(ဆောင်းပါးရှင် သစ်လွင်သည် နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံနှင့် ဥပဒေဘာသာရပ်တို့ကို အထူးပြုလေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကပ်လျက်တည်ရှိနေသဖြင့် ခွဲခွာ၍မရသော အိမ်နီးချင်းဖြစ်နေရုံသာမက အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရှာနေသည့် တရုတ်၏ ဗျူဟာမြောက်ရည်မှန်းချက်ကြောင့် မြန်မာ့ပြည်တွင်းရေးတွင် အကျိုးစီးပွားဆိုင်ရာ ရှောင်လွှဲ၍မရသော နိုင်ငံတစ်ခု ဖြစ်လာသည်။
အာဏာသိမ်းစစ်ကောင်စီသည်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေး အဖွဲ့အစည်းများသည် တရုတ်နှင့် ဆက်ဆံရေး တည်ဆောက်ထားရသည်။ အာဏာသိမ်းကာလ မြန်မာ့နိုင်ငံရေးသည် တရုတ်၏ မူဝါဒ သဘောထားအပေါ် မူတည်၍ ယနေ့အထိ အချိုးအကွေ့ အလှည့်အပြောင်းများစွာ ဖြစ်ပေါ်လျက်ရှိနေသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံဝင်ရောက်စွက်ဖက်မှုများသည် သံတမန်ရေးအရဖြစ်စေ၊ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များ၏ နောက်ကွယ်မှဖြစ်စေ ထဲထဲဝင်ဝင် ပါဝင်လျက်ရှိနေသည်မှာလည်း ငြင်းမရသည့်အချက်ပင်ဖြစ်သည်။
အထူးသဖြင့် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာ၏ ဖိအားများအောက်တွင် စစ်ကောင်စီအပါအဝင် မြန်မာ့နိုင်ငံရေး အင်အားစုအားလုံးသည် တရုတ်၏ ထောက်ခံမှု သို့မဟုတ် သဘောထားကို ရယူရန် ကြိုးပမ်းလာကြရသည်။
ဤအခြေအနေသည် မြန်မာနိုင်ငံကို တရုတ်၏ ဩဇာခံနိုင်ငံတစ်ခုအဖြစ် ဦးတည်သွားစေခြင်းလော သို့မဟုတ် ရှုပ်ထွေးလှသည့် ပထဝီနိုင်ငံရေး ကစားကွက်တစ်ခုအတွင်း ရောက်ရှိနေသလော ဆိုသည်မှာ ဆန်းစစ်ရမည့် အချက်ပင် ဖြစ်သည်။
တရုတ်- မြန်မာ ဆက်ဆံရေးနှင့် တရုတ်လွှမ်းမိုးမှု ကြီးစိုးလာပုံ
မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက အိန္ဒိယ၊ ယူနန်နှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့် ကုန်သွယ်ရေးစင်္ကြံလမ်းတစ်ခု ဖြစ်ခဲ့ပြီး၊ အင်ပါယာချင်း ပြိုင်ဆိုင်မှုနှင့် နယ်ခြားဒေသ ဆက်နွှယ်မှုများကြား အရေးပါသော အခန်းကဏ္ဍတွင် ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း “မြန်မာ့လမ်းမကြီး” (Burma Road) သည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် “အသက်သွေးကြော” ဖြစ်လာခဲ့သည်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်၏ အမျိုးသားရေးတိုက်ပွဲဦးဆောင်မှုများဖြင့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ပြီး ထိုကာလ ဦးနု ဦးဆောင်သော ဖဆပလ အစိုးရသည် ကြားနေနိုင်ငံခြားရေးမူဝါဒ ကျင့်သုံးသည်။
တစ်နှစ်အကြာ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့ပြီး မြန်မာနိုင်ငံသည် ဆိုရှယ်လစ်မကျင့်သုံးသော နိုင်ငံများထဲတွင် တရုတ်နိုင်ငံအား ပထမဆုံး ထောက်ခံခဲ့သော နိုင်ငံတစ်ခုဖြစ်သည်။
၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး “ဆွေမျိုးပေါက်ဖော်” (Pauk-phaw) အသွင်ဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်အား လက်ကိုင်ထားခဲ့ကြသည်။ သို့သော် ကူမင်တန်ကျူးကျော်မှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့် တရုတ်ယဉ်ကျေးမှုတော်လှန်ရေးတို့ကြောင့် ၁၉၆၀ ခုနှစ်များတွင် ဆက်ဆံရေး အဆိုးဝါးဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို အကြီးအကျယ် ထောက်ပံ့ခဲ့သည်။
၁၉၇၆ ခုနှစ်နောက်ပိုင်း တိန့်ရှောင်ဖိန် တက်လာချိန်တွင် တရုတ်သည် ပြုပြင်ပြောင်းလဲရေးနှင့် ကုန်သွယ်ရေးကို ဦးစားပေးလာသဖြင့် ပုံမှန်သံတမန်ရေးသို့ ပြန်လည်ဦးတည်ခဲ့သည်။ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ခံရချိန်တွင် တရုတ်သည် မြန်မာစစ်အစိုးရ အတွက် အဓိက ထောက်တိုင်နှင့် အကာအကွယ်ပေးသူ ဖြစ်လာခဲ့သည်။ တစ်ဖက်တွင်လည်း တရုတ်၏ မူဝါဒအပြောင်းအလဲကြောင့် ဗကပအပေါ် ပံပိုးမှုများကို ရပ်တန့်ထားရာ ဗကပ လက်အောက်ရှိ တိုင်းရင်းသား တပ်ရင်းများက ဗကပ ရုံးချုပ် အခြေစိုက်ရာ ပန်ဆန်း ဗဟိုကို အာဏာသိမ်းပိုက်လိုက်ခြင်းဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် တစ်ခန်းရပ် ချုပ်ငြိမ်းသွားခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များမှ ၂၀၀၀ ပြည့်လွန်နှစ်များအထိ ကာလတစ်လျှောက်တွင် မြန်မာစစ်အစိုးရသည် နိုင်ငံတကာ၏ ဖယ်ကြဉ်ပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရသဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ရှင်သန်ရပ်တည်ရေးအတွက် အဓိကဗဟိုချက် ဖြစ်လာခဲ့သည်။ ထိုစဉ်က တရုတ်အစိုးရသည် မြန်မာစစ်အစိုးရအတွက် သံတမန်ရေးရာ အကာအကွယ်ပေးရုံသာမက၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးသည့် အဓိကကျောထောက်နောက်ခံ ဖြစ်ခဲ့သည်။ ဤသို့ဖြင့် အခြေခံအဆောက်အဦ၊ စွမ်းအင်နှင့် စစ်ရေးကဏ္ဍများတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုအရှိန်အဟုန် မြင့်တက်လာခဲ့သော်လည်း တစ်ဖက်တွင်မူ လူထု၏ မကျေနပ်မှုများ စတင်အမြစ်တွယ်လာခဲ့သည်။
တရုတ်၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် ဒေသခံပြည်သူများထက် အုပ်ချုပ်သူအထက်တန်းလွှာများကိုသာ အကျိုးပြုသည်ဟူသောအယူအဆ လူထုကြားတွင် ကျယ်ပြန့်လာခဲ့သည်။ အထူးသဖြင့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတို့သည် တရုတ်၏ အကျိုးစီးပွား၊ စစ်အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်၊ မတရားမြေသိမ်းမှု နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့အပေါ် လူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် ပြယုဂ်များ ဖြစ်လာခဲ့သည်။ ဤအချက်များကြောင့်ပင် မြန်မာပြည်သူများအကြား တရုတ်နိုင်ငံအပေါ် အယုံအကြည်ကင်းမဲ့မှုနှင့် စိုးရိမ်ပူပန်မှုများသည် ယနေ့တိုင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းကာလများသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု အရှိန်အဟုန်ဖြင့် စတင်ကြီးထွားလာသည့် အရေးပါသော အချိန်ကာလတစ်ခု ဖြစ်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်အစိုးရသည် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို နှိမ်နင်းခဲ့မှုကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု (Sanctions) များကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတကာတွင် အထီးကျန်ဖြစ်နေချိန်တွင် တရုတ်နိုင်ငံကိုသာ အဓိကအားကိုးအားထားပြုခဲ့ရသည်။
ထိုအခြေအနေကြောင့်ပင် နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန် အကျိုးစီးပွားအပေါ် အခြေခံကာ ပိုမိုခိုင်မာလာခဲ့သည်။ တရုတ်နိုင်ငံက ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာစင်မြင့်များတွင် မြန်မာစစ်အစိုးရဘက်မှ ရပ်တည်ကာကွယ်ပေးခဲ့သလို၊ မြန်မာဘက်ကလည်း တုံ့ပြန်မှုအနေဖြင့် တရုတ်နိုင်ငံကို သစ်၊ ကျောက်စိမ်းနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော အဖိုးတန်သယံဇာတများကို အကြီးအကျယ် ထုတ်ယူခွင့်ပေးခဲ့သည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်လာချိန်တွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးသည် ပြတ်စဲသွားခြင်းမျိုး မဟုတ်ဘဲ ပုံစံသစ်တစ်ခုသို့ ကူးပြောင်းသွားခဲ့သည်။ ယင်းကာလ၏ အထင်ရှားဆုံးသော အချိုးအကွေ့မှာ သမ္မတဦးသိန်းစိန်အစိုးရက “ပြည်သူ့ဆန္ဒ”အား အလေးထားသယောင် ပြသပြီး ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
ဤလုပ်ရပ်သည် မြန်မာအစိုးရအနေဖြင့် ပြည်တွင်းလူထုသဘောထားကို အခြေခံပြီး ပေကျင်းအစိုးရ၏ ဖိအားကို ပြန်လည်တွန်းလှန်နိုင်စွမ်းရှိကြောင်း ပြသသည့် သမိုင်းဝင် မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံသည် တရုတ်နှင့် လုံးဝလမ်းခွဲလိုက်ခြင်း မဟုတ်ဘဲ အနောက်နိုင်ငံများ၊ ဂျပန်တို့နှင့် ဆက်ဆံရေးတံခါးဖွင့်ရင်း တရုတ်အပေါ် အလွန်အကျွံမှီခိုနေရမှုကို လျှော့ချပြီး “ဘက်မျှအောင် ထိန်းညှိခြင်း” မူဝါဒကိုသာ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လည်း တရုတ်စီမံကိန်းများကို အကြွင်းမဲ့ ပယ်ချခြင်းထက် နိုင်ငံတော်အတွက် အကျိုးအမြတ်ရှိစေရန် ပြန်လည်ညှိနှိုင်းခြင်း (Renegotiation) ကို ပိုမိုဦးစားပေးခဲ့သည်။ ဥပမာအားဖြင့် မြန်မာ- တရုတ် စီးပွားရေးစင်္ကြံ (CMEC) တွင် လူထုစိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားရန် ကြိုးပမ်းခဲ့သလို၊ ထင်ရှားမှု ဖြစ်စဉ်အဖြစ် မြစ်ဆုံစီမံကိန်း အကန့်အသတ်မရှိ ဆိုင်းငံ့ထားချိန်တွင် အခြားသော ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွင်လည်း မြန်မာနိုင်ငံအတွက် အကြွေးဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အောင်မြင်စွာ ပြန်လည်ညှိနှိုင်းနိုင်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် ဆက်ဆံရေးအား လက်တွေ့ကျကျ (Pragmatic) နည်းလမ်းဖြင့် ကိုင်တွယ်ခဲ့သည်။ ရခိုင်ပဋိပက္ခကြောင့် အနောက်နိုင်ငံတို့၏ ဝေဖန်မှုခံရချိန်တွင် တရုတ်၏ ထောက်ခံမှုကို ပြန်လည်ရယူခဲ့ပြီး BRI (ပိုးလမ်းမစီမံကိန်း) ထဲ ပါဝင်ရေး သဘောတူ လက်မှတ်ထိုးခဲ့သည်။
တရုတ်နိုင်ငံဘက်ကလည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်ကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြီး စစ်တပ်တစ်ခုတည်းနှင့်သာမက ဒီမိုကရေစီအင်အားစုများနှင့်ပါ ထိတွေ့ဆက်ဆံမှု တိုးချဲ့ခဲ့သည်။ ထို့ကြောင့် ဤဆယ်စုနှစ်သည် မြန်မာနိုင်ငံအနေဖြင့် ပထဝီဝင်အနေအထားနှင့် ကုန်သွယ်ရေး လိုအပ်ချက်များကြောင့် တရုတ်ကို လက်တွဲမဖြုတ်ဘဲ မိမိတို့၏ အချုပ်အခြာအာဏာနှင့် ပြည်သူ့သဘောထားကို ရှေ့တန်းတင်ကာ ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် ကြိုးစားခဲ့သည့် ကာလဖြစ်သည်။
ထို့ကြောင့် တရုတ်၏ မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှု အရှိန်အဟုန်ဖြင့် အခြေချလာသည်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသည် ဒီမိုကရေစီအရေး အခင်းအကျင်းများကြောင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုနှင့် အထီးကျန်မှုများကို ရင်ဆိုင်ရချိန်မှ စတင်ခဲ့သည်။ ထိုကာလတွင် တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရအတွက် အဓိက သံတမန်ရေးနှင့် စီးပွားရေး “ထောက်တိုင်” အဖြစ် ရပ်တည်ပေးခဲ့ပြီး တုံ့ပြန်မှုအနေဖြင့် မြန်မာ့သယံဇာတများကို အကြီးအကျယ် ထုတ်ယူခွင့်နှင့် စစ်ရေး၊ စီးပွားရေးဆိုင်ရာ လက်ဝါးကြီးအုပ်မှု အခွင့်အရေးများကို ရရှိခဲ့သည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း မြစ်ဆုံစီမံကိန်း ရပ်နားမှုနှင့်အတူ “ဘက်မျှအောင် ထိန်းညှိခြင်း”ကို ကျင့်သုံးရန် ကြိုးပမ်းခဲ့ကြသော်လည်း ရခိုင်ပဋိပက္ခကဲ့သို့သော နိုင်ငံတကာ ဖိအားများကြောင့် မြန်မာနိုင်ငံသည် တရုတ်၏ ဩဇာအရိပ်အောက်သို့ ထပ်မံရောက်ရှိခဲ့ရပြန်သည်။
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း တရုတ်- မြန်မာ ဆက်ဆံရေး
၂၀၂၁ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းသောအခါ တရုတ်က ဗြောင်မထောက်ခံသလို ကန့်ကွက်ခဲ့ခြင်းလည်း မရှိပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ပေကျင်းက ဖြစ်ရပ်များကို “မှတ်သားထားကြောင်း” သာ ပြောဆိုခဲ့ပြီး “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်းမှ” ဖြေရှင်းကြရန်နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန်သာ တိုက်တွန်းခဲ့သည်။
တရုတ်က အာဏာသိမ်းမှုကို အနောက်နိုင်ငံများကဲ့သို့ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း မပြုဘဲ တည်ငြိမ်ရေးကိုသာ ရှေ့တန်းတင်ကြောင်း ဤစကားရပ်တွင် တွေ့နိုင်သည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံရှိ တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအပါအဝင် CMEC စီးပွားရေးစီမံကိန်းကြီးများကြောင့် ဤသို့ ရပ်တည်ခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် မြန်မာပြည်တွင်းရှိ အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုက တရုတ်ကို စစ်ကောင်စီနှင့် အလွန်နီးစပ်သည်ဟု မြင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ အရှိန်မြင့်လာသည်။ ရန်ကုန်ရှိ တရုတ်စက်ရုံများ တိုက်ခိုက်ခံရပြီး တရုတ်အလံများ မီးရှို့ခံခဲ့ရသည်။ တော်လှန်ရေးအင်အားစုက တရုတ်သည် စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးနေသည့် အင်အားစုအဖြစ် အစောကတည်းက သတ်မှတ်ခဲ့သည်။
ဤကဲ့သို့ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် အလံမီးရှို့ပွဲများသည် ရုတ်တရက် ပေါ်ပေါက်လာသည့် စိတ်ခံစားမှုသက်သက်မဟုတ်ဘဲ ဆယ်စုနှစ်များစွာ အမြစ်တွယ်ခဲ့သည့် တရုတ်အပေါ် မယုံကြည်မှုများ ပေါက်ကွဲထွက်လာခြင်းပင် ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် နိုင်ငံရေးထွက်ပေါက်ကို ဗြောင်ကျကျ ကူညီနေခြင်းက မြန်မာပြည်သူများအကြား ‘တရုတ်သည် မြန်မာ့ဒီမိုကရေစီရေးကို ဟန့်တားနေသူ’ ဟူသည့် အမြင်ကို ပိုမိုခိုင်မာစေလျက်ရှိသည်။
ဤ ‘တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်’ သည် နောင်ပေါ်ပေါက်လာမည့် မည်သည့်အစိုးရအတွက်မဆို တရုတ်နှင့် ဆက်ဆံရေး တည်ဆောက်ရာတွင် ကြီးမားသော ပြည်တွင်းဖိအားတစ်ခု ဖြစ်လာနိုင်ပြီး၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည်လည်း လူထု၏ လက်ခံမှုမရှိသရွေ့ ရေရှည်တည်တံ့ရန် ခဲယဉ်းနေဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် အနာဂတ် မြန်မာ- တရုတ် ဆက်ဆံရေးသည် အထက်တန်းလွှာ အုပ်ချုပ်သူများအချင်းချင်း မည်မျှပင် နီးကပ်စေကာမူ၊ အောက်ခြေလူထုအဆင့်တွင်မူ သံသယနှင့် စိမ်းကားမှုများက နှစ်နိုင်ငံ ရေရှည်တည်ငြိမ်ရေးအတွက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပေလိမ့်မည်။
၂၀၂၂-၂၀၂၃ ခုနှစ်များတွင် တရုတ်၏ ပြောဆိုချက်များသည် စစ်ကောင်စီဘက်သို့ ပိုမိုယိမ်းလာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦး ကွပ်မျက်ခံရသော်လည်း ပေကျင်းက အကျပ်အတည်းကို “ဥပဒေမူဘောင်အတွင်းမှ” ဖြေရှင်းရန်သာ ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ လက်တွေ့တွင် ဤရပ်တည်ချက်သည် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် နိုင်ငံတကာဖိအားများကို ပယ်ချရာရောက်ပြီး စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် ဆက်ဆံပေးခြင်းပင် ဖြစ်သည်။
တစ်ဖက်တွင်လည်း တရုတ်သည် NUG နှင့် တော်လှန်ရေးအင်အားစုကို လူသိရှင်ကြား အသိအမှတ်ပြုခြင်း မရှိသော်လည်း နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ်တွင်မူ ၎င်း၏ ဩဇာကို ဆက်လက်ထိန်းထားခဲ့သည်။ ၂၀၂၃ ခုနှစ် ၁၀၂၇ ပထမလှိုင်းစစ်ဆင်ရေးကာလအပြီးတွင် တရုတ်က ယူနန်ပြည်နယ်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အကြား ဆွေးနွေးမှုများဖြစ်လာစေရန် စီစဉ်ခဲ့သည်။ ဆွေးနွေးပွဲများအပြီး ယာယီ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ် ကာလသည် အကြီးမားဆုံး အချိုးအကွေ့ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ပေကျင်းအစိုးရသည် မဟာမိတ်တပ်များ၏ ထိုးစစ်ကို ချက်ချင်းတားဆီးခြင်း မပြုခဲ့ပေ။ အဓိကအကြောင်းရင်းမှာ တရုတ်နိုင်ငံသားများကို ဒုက္ခပေးနေသည့် နယ်စပ် “ကျားဖြန့်” ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီက ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ကိုးကန့်တပ် (MNDAA) နှင့် မဟာမိတ်တပ်များက စစ်ကောင်စီ၏အထင်ကရ စစ်တိုင်းတစ်ခုဖြစ်သော အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဩဂုတ်လ (၃) ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။ မြန်မာစစ်တပ် သမိုင်းတွင်လည်း ပထမဆုံးလက်လွှတ်ဆုံးရှုံးရသော တိုင်းစစ်ဌာနချုပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့စစ်ရှုံးရသည့်အကြောင်းရင်းတစ်ခုသည် တရုတ်နိုင်ငံက တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်နေခြင်းကြောင့်ဟု နိုင်ငံပိုင်မီဒီယာမှတဆင့် ဩဂုတ်လ (၅) ရက်နေ့တွင် မိန့်ခွန်းပြောစွပ်စွဲ၍ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်စေခဲ့သည်။
သို့သော် တော်လှန်ရေးဘက်က နယ်မြေသိမ်းပိုက်မှု အလွန်များလာချိန်တွင် တရုတ်၏ သဘောထား ပြောင်းလဲသွားခဲ့သည်။ စစ်တပ် လျင်မြန်စွာ ပြိုလဲမှုကို ပေကျင်းက စိုးရိမ်လာပြီး နယ်စပ်များကို ပိတ်ဆို့ခြင်း၊ တော်လှန်ရေးနယ်မြေများသို့ ကုန်ပစ္စည်းစီးဆင်းမှု ဖြတ်တောက်ခြင်းတို့ဖြင့် ထိုးစစ်များကို ဟန့်တားခဲ့သည်။ မန္တလေးကဲ့သို့ မြို့ကြီးများအထိ တိုက်ပွဲများ ကူးစက်လာပြီး NUG နှင့် နီးစပ်သည့် အင်အားစုများ အာဏာရလာမည်ကို တရုတ်က မလိုလားခဲ့ပေ။
ထို့ကြောင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျပြီး နှစ်ပတ်အကြာ ဩဂုတ်လ (၁၄) ရက်နေ့တွင် နေပြည်တော်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် အာဏာရှင်စစ်ခေါင်းဆောင်ဟောင်း သန်းရွှေနှင့်ပါ တွေ့ဆုံ၍ ရွေးကောက်ပွဲ ကျင်းပရေးနှင့် မြန်မာ့အရေးအတွက် တရုတ်ဘက်မှ ကျော်လွန်၍ မရသော စည်းသုံးစည်း ချမှတ် ဆောင်ရွက်ခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာပြည်ပြိုကွဲမည်ကို မည်သည့်နည်းနှင့်မျှ လက်မခံသည့်မူ ချမှတ်ထားရသည့်အကြောင်းမှာ တရုတ်သည် အာဏာရှင် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ အာဏာရလာသည့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလများမှစ၍ မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသာကြောင့်ဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် တရုတ်သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပရေး အစီအစဉ်အတွက် သန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် နည်းပညာအကူအညီများ ပေးမည်ဟု ကတိပြုခဲ့သည်။ နိုဝင်ဘာလတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပထမဆုံး တရုတ်ခရီးစဉ်အတွင်း တရုတ်က ၂၀၂၅ ရွေးကောက်ပွဲ အစီအစဉ်ကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။
တရုတ်၏ မူဝါဒသည် စစ်ခေါင်းဆောင်အပေါ် ကြည်ဖြူခြင်းထက်၊ စစ်တပ်ပြိုကွဲပြီးနောက် ဖြစ်ပေါ်လာမည့် မရေရာသော နိုင်ငံရေးအခင်းအကျင်းတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုထိခိုက်မည့် စိုးရိမ်မှုအပေါ် အခြေခံပြီး စစ်တပ်ကို ဆက်လက်ထိန်းမတ်ပေးထားခြင်း ဖြစ်သည်။ ဤသည်မှာ တရုတ်အနေဖြင့် စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်ကို တရားဝင်မှုပေးရန် ကူညီနေခြင်းပင် ဖြစ်သည်။
၂၀၂၅ ခုနှစ် ဧပြီလတွင် တရုတ်သည် ရှမ်းမြောက် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန် အဖွဲ့ဝင်များကို မြန်မာပြည်တွင်းသို့ စေလွှတ်ခဲ့သည်။ တရုတ်က အကြံပေးအဆင့်ထက်မက မြေပြင်ပဋိပက္ခကို တိုက်ရိုက် ကြီးကြပ်ကွပ်ကဲသူ ဖြစ်လာခြင်းပင် ဖြစ်သည်။ ထို့အပြင် ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ထိန်းသိမ်းပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသော အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုးကို စစ်တပ်သို့ ပြန်လည်လွဲပြောင်းပေးရေးအတွက် နောက်ကွယ်မှ ဖိအားများစွာပေး၍ ဆောင်ရွက်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီး “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးကို အလေးပေး ပြောဆိုခဲ့ကြသည်။ ၂၀၂၅ ခုနှစ်အကုန်တွင် ကျင်းပသည့် ရွေးကောက်ပွဲ ပထမအဆင့်ကိုလည်း တရုတ်သမ္မတ ရှီကျင့်ဖျင့်၏ သဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု တရုတ်အစိုးရထိပ်တန်းကိုယ်စားလှယ် တိန့်ရှီးကျွင်းက ပြောဆိုပြီး စစ်ကောင်စီ၏ နိုင်ငံရေးလမ်းပြမြေပုံကို ပွင့်ပွင့်လင်းလင်း ထောက်ခံပေးခဲ့သည်။
တော်လှန်ရေးဘက်တွင်မူ တရုတ်သည် ဖိအားပေးသူအဖြစ် ရပ်တည်ခဲ့သည်။ KIA က မြေရှားသတ္တုထွက်ရာ နယ်မြေများကို သိမ်းပိုက်လိုက်ချိန်တွင် တရုတ်က ဝယ်ယူမှုရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ဖိအားပေးခဲ့သည်။ ထို့အပြင် UWSA နှင့် TNLA ကဲ့သို့သော အဖွဲ့များကိုလည်း လက်နက်စီးဆင်းမှု ထိန်းချုပ်ခြင်းဖြင့် စစ်ကောင်စီကို အကျိုးပြုစေမည့် အပစ်ရပ်စဲရေးများ ဖြစ်လာအောင် ဖိအားပေးခဲ့သည်။ NUG ကမူ တရုတ်အနေဖြင့် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သည့် တွေ့ဆုံမှုများ မလုပ်ရန် လူသိရှင်ကြား တောင်းဆိုထားရာ ဆက်ဆံရေးအေးစက်နေဆဲ ဖြစ်သည်။
ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် ပိုမိုနီးကပ်လာသော TNLA ကို တဆင့်ချင်းဖိအားပေးပြီး မိုးကုတ်စသော အရေးပါသော ဗျူဟာမြောက်နယ်မြေများကို ရွေးကောက်ပွဲမတိုင်ခင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လက်လွှတ်စေခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် TNLA ကို “ကြောက်ရွံ့ကျိုးနွံ နှင့် ဆုံးမသွန်သင်သည့်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်” ဆိုသည့်စကားအတိုင်း ၂၀၂၆ ခုနှစ် မတ်လတွင် TNLA ထိန်းချုပ်ရာ ကွတ်ခိုင်မြို့တွင် တိုက်ပွဲ ဖြစ်ပေါ်စေခဲ့သည်။ တရုတ်နွယ်ဖွားလူမျိုးတူ ကိုးကန့်တပ် MNDAA ကို ညီနောင်မဟာမိတ် အချင်းချင်းကြား ကျည်ဖောက်စေကာ ကွတ်ခိုင်မြို့ကို သိမ်းပိုက်စေခဲ့သည်။
ဆက်လက်၍ တရုတ်အစိုးရသည် စစ်တပ်၏ အတုအယောင် လွှတ်တော်ခေါ်ယူကာ ပေါ်ပေါက်လာမည့် အတုအယောင်အစိုးရ မတက်ခင် မန္တလေး၊ လားရှိုး၊ မူဆယ် စသည့် တရုတ်နယ်စပ်ယူနန်သို့ ချိတ်ဆက် ထားသော၊ အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လားရှိုး- မူဆယ်လမ်းတို့ ပြန်လည်ဖွင့်နိုင်ရန် တတ်နိုင်သမျှ ကြိုးပမ်းလာခဲ့ပြီး ကိုးကန့်တပ်နှင့် စစ်တပ် ပူးပေါင်း၍ ပြည်ထောင်စုလမ်းကို မတ်လ ၁၆ ရက်နေ့တွင် ပြန်ဖွင့်စေခဲ့သည်။
ပြည်ထောင်စုလမ်းမပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဂိတ်များ ဖယ်ရှားပေးရန် ကိုးကန့်တပ်က မတ်လ ၁၇ ရက်နေ့တွင် ဆက်လက်ဖိအားပေးခဲ့သည်၊ KIA ကမူ ဂိတ်များဖိအားပေး ဖယ်ခိုင်းပါက ဗဟိုက ကိုင်တွယ်ဖြေရှင်းမည်ဟု ပြောဆိုခဲ့သည်။
ဤသည်ကို ကြည့်ပါက ရှမ်းမြောက်နိုင်ငံရေး ဖြစ်စဉ်တွင်အာဏာသိမ်း စစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါ တရုတ်၏ အလိုရပုံဖော်ခံနေရပြီး KIO/ KIA သည်သာ တရုတ်ဖိအားကို ပါးပါးနပ်နပ် တုံ့ပြန်ထားနိုင်ကြောင်း တွေ့ရသည်။
ကွတ်ခိုင်မြို့ကိစ္စတွင် TNLA က ညီနောင်တပ်များ အချင်းချင်း နယ်မြေအငြင်းပွားမှုတွင် ကြားဝင်ဖြေရှင်းပေးရန် တရုတ်အစိုးရကို စာပို့သည်။ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ကိုလည်း ဖြေရှင်းပေးရန် TNLAနှင့် MNDAA နှစ်ဖွဲ့လုံးက မတ်လ၁၆ ရက်နေ့တွင် စာပို့ အကြောင်းကြားခဲ့သည်။
သို့သော် တရုတ်က တိုက်ရိုက်ဝင်ဖြေရှင်းပေးရန် လက်ရှောင်ထားသည်။ FPNCC ကိုလည်း ညီနောင်မဟာမိတ် ပဋိပက္ခ ဖြစ်စဉ်တွင် ဝင်မပါရန် မတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ထားသည်ဟု ဧရာဝတီသတင်းဌာနမှ တင်ထားသည်ကို တွေ့ရှိရသည်။
အထူးသဖြင့် ကွတ်ခိုင်ဖြစ်ရပ်တွင် နိုင်ငံရေး လေ့လာသူ အသိုင်းအဝိုင်းဘက်မှ တအောင်းတပ်အား တိုက်ခိုက်မှုသည် တရုတ်၏ အာဂျင်ဒါဟု ပြောဆိုမှုများ ရှိသော်လည်း ကိုးကန့်တပ်မှ တအောင်းတပ်နှင့်တိုက်ပွဲဖြစ်ရခြင်း၏ နောက်ကွယ်တွင် တရုတ်မပါကြောင်း ရှမ်းမြောက်ရှိဒေသခံများနှင့် CDM ဝန်ထမ်းများအား မတ်လ ၁၈ ရက်နေ့တွင် လိုက်လံရှင်းပြမှုရှိပြီး မတ်လ ၁၉ ရက်နေ့တွင် TNLA နှင့် MNDAA တို့ အပစ်ရပ်ဖို့ သဘောတူညီချက် ရရှိခဲ့သည်။
အချုပ်အားဖြင့် မြန်မာနိုင်ငံသည် ရှေးယခင် ပဒေသရာဇ်ခေတ် ကုန်သွယ်ရေးစင်္ကြံဘဝမှသည် ယနေ့ခေတ် ပထဝီနိုင်ငံရေး အားပြိုင်မှုများအထိ တရုတ်နိုင်ငံနှင့် ခွဲခွာ၍မရသော ဆက်နွှယ်မှုများ ရှိနေခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ၏ ဖယ်ကြဉ်မှုကို ခံရချိန်မှစတင်၍ တရုတ်၏ဩဇာသည် မြန်မာ့မြေပေါ်တွင် အရှိန်အဟုန်ဖြင့် အမြစ်တွယ်ခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ ထိုဩဇာလွှမ်းမိုးမှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ယနေ့အခါတွင် စစ်ကောင်စီသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများသည်ပါ တရုတ်၏ မူဝါဒနှင့် “ဆုပေးဒဏ်ပေး” ဖိအားများကို ကျော်လွန်ရန် ခဲယဉ်းနေသည်ကို တွေ့ရသည်။
သို့သော် တရုတ်နိုင်ငံအနေဖြင့် အုပ်ချုပ်သူလူတန်းစားများနှင့်သာ နီးကပ်စွာ ဆက်ဆံပြီး ပြည်သူလူထု၏ ဆန္ဒနှင့် ဒီမိုကရေစီ မျှော်လင့်ချက်များကို မျက်ကွယ်ပြုနေမည်ဆိုပါက၊ မြန်မာပြည်သူများအကြား အမြစ်တွယ်နေသည့် “တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်” သည် နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်နေဦးမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် တရုတ်၏ ထိန်းချုပ်မှုအောက်က နိုင်ငံတစ်ခုအဖြစ် လုံးလုံးလျားလျား သက်ဆင်းသွားမည်လား သို့မဟုတ် မိမိ၏ အချုပ်အခြာအာဏာနှင့် ပြည်သူ့သဘောထားကို ရှေ့တန်းတင်ကာ ဘက်မျှသော မူဝါဒကို ပြန်လည် ထူထောင်နိုင်မည်လားဆိုသည်မှာ အနာဂတ် မြန်မာ့နိုင်ငံရေး အင်အားစုများ၏ အားထုတ်မှုနှင့် တရုတ်နိုင်ငံ၏ လက်တွေ့ကျသော မူဝါဒအပြောင်းအလဲများအပေါ်တွင်သာ မူတည်နေပေတော့သည်။



