်းစစ်တပ်သည် ရှမ်းမြောက်လက်နက်ကိုင်တပ်ဖွဲ့များ ရယူထားသော နယ်မြေများကို ပြန်လည်သိမ်းယူမည်မှာ မုချဖြစ်ပြီး၊ အချိန်စောင့်နေခြင်းသာ ဖြစ်သည်။
အချုပ်အားဖြင့် ခြုံငုံသုံးသပ်ရလျှင် ရှမ်းမြောက်မှ လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရည်မှန်းချက်ဖြင့် လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်ခဲ့ကြသော်လည်း၊ ၎င်းတို့၏ ဦးတည်ချက်လမ်းကြောင်းများ မဖြောင့်တန်းခဲ့ခြင်းကြောင့် စစ်ရေးရှုံးနိမ့်မှုများနှင့်အတူ ရရှိထားသော အောင်မြင်မှုများ တဖြည်းဖြည်း လက်လွှတ် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယနေ့အချိန်အထိ ရည်မှန်းချက်မပျောက်သော၊ ဦးတည်ချက်မှန်ကန်သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် AA တို့၏ စစ်ရေးဦးဆောင်မှုဖြင့် NUG လက်အောက်ခံ PDF တပ်ဖွဲ့များ နိုင်ငံအနှံ့တွင် အာဏာသိမ်းစစ်တပ်ကို စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နေဆဲ၊ အောင်နိုင်နေဆဲ ဖြစ်သည်။ ကချင်၊ ရခိုင်၊ ချင်းနှင့် အညာ စစ်မျက်နှာများတွင် တော်လှန်ရေးတပ်များ၏ စုစည်းနိုင်မှုအားကြောင့် အာဏာသိမ်းစစ်တပ် ပြန်လည်သိမ်းပိုက်နိုင်သောနယ်မြေ မရှိသေးပါ။ MNDAA နှင့် TNLA တို့သည် တော်လှန်ရေး၏ ရည်မှန်းချက်ကို ပြန်လည်မျက်နှာမူ၍ တော်လှန်ရေး အင်အားစုများနှင့် ကျောချင်းကပ်ရပ်တည် စုစည်းနိုင်မည့် အခွင့်အရေး ရှိနေသေးပြီး၊ ၎င်းတို့၏ ရွေးချယ်မှုကသာ ၎င်းတို့၏အနာဂတ်ကို အဆုံးအဖြတ်ပေး သွားမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။



