ပြီးခဲ့သည့်၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းမြေငလျင်ကြီးဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ပြည့်လာပြီဖြစ်သော်လည်း မန္တလေးတိုင်းအတွင်းရှိ ငလျင်ဒဏ်ခံခဲ့ရသော နယ်မြို့များမှ ဒေသခံအများပြားသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများမှ ရုန်းထနေရဆဲဖြစ်ကြောင်း သိရသည်။
ထိုမြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၈၁၈ ဦးရှိခဲ့သလို လူနေအိမ်နှင့် အဆောက်အအုံပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအနက် နေပြည်တော်နှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ထိခိုက်ပျက်စီးမှုတန်ဖိုး ကျပ် ၇၉၇၉ ဘီလီယံ ကျော်(အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ) ရှိကြောင်း စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။
မြေငလျင်ဒဏ်ကြောင့် လူနေထူထပ်၍ အထပ်မြင့်အဆောက်အအုံများပြားသည့် မြို့ကြီးများပေါ်တွင် ထိခိုက်ပျက်စီးမှုများပြားသည့်နည်းတူ မန္တလေးတိုင်းအတွင်း ကျောက်ဆည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်နှင့် ရမည်းသင်း စသည့်နယ်မြို့များတွင်လည်း ထိခိုက်ပျက်စီးမှုကြီးမားခဲ့သည်။
စစ်ကိုင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး နောက်ဆက်တွဲငလျင်များလည်း မကြာခဏ လှုပ်ခတ်ခဲ့သည့် မန္တလေးတိုင်း၊ ဝမ်းတွင်မြို့ပေါ်တွင် ငွေကြေးတတ်နိုင်သူများက ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ဆောက်လုပ်လာနိုင်သော်လည်း ဆင်းရဲချို့တဲ့သူများမှာ ကူညီထောက်ပံ့မှု အနည်းငယ်ဖြင့် ဖြစ်သလိုနေထိုင်ကြရဆဲဖြစ်ကြောင်း ငလျင်ဖြစ်ပွားစဉ် ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် အမည်မဖော်လိုသူ ပရဟိတသမား အမျိုးသားတစ်ဦးက ပြောသည်။
“လုံးလုံးပြိုကျသွားပြီးတော့ ငွေကြေးမတတ်နိုင်တဲ့အိမ်တော်တော်များများတော့ ကျန်သေးတာပေါ့။ တကယ်တတ်နိုင်တဲ့သူလောက်ပဲပြင်တာလေ။ တချို့ကြတော့ ဒီအတိုင်းတွေပဲ ထားထားတာရှိသေးတယ်။ ဖြိုတာတောင်မှ ကုန်ကျစရိတ်မတတ်နိုင်လို့ အကူညီပေးရတဲ့အိမ်တွေတောင်ရှိသေးတယ်” ဟု ၎င်းက ပြောသည်။
ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများအနက် စနစ်တကျပြန်လည်ထူထောင်နိုင်သည့် နေအိမ်မှာ သုံးပုံတစ်ပုံခန့်သာရှိနိုင်ပြီး အများစုသည် ဆွေမျိုးသားချင်းနေအိမ်များနှင့် အပျက်အစီးပုံများဘေး အိမ်ငယ်လေးများဆောက်လုပ်နေထိုင်ကြရကြောင်း ၎င်းကဆိုသည်။
အချို့အိမ်ထောင်စုများသည် ငွေကြေးမတတ်နိုင်သဖြင့် ငလျင်ဒဏ်ထိထားသော နေအိမ်များကို ပြန်လည်မပြုပြင်သေးဘဲ ကြံ့ခိုင်မှုမရှိသော ထိုအိမ်များပေါ်တွင် နေထိုင်ရသူများလည်းရှိကြောင်း ၎င်းက ဆိုသည်။
စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်း ကိုးဦးသေဆုံးခဲ့ပြီး အဆောက်အအုံများပြိုကျပျက်စီးခဲ့သည့် ဝမ်းတွင်းချည်မျှင်နှင့် အထည်ချုပ်စက်ရုံကိုပင် ပြန်လည်ရှင်းလင်းဆဲအဆင့်သာဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။
နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်ခြင်းကြောင့် ထိုအိမ်များတွင် နေထိုင်သူများသည် စိတ်ပိုင်းဆိုင်ရာ စိုးထိတ်မှုများရှိနေသည်ဟု သိရသည်။

မန္တလေးမြို့တောင်ဘက် မိုင် ၃၀ အကွာရှိ ကျောက်ဆည်မြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ကြီးကြီးမားမား ထိခိုက်ခဲ့သော တိုက်တာအဆောက်အအုံကြီးအချို့ကို ပြန်လည်မပြင်ဆင်နိုင်သော်လည်း အိမ်ငယ်များ၊ ဈေးဆိုင်များ၊ ပုဂ္ဂလိကကျောင်းအချို့နှင့် ယိမ်းယိုင်သွားသောအိမ်များပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း ကျောက်ဆည်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အလွန်အင်အားပြင်းထန်သော ငလျင်ဒဏ်ကို ထိခိုက်ခံစားခဲ့ရခြင်းကြောင့် ငလျင်အသံကြားသည်နှင့် ထိတ်လန့်တုန်လှုပ်မှုများရှိနေကြောင်း သူက ဆိုသည်။
“ငလျင်ကတော့ ကြမ်းကြမ်းဒဏ်ခံထားရတာဆိုတော့ နည်းနည်းလှုပ်လည်း စိုးရိမ်မှုကတော့ရှိတယ်။ ကြောက်ကြတာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုငလျင်ကြောင့် ကျောက်ဆည်မြို့ရှိ Bright Kids မူကြိုကျောင်းမှ ကလေးငယ် ဒါဇင်ကျော်နှင့် ဆရာမနှစ်ဦး အဆောက်အအုံပိ၍ အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရသည်။
မြေငလျင်သည် သောကြာနေ့ ဗလီတွင် ဝတ်ပြုနေချိန် လှုပ်ခတ်ခဲ့ခြင်းကြောင် အစ္စလာမ်ဘာသာဝင် အများအပြားနေထိုင်သည့် ပျော်ဘွယ်နှင့် ရမည်းသင်းတွင် လူအစုလိုက်အပြုံလိုက်သေဆုံးမှုရှိခဲ့ပြီး တစ်နှစ်ပြည့်လာချိန်တွင် အခြားမြို့များနည်းတူ ရုန်းထနေရဆဲဖြစ်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့တည်စဉ်ကတည်းက ဆောက်လုပ်ခဲ့သော နှစ်တစ်ရာကျော်အဆောက်အအုံများရှိသည့် မြင်းဘက်ရပ်ကွက်နှင့် မြို့မရပ်ကွက်တွင် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး တတ်နိုင်သည့်အားဖြင့် ပြန်လည်ထူထောင်လာသော်လည်း ယခင်အဆောက်အအုံများကဲ့သို့ ပြန်မဆောက်နိုင်တော့ကြောင်း ပျော်ဘွယ်မြို့ လူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့တစ်ခုမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“ပြန်ပြီးတော့မဆောက်နိုင်တဲ့အိမ်လေးတွေလည်းရှိတာပေါ့။ တအားကြီး ဟဲဗီးကြီးတော့ မလုပ်နိုင်ကြဘူးပေါ့။ အရင်လိုတော့ မလုပ်နိုင်ကြဘူးပေါ့။ တချို့ကြတော့လည်း ဟန်ပဲရှိတယ်လေ။ အဆန်မရှိဘူးလေ။ ပြန်လည်ထူထောင်ရေးအပိုင်းက အလှူငွေလည်းရကြပါတယ်။ ဒါပေမဲ့ လိုအပ်သလောက်တော့မရဘူး။ အဲဒီတော့ သင့်တင့်လျောက်ပတ်အောင်ပြန်ဆောက်ကြတာပေါ့” ဟု ၎င်းက ဆိုသည်။
ငလျင်ဒဏ်ခံရသူများကို ကနဦးအစောပိုင်းတွင် ပြည်သူအချင်းချင်း ငွေသားကူညီထောက်ပံ့မှုရှိခဲ့ပြီး စစ်ကော်မရှင်ကလည်း ပျက်စီးဆုံးရှုံးသည့် နေအိမ်အပေါ်မူတည်၍ ဘိလပ်မြေ၊ သံချောင်း၊ သွပ် စသည့် ဆောက်လုပ်ရေးပစ္စည်းအချို့ ထောက်ပံ့မှုရှိကြောင်း သိရသည်။
ထို့အပြင် ငွေသားထပ်မံထောက်ပံ့မည်ဟုဆိုကာ ဘဏ်အကောင့်ဖွင့်ထားရန်ပြောဆိုမှုများရှိကြောင်း၊ ငွေကြေးမည်မျှရမည်ကို အတိအကျမသိရသေးကြောင်း ၎င်းက ဆိုသည်။
ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအနက် ငါးထပ်အမြင့်ရှိ ကမ္ဘောဇဘဏ် အဆောက်အအုံပြိုကျမှုသည် လူထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။ ထိုအဆောက်အအုံနေရာကို လက်ရှိအချိန်ထိ ပိတ်ပင်ထားပြီး ပြန်လည်ရှင်းလင်းတည်ဆောက်မှုမလုပ်သေးကြောင်း သိရသည်။
စစ်ကော်မရှင်ကမူ ငလျင်ဘေးကို ကူညီရန် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေမှ စားနပ်ရိက္ခာ၊ နေအိမ်များပြန်လည်တည်ဆောက်ရေး၊ ရှေးဦးပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ခဲ့သလို သေဆုံးသူ၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ၎င်းတို့ထိန်းချုပ် သတင်းစာများမှ ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရသည့် မြန်မာလူထုသည် စစ်ဘေးဒဏ်အပြင် သဘာဝဘေးဒဏ်ကို ထိခိုက်ခံစားရသည်။ လက်ရှိတွင်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် လောင်စာဆီအကျပ်အတည်းဖြစ်နေပြီး ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုဒဏ်ကို ဆက်လက်ရင်ဆိုင်နေရသည်။



