အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးလေ့လာသုံးသပ်ချက်

လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲခြင်းနှင့် ခေတ်သစ်ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံ

ရိုဟင်ဂျာများကို သတ်ဖြတ်မှု၊ ရုရှား၏ ကျူးကျော်မှု၊ ဗင်နီဇွဲလားနှင့် အီရန်တို့ရှိ လတ်တလော ဖြစ်ရပ်တို့သည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအဖြစ် အကြောင်းပြခံခဲ့ရခြင်း ဖြစ်ကြောင်း ဆောင်းပါးရှင်က ဆွေးနွေးထားသည်။

(ဆောင်းပါးရှင် သစ်လွင်သည် နိုင်ငံရေးသိပ္ပံ၊  လူမှုရေးသိပ္ပံနှင့် ဥပဒေဘာသာရပ်တို့ကို အထူးပြုလေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)

စစ်အေးခေတ်နှောင်းပိုင်း ဘာလင်တံတိုင်းပြိုကျပြီးနောက် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် လစ်ဘရယ်ဒီမိုကရေစီစံနှုန်း အခြေပြုသော နိုင်ငံရေးစနစ်များ အလျှိုလျှိုပေါ်ထွက်လာခဲ့သည်။

ထိုကာလများတွင် ဆိုဗီယက်ယူနီယံပြိုကွဲမှုနှင့်အတူ နိုင်ငံရေးအားပြိုင်မှုများ၊ စစ်ပွဲများ အထိုက်အလျောက် လျော့နည်းလာပြီး တည်ငြိမ်ရေး၊ စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေး ပိုမိုအလေးပေးလာသောကြောင့် ခေတ်သစ် ကမ္ဘာ့နိုင်ငံရေးကာလတွင် အတည်ငြိမ်ဆုံးကာလအဖြစ် ပုံဖော်ခြင်းခံခဲ့ရသည်။ 

သို့သော် ဤတည်ငြိမ်မှုသည် ၂၀၀၁ ခုနှစ်တွင် ခရီးသည်တင် လေယာဉ် ပြန်ပေးဆွဲကာ နယူးယောက်မြို့ ကုန်သွယ်ရေးအဆောက်အအုံကို ဝင်ရောက်တိုက်ခိုက်မှုနှင့်အတူ အဆုံးသတ်သွားခဲ့သည်။  ၉ လပိုင်း ၁၁ ရက်နေ့တွင် ပေါ်ပေါက်လာသဖြင့် ၉/ ၁၁ တိုက်ခိုက်မှုဟု ခေါ်ကြသည့် ထိုဖြစ်စဉ်နောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံရေး၌ “လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ” သည် ရှေ့တန်းသို့ ပြန်ရောက်လာသည်။

၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားဒေသကို ယူကရိန်းထံမှ သိမ်းယူပြီးနောက်ပိုင်းဖြစ်စဉ်များမှအစ ၂၀၂၂ ခုနှစ် ရုရှား- ယူကရိန်း တကျော့ပြန်စစ်ပွဲ၊ အမေရိကန်က ဗင်နီဇွဲလား သမ္မတ နီကိုးလပ် မာဒူရိုကို မူးယစ်ဆေးကိစ္စအကြောင်းပြကာ ဝင်ရောက် ဖမ်းဆီးခြင်း၊ အမေရိကန်နှင့် အစ္စရေးက အီရန်နိုင်ငံကို အဏုမြူစွမ်းအင်ကိစ္စအကြောင်းပြ တိုက်ခိုက်စဉ် အီရန် အာဏာရှင် ဘာသာရေးခေါင်းဆောင် ခါမေနီသေဆုံးမှုအဆုံး ကမ္ဘာ့ဖြစ်ရပ်များသည် လုံခြုံရေးဆိုင်ရာကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲခြင်း (Securitization) ဆိုသည့် အယူအဆပေါ်တွင် အခြေခံကာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

ဤကဲ့သို့ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကိုသာ အခြေခံသည့် ခေတ်သစ်စစ်ပွဲများသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများကို ထိန်းသိမ်းရန် ကြိုးပမ်းနေသော ကုလသမဂ္ဂ(UN)၏ အခန်းကဏ္ဍကို အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ သမားရိုးကျ နိုင်ငံတကာ ဆက်ဆံရေး စံနှုန်းများထက် လုံခြုံရေးကို အကြောင်းပြ၍ အရေးပေါ် အစီအမံများကို အသုံးပြုလာခြင်းသည် ကမ္ဘာ့နိုင်ငံရေး၏ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပါသည်။ 

လုံခြုံရေးကိုအခြေခံသော အယူအဆ ပေါ်ပေါက်လာပုံ 

ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း ကမ္ဘာနိုင်ငံအသီးသီးတွင် လစ်ဘရယ်ဒီမိုကရေစီ အယူအဆ နှင့် ကွန်မြူနစ် အယူအဆ နိုင်ငံရေးသဘောတရား နှစ်ခုပေါ်တွင် မူတည်၍ နိုင်ငံရေးလွန်ဆွဲပွဲများရှိခဲ့ပြီး အဓိကမောင်းနှင်သည့် နိုင်ငံများမှာ ဒုတိယကမ္ဘာစစ် စစ်ပွဲနိုင် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု ဖြစ်သည်။ 

ထိုကာလ စစ်အေးတိုက်ပွဲတွင် လုံခြုံရေး ဟူသော ဝေါဟာရနှင့် ပတ်သက်သည့် ကိစ္စရပ်များသည် သမားရိုးကျ ကျူးကျော်စစ်ပွဲများ၊ အဏုမြူစစ်ပွဲစသည့် ကိစ္စရပ်များပေါ်တွင် မူတည်လျက်ရှိသည်။ 

သို့သော် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသောအခါ စစ်ရေးမဟုတ်သည့် အခြားပြဿနာသည်လည်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည်ဆိုသော အယူအဆကို Copenhagen School မှ  Ole Waever နှင့် Barry Buzan ဦးဆောင်သော ပညာရှင်တစ်စု သတိပြုမိလာခဲ့သည်။ 

စစ်အေးတိုက်ပွဲပြီးဆုံးသွားချိန်တွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများမှာ  စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အရေးတို့အပြင် မတူကွဲပြားသော ဝိသေသလက္ခဏာများကြား ပဋိပက္ခဖြစ်ပွားမှုနှင့် အခြားနယ်ပယ် အသီးသီးမှလည်း လာနိုင်ကြောင်း ဆိုလာကြသည်။ 

ထို့ကြောင့် အဆိုပါ ပညာရှင်များသည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲခြင်းဟူသော ခေါင်းစဉ်အား စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသော ကာလအကြာ ၁၉၉၈ တွင် Security: A New Framework for Analysis စာအုပ်ဖြင့် စတင်မိတ်ဆက်ခဲ့သည်။

ပုံမှန်အားဖြင့် တိုင်းပြည်တစ်ခုတွင် နိုင်ငံရေးပြဿနာတစ်ခု (ဥပမာ- လူဝင်မှုကြီးကြပ်ရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ ရာသီဥတုပြောင်းလဲမှု သို့မဟုတ် ကူးစက်ရောဂါ) ကို ဥပဒေဘောင်အတွင်းမှဖြေရှင်းခြင်းနှင့် ဒီမိုကရေစီနည်းလမ်းကျ ဆွေးနွေးမှုတို့ဖြင့် ဖြေရှင်းလေ့ရှိသည်။ 

သို့သော် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲလိုက်ခြင်း ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင်များ သို့မဟုတ် သက်ဆိုင်ရာ ပုဂ္ဂိုလ်အဖွဲ့အစည်းများမှ သာမန်ကိစ္စရပ်တစ်ခုကို ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပုံဖော်ပြီး အရေးပေါ် အရေးယူဆောင်ရွက်ရန် လိုအပ်သည့် လုံခြုံရေးကိစ္စအဖြစ် ပုံဖော်ခြင်းဖြစ်သည်။ 

ဆိုလိုသည်မှာ သာမန် နိုင်ငံရေးပြဿနာတစ်ခုသည် တိုင်းပြည်တစ်ခု​ သို့မဟုတ် လူ့အဖွဲ့အစည်း တည်ရှိမှုအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်ဟု သတ်မှတ်ပြီး အဆိုပါပြဿနာအား “လုံခြုံရေးဆိုင်ရာ ကိစ္စရပ်” အဖြစ် အသွင်ပြောင်းလဲသတ်မှတ်လိုက်ပြီး ထူးခြားသည့် အစီအမံဖြင့် ကိုင်တွယ်လာပုံကို ဆိုလိုခြင်းဖြစ်သည်။ 

ဥပမာအားဖြင့် အာဏာရှိသော နိုင်ငံရေး ခေါင်းဆောင်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ပြဿနာတစ်ခုကို တိုင်းပြည်၏ “ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု” ဟု ကြေညာလိုက်သောအခါ ၎င်းသည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲသည့် ဖြစ်စဉ်သို့ ကူးပြောင်းသွားသည်။

ထိုသို့သတ်မှတ်ခြင်းကြောင့် လူထုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အဆိုပါပြဿနာကို “ချက်ချင်းဖြေရှင်းရမည့် အရေးပေါ်ကိစ္စ” အဖြစ် ထင်မြင်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး  ထိုသို့ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်နိုင်မှသာ ပုံမှန်ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများကို ကျော်လွန်ပြီး “ထူးခြားသည့် အစီအမံများ” (ဥပမာ- စစ်တပ်သုံးခြင်း၊ ဖမ်းဆီးခြင်း) ကို အသုံးပြုခွင့် ရရှိလာစေမည် ဖြစ်သည်။

လုံခြုံရေးဆိုင်ရာကိစ္စတရပ်အဖြစ် အသွင်ပြောင်းလဲခြင်း ဖြစ်စဉ်တစ်ခု အောင်မြင်ရန် အဆင့် သုံးဆင့် လိုအပ်သည်။

ပထမဦးစွာ ၎င်းသည် အလိုအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ  တိုင်းပြည်တစ်ခု​၏ အာဏာရှိသော နိုင်ငံရေး ခေါင်းဆောင် သို့မဟုတ် အစိုးရကဲ့သို့ ဩဇာရှိသောသူမှ  ပြဿနာတစ်ခုကို ပုံမှန်ဥပဒေယန္တရား လမ်းကြောင်းဖြင့် ဖြေရှင်း၍ မရနိုင်ဘဲ တိုင်းပြည်နှင့်လူမျိုး ပျက်စီးသွားနိုင်သော ခြိမ်းခြောက်မှုအဖြစ် မိန့်ခွန်းစကားဖြင့် ကြေညာပြီး ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ အရေးအခင်းတွင် မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းသည် ရိုဟင်ဂျာပြဿနာကို သာမန် လူ့အခွင့်အရေး ပြဿနာဟု မပြောဘဲ “တိုင်းပြည်၏ အချုပ်အခြာအာဏာကို အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်” စသည့် စကားလုံးများ သုံးနှုန်း ပုံဖော်ခဲ့ခြင်း မျိုးဖြစ်သည်။ 

တနည်းအားဖြင့် မိန့်ခွန်းစကားလုံးများဖြင့် “အရေးပေါ်အခြေအနေ” တစ်ခုကို ဖန်တီး၍၊  အာဏာကို ပုံမှန်ဥပဒေဘောင် ပြင်ပမှ အသုံးပြုနိုင်ရေးအတွက် လူထုထံက သဘောတူညီချက်ရယူသည့် နည်းဗျူဟာပင် ဖြစ်သည်။

ဒုတိယအဆင့်အနေဖြင့် ထိုသို့ ကြေညာရာတွင် ပုံမှန်လုပ်ထုံးလုပ်နည်းများကိုကျော်လွန်၍ အဆိုပါပြဿနာကို မဖြေရှင်းပါက နောက်ထပ် ဖြေရှင်းရန် နည်းလမ်းမရှိတော့သည့် အဖြစ်သို့ရောက်အောင် ပုံဖော်ရပြီး နောက်ဆုံးတွင် ရိုဟင်ဂျာများကို လူမျိုးသုဉ်း သတ်ဖြတ်မှုအဆင့်သို့ ရောက်ရှိစေခဲ့သည်။ 

နောက်ဆုံးတွင် ပြည်သူလူထု သို့မဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် ယင်းခြိမ်းခြောက်မှုကို အစစ်အမှန်ဟု လက်ခံပြီး စစ်တပ်​၏ အရေးပေါ်အာဏာသဘောဆောင်သော မူဝါဒ၊ အစီအမံများကို အစိုးရက ခွင့်ပြုပေးသည့်အဆင့်သို့ ရောက်ရှိမှသာ လုံခြုံရေးဆိုင်ရာကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲလိုက်ခြင်း ဖြစ်စဉ်သည် အထမြောက် အောင်မြင်သွားမည်ဖြစ်သည်။ 

မြန်မာစစ်တပ်သည်  ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုဖြစ်စဉ်တွင် နောက်ဆုံးအဆင့်အနေဖြင့် ပြည်သူလူထုကို  ယင်းတို့​၏ လူမျိုးသုဉ်းသတ်ဖြတ်မှုက လူ့အခွင့်အရေးနှင့် စစ်ဥပဒေချိုးဖောက်မှုဖြစ်သည်ဟု  မမြင်စေဘဲ နိုင်ငံတော်​၏ လုံခြုံရေးကို ကာကွယ်သည်ဟူသော ကိစ္စရပ်ဖြစ်စေရန် စနစ်တကျ ပုံဖော်လိုက်သည်။ ယင်းတို့​၏ ဥပဒေမဲ့သတ်ဖြတ်မှုကို ပြည်သူအများအပြားက လက်ခံပေးလိုက်သည့်အတွက် နိုင်ငံတကာဖိအားကို မျက်ကွက်ပြုကာ လူမျိုးသုဉ်း သတ်ဖြတ်မှုကြီး စနစ်တကျ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် အဆိုပါဖြစ်စဉ်တွင် မြန်မာစစ်တပ်သည် လူမျိုးရေးပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရမည့် အဆင့်မှ တိုင်းပြည်ပျက်မည့်အဆင့်အထိ စနစ်တကျ ပုံဖော်၊ အင်အားသုံး၍ သတ်ဖြတ်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ 

လုံခြုံရေးဆိုင်ရာကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲသော ဖြစ်စဉ်များသည် အမြဲတစေ အောင်မြင်သည်မဟုတ်ပေ။ အထက်တွင်ဖော်ပြခဲ့သော အဆင့် သုံးဆင့်ကို ပြည်သူလူထု သို့မဟုတ်  သက်ဆိုင်ရာ အဖွဲ့အစည်းများက လက်မခံလျှင် လုံခြုံရေးဆိုင်ရာ အသွင်ပြောင်းလဲခြင်း ဖြစ်စဉ် မအောင်မြင်ဟု သတ်မှတ်နိုင်သည်။

ထို့ကြောင့် လုံခြုံရေးဟူသော အနက်အဓိပ္ပာယ်ကို ပြောဆိုရာတွင် အမှန်တကယ်ဖြစ်ပျက်နေသည့် အခြေအနေ တစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ၊ ထိုအခြေအနေကို “လုံခြုံရေးအရ အရေးကြီးသည်” ဟု လူအများ လက်ခံရန် ပြောဆိုတင်ဆက်နိုင်ခြင်းအပေါ်တွင် မူတည်လျက်ရှိသည်။

လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲလိုက်ခြင်း ဖြစ်စဉ်များ

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တွင်  နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့တိုက်ခိုက်မှုအပြီး ထိုစဉ်က အမေရိကန် သမ္မတ ဂျော့ချ် ဒဗလျူ ဘုရ်ှသည်   အကြမ်းဖက်ဝါဒကို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှု တစ်ခုအဖြစ် စတင်ပုံဖော်ခဲ့သည်။

ထို့နောက် ဘုရှ်၏မိန့်ခွန်းတွင် “သင်တို့သည် ကျွန်ုပ်တို့ဘက်၌ ရှိနေရမည်၊ သို့မဟုတ်ပါက အကြမ်းဖက်သမားများဘက်၌ ရှိနေခြင်းပင် ဖြစ်သည်” ဟူ၍ ဖော်ပြခဲ့သည်။ ဤမိန့်ခွန်းသည် အကြမ်းဖက်ဝါဒကို သာမန်ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်တစ်ခုအဖြစ် မဟုတ်ဘဲ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစစ်ပွဲ တစ်ခုအဖြစ် ပုံဖော်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် အမေရိကန်အစိုးရသည် ဆက်ဒမ်ဟူစိန် ဦးဆောင်သော အီရတ်နိုင်ငံတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သော လက်နက်များ ရှိနေကြောင်းနှင့် အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲခဲ့သည်။

အဆိုပါအခြေအနေသည် လုံခြုံရေးအသွင်ပြောင်းလဲခြင်း (Securitization) လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်သော စကားဖြင့် ပုံဖော်လုပ်ဆောင်ခြင်း (Speech Act) ပင် ဖြစ်သည်။

အမေရိကန်အစိုးရ​၏ တင်ပြချက်များသည် ထိုကာလ အမေရိကန်ပြည်သူများအပေါ်သို့ သက်ရောက်မှုရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၉/ ၁၁ တိုက်ခိုက်မှုအပြီး ကြောက်ရွံ့နေသော ပြည်တွင်းရှိ လူထုအများစုက အီရတ်​၏တည်ရှိမှုသည် အမေရိကန် နိုင်ငံသားတို့အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟူသော ပြောဆိုချက်ကို လက်ခံခဲ့သောကြောင့် ဖြစ်သည်။ 

အခြားတစ်ဖက် နိုင်ငံတကာအသိုင်းအဝိုင်းတွင်မူ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုသည် အမေရိကန်​၏ အဆိုပါလုပ်ဆောင်ချက်အား အပြည့်အဝ လက်မခံပေ။ အီရတ်သည် ချက်ချင်းတိုက်ခိုက် အရေးယူရသည်အထိ ခြိမ်းခြောက်မှုမရှိဟု ယူဆခဲ့ကြသည်။ 

ပုံမှန်အားဖြင့် နိုင်ငံတစ်ခုကို တိုက်ခိုက်ရန်သည် ကုလသမဂ္ဂ၏ ခွင့်ပြုချက်နှင့် ခိုင်လုံသော သက်သေများ လိုအပ်ပါသည်။ သို့သော် အမေရိကန်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တရားဝင်ခွင့်ပြုချက်မရဘဲ “ကြိုတင်ကာကွယ်သော စစ်ပွဲ” ဟူသော အရေးပေါ်အစီအမံကို အသုံးပြုပြီး အီရတ်ကို ကျူးကျော် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ပွဲမတိုင်မီ အမေရိကန်အစိုးရသည် အီရတ်တွင် ဖျက်အားပြင်းလက်နက်များ ရှိသည်ဟု အခိုင်အမာဆိုခဲ့သော်လည်း တိုက်ခိုက်မှုအပြီးတွင် ထိုအချက်ကို သက်သေပြနိုင်ခြင်းမရှိပေ။ ကမ္ဘာ့နိုင်ငံများ ယုံကြည်စေရန်လည်း သက်သေအခိုင်အမာ ပြသနိုင်ခြင်းမရှိပေ။  စစ်အင်အားအသုံးပြုပြီး ကျူးကျော်တိုက်ခိုက်ခံရသည့် အီရတ်နိုင်ငံသည် ကျရှုံးနိုင်ငံတစ်ခုသာ ဖြစ်သွားခဲ့ခြင်းကြောင့် ယင်း​၏ လုံခြုံရေးအသွင်ပြောင်းလဲခြင်း အစီအမံသည် ကျရှုံးခဲ့သည်ဟု ဆိုနိုင်သည်။ 

ဆက်လက်၍ ၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသကို နိုင်ငံရေးပြဿနာမှ လုံခြုံရေးပြဿနာအသွင်ပြောင်းကာ ဗြောင်ကျကျ သိမ်းယူခဲ့သည်။ 

၂၀၁၄ ခုနှစ် ဖော်ဖော်ဝါရီလတွင် ယူကရိန်းသမ္မတ ရာနူကိုဗစ်ချ်က  ဥရောပသမဂ္ဂနှင့်  ပိုမိုနီးကပ်စေမည့် သဘောတူစာချုပ်ကိစ္စ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ခြင်းမှ စတင်ခဲ့သည်။ 

ထို့ကြောင့် ယူကရိန်းတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး သမ္မတ ရာနူကိုဗစ်ချ် ရာထူးမှ ဆင်းပေးလိုက်ရသည်။ သို့သော် ရုရှားအစိုးရသည် ယင်းကိစ္စကို သာမန်နိုင်ငံရေးအပြောင်းအလဲဟု မရှုမြင်ဘဲ အန္တရာယ်ရှိသော အခြေအနေအဖြစ် သတ်မှတ်၍ နိုင်ငံရေးအကျပ်အတည်းကို လုံခြုံရေး အရေးပေါ်အခြေအနေအဖြစ်သို့ စတင်ပြောင်းလဲခဲ့သည်။

ခရိုင်းမီးယားသည် ယူကရိန်းနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော်လည်း ရုရှားအတွက်မူ သမိုင်းကြောင်း၊ လူမျိုးစုဆိုင်ရာ ဝိသေသတို့ကြောင့် အရေးပါသည်။ ထို့အပြင် ထိုဒေသရှိ အကြီးဆုံးမြို့တွင် တည်ရှိသော၊ ဆောင်းရာသီတွင်လည်း ရေမခဲသဖြင့် တစ်နှစ်ပတ်လုံး စစ်ရေး ဆောင်ရွက်နိုင်သော ပင်လယ်နက်ရေတပ်စခန်းသည် စစ်ရေးဗျူဟာအရ အလွန်အရေးပါသည်။ ထို့ကြောင့် ဤဒေသကို “လုံခြုံရေးပြဿနာ” အဖြစ် ပုံဖော်ရန်အတွက် မြေပြင်အနေအထားသည် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေသည်။

ရုရှက အဆိုပါ ဆန္ဒပြပွဲများပြီးနောက် တက်လာသော ယူကရိန်း သမ္မတသစ် ပီထရို ပိုရိုရှန်ကို အစိုးရသည် ခရိုင်းမီးယားရှိ ရုရှားစကားပြောသူများ၏ အကျိုးစီးပွားကို ခြိမ်းခြောက်နေပြီဟု ဆိုပြီး နိုင်ငံရေးပြဿနာကို လုံခြုံရေးပြဿနာအဖြစ် စတင်ပြောင်းလဲ လာခဲ့သည်။

ထို့နောက် သမ္မတ ပူတင်သည်  ခရိုင်းမီးယားရှိ ရုရှားလူမျိုးများသည် အန္တရာယ်ရှိနေကြောင်းနှင့် ခရိုင်းမီးယားသည် ရုရှား၏လုံခြုံရေး (အထူးသဖြင့် ဆီဗတ်စတိုပိုလ်ရှိ ရေတပ်စခန်း) အတွက် မဟာဗျူဟာမြောက် အရေးပါကြောင်း အလေးပေးပြောဆိုခဲ့သည်။ ဤသည်မှာ ခရိုင်းမီးယားအရေးကို ရိုးရိုးနယ်မြေအငြင်းပွားမှုမဟုတ်ဘဲ “အမျိုးသားရှင်သန်ရပ်တည်ရေး” ကိစ္စရပ်အဖြစ် ပရိသတ်ယုံကြည်လာအောင် ဆွဲဆောင်ခြင်း (Speech Act) ဖြစ်သည်။

ထိုမှတဆင့် ခရိုင်းမီးယားရှိ ရုရှားလူမျိုးများ၏ ဘေးကင်းလုံခြုံမှု၊ ရုရှားနှင့် ခရိုင်းမီးယားတို့၏ သမိုင်းကြောင်းဆိုင်ရာ ဆက်နွှယ်မှု၊ ပင်လယ်နက်ဒေသရှိ ရုရှား၏ အမျိုးသားလုံခြုံရေး စစ်ရေးဗျူဟာ အကျိုးစီးပွားတို့ကို သတ်မှတ်ခဲ့ပြီး ဤအရာများ ပျက်စီးမည်ကို စိုးရိမ်သောကြောင့် အရေးပေါ်ဆောင်ရွက်ရန် လိုအပ်သည်ဟု အကြောင်းပြခဲ့သည်။

ရုရှားပြည်သူအများစုက အစိုးရ၏ တင်ပြချက်ကို လက်ခံခဲ့ကြသည်။ ဤလက်ခံမှုကြောင့်ပင် ၂၀၁၄ ခုနှစ်တွင်  ရုရှားက ခရိုင်းမီးယားကို ကျူးကျော်ပြီး အစိုးရအဆောက်အအုံများနှင့် စစ်စခန်းများကို ထိန်းချုပ်ခဲ့သည်။

ထို့နောက် လူထုဆန္ဒခံယူပွဲကျင်းပပြီး ခရိုင်းမီးယားကို ရုရှားဖက်ဒရေးရှင်းအတွင်းသို့ တရားဝင် သိမ်းယူခဲ့သည်။ ဤလုပ်ရပ်များသည် ပုံမှန်နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကို ကျော်လွန်သည့် အရေးပေါ်အစီအမံများ ဖြစ်သည်။

ယူကရိန်း၊ ဥရောပသမဂ္ဂ၊ NATOနှင့် ကုလသမဂ္ဂတို့က ရုရှားအစိုးရ​၏ အကြောင်းပြချက်များကို ပယ်ချခဲ့ပြီး ခရိုင်းမီးယားဒေသကို သိမ်းယူမှုသည် အချုပ်အခြာအာဏာ ချိုးဖောက်မှုသာဖြစ်သည်ဟု ရှုမြင်ခဲ့ကြသည်။

ထို့ကြောင့် ခရိုင်းမီးယားအရေးသည် နိုင်ငံရေးပြဿနာတစ်ခုကို လုံခြုံရေးအသွင် မည်သို့ပြောင်းလဲခဲ့ပုံနှင့် ထိုသို့ပြောင်းလဲခြင်းသည် ပြည်တွင်းရှိ ပြည်သူလူထုနှင့် နိုင်ငံတကာတုံ့ပြန်မှုတို့အပေါ် မူတည်၍ ရလဒ်ကွဲပြားနိုင်ပုံကို ပြသသည့် ထင်ရှားသော ဥပမာတစ်ခု ဖြစ်ခဲ့သည်။

ယခုလည်း အမေရိကန် အစိုးရသည် ထင်ရှားသော လုံခြုံရေးအသွင်ပြောင်းလဲခြင်း ကိစ္စရပ် နှစ်ခုပြုလုပ်ထားသည်။ 

မကြာသေးခင်က ဗင်နီဇွဲလားသမ္မတကို မူးယစ်ဆေးဝါးကိစ္စ အကြောင်းပြ၍ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဒုတိယ ကိစ္စသည် အမေရိကန်- အစ္စရေး နှစ်နိုင်ငံပူးပေါင်း၍ အီရန်နိုင်ငံခေါင်းဆောင်ကို သုတ်သင်လိုက်ခြင်းဖြစ်သည်။ 

ဗင်နီဇွဲလား ဖြစ်စဉ်တွင် ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမေရိကန် တရားရေးဌာနက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနှင့် အရာရှိများကို “မူးယစ်ဆေးဝါး အကြမ်းဖက်မှု”၊ ကိုကင်းမှောင်ခိုမှုများဖြင့် လူသိရှင်ကြား စွပ်စွဲခဲ့သည်။

ထို့နောက် မာဒူရို အစိုးရသည် တရားဝင်အစိုးရမဟုတ်တော့ဘဲ “မူးယစ်ဂိုဏ်း” သာသာဖြစ်ပြီး ထိုအရာသည် အမေရိကန်ပြည်သူတို့၏ ကျန်းမာရေးနှင့် အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ဖျက်ဆီးနေသည်ဟု ပုံဖော်ခဲ့သည်။ 

အမေရိကန်သည် မာဒူရိုကို ဖမ်းဆီးနိုင်ရန် ဆုငွေအမြောက်အမြား ထုတ်ပြန်ခဲ့ပြီး၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၅၀ သန်းအထိ တိုးမြှင့်ကြောင်း ထုတ်ပြန်သည့်နည်းဖြင့် ဇာတ်လမ်း ပိုမိုခိုင်မာစေရန် လုပ်ဆောင်ခဲ့သည်။  နိုင်ငံခြားတိုင်းပြည်တစ်ခု​၏ တည်ဆဲ သမ္မတတစ်ဦးကို ပုံမှန်မဟုတ်သည့် တရားစီရင်မှုနှင့် စစ်ရေးဖိအားပေးမှု ဖြစ်သည်။ 

အမေရိကန်ရှိ မူဝါဒချမှတ်သူများနှင့် ပြည်သူအများအပြားက ဗင်နီဇွဲလားခေါင်းဆောင်ပိုင်းသည် အမေရိကန်ကို ခြိမ်းခြောက်နေသည့် ရာဇဝတ်ကွန်ရက်ဖြစ်သည်ဟူသော အချက်ကို လက်ခံခဲ့ကြသည်။ ဗင်နီဇွဲလားအစိုးရကမူ အဆိုပါ စွပ်စွဲချက်များသည် နိုင်ငံရေးအရ ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ပယ်ချခဲ့သည်။  နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း  အမေရိကန်အစိုးရ​ ထိုသို့လုပ်ဆောင်ခြင်းကို အသိအမှတ်မပြုပေ။ 

သို့သော် ဒေါ်နယ်ထရန့်ဦးဆောင်သော အမေရိကန် အစိုးရသည် မူဝါဒချမှတ်သူများနှင့်  ပြည်သူအများအပြား၏ ထောက်ခံမှုကို ရရှိပြီးနောက် ပုံမှန်နိုင်ငံရေးထက် ကျော်လွန်သော လုပ်ရပ်များကို ပြုလုပ်ခဲ့သည်။ 

ဥပမာအားဖြင့် စီးပွားရေးပိတ်ဆို့မှုများ၊ ရာဇဝတ်မှုဖြင့် စွဲချက်တင်ခြင်း၊ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခြင်းတို့ ဖြစ်သည်။ 

ထို့နောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် မာဒူရိုနှင့် ၎င်း၏ဇနီးကို အမေရိကန်က  ကျူးကျော်ဖမ်းဆီးခဲ့ခြင်းသည် လုံခြုံရေးအသွင်ပြောင်းလဲခြင်း၏ နောက်ဆုံးအဆင့်ဖြစ်သော “အရေးပေါ်အစီအမံ” ကို လက်တွေ့ကျင့်သုံးခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်အစိုးရက ထိုကိစ္စကို မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ရာဇဝတ်မှုဆိုင်ရာ “လုံခြုံရေးခြိမ်းခြောက်မှု” အဖြစ် ပုံဖော်သော်လည်း၊ နိုင်ငံရေး ဝေဖန်သူများကမူ ဤလုံခြုံရေးဇာတ်ကြောင်း၏ နောက်ကွယ်တွင် ဗင်နီဇွဲလား၏ ကြွယ်ဝလှသော ရေနံအရင်းအမြစ်များကို ထိန်းချုပ်လိုခြင်းနှင့် ပထဝီနိုင်ငံရေးအရ အသာစီးရလိုခြင်းစသည့် နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားများ ဖုံးကွယ်နေသည်ဟု ရှုမြင်ကြသည်။

ထို့ကြောင့် လုံခြုံရေးအသွင်ပြောင်းလဲခြင်း ဆိုသည်မှာ ရံဖန်ရံခါတွင် ပိုမိုကျယ်ပြန့်သော အစိုးရ၏ အကျိုးစီးပွားများ သို့မဟုတ် မဟာဗျူဟာမြောက် ရည်မှန်းချက်များကို တရားဝင် ဖြစ်စေရန် “လုံခြုံရေး” ဟူသော ခေါင်းစဉ်အောက်၌  ဖုံးကွယ်အသုံးချနိုင်သည့် “နိုင်ငံရေးလက်နက်” တစ်ခု ဖြစ်နိုင်ကြောင်း တွေ့နိုင်သည်။

အီရန်ကိစ္စတွင် အမေရိကန်နှင့် အစ္စရေးခေါင်းဆောင်များသည် အီရန်၏ နျူကလီးယားအစီအစဉ်က ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးကို အကြီးအကျယ် အန္တရာယ်ပေးနေကြောင်း အစဉ်တစိုက် ပြောဆိုခဲ့ကြသည်။ 

အီရန်တွင် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်။ ယင်းသည် အစ္စရေးနိုင်ငံ၏ တည်ရှိမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟုဆိုပြီး သာမန်သံတမန်ရေးရာကိစ္စမှ လုံခြုံရေးနိုင်ငံရေးအဆင့်သို့ မြှင့်တင်ခဲ့သည်။

ထို့အပြင် အနောက်နိုင်ငံအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းအများစုက အီရန်၏ နျူကလီးယားအစီအစဉ်သည် အန္တရာယ်ရှိသည်ဟူသော အချက်ကို လက်ခံခဲ့ကြသည်။ ဤလက်ခံမှုကြောင့်ပင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အီရန်အပေါ် ကန့်သတ်ချက်များ ချမှတ်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် အနောက်နိုင်ငံတို့သည် အီရန်အပေါ် ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ (Sanctions) ချမှတ်ခြင်း၊ နိုင်ငံတကာတွင် သံတမန်ရေးအရ ဝိုင်းပယ်ခြင်းနှင့် အီရန်နျူကလီးယား စက်ရုံများကို ဆိုက်ဘာတိုက်ခိုက်ခြင်းတို့သည် ထူးကဲသော အရေးပေါ်အစီအမံများ ဖြစ်သည်။

သို့သော် အီရန်ဘက်ကမူ ဤစွပ်စွဲချက်များကို ပယ်ချပြီး ၎င်းတို့၏ အစီအစဉ်သည် ငြိမ်းချမ်းစွာ စွမ်းအင်ထုတ်လုပ်ရန်သာ ဖြစ်သည်ဟုဆိုသည်။ အနောက်နိုင်ငံများ၏ ဖိအားပေးမှုနှင့် စီးပွားရေးပိတ်ဆို့မှုများသည်သာ ၎င်းတို့နိုင်ငံ၏ လုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန်သည်။ 

ဤနေရာတွင် အမေရိကန်က အီရန်ကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ပုံဖော်သလို၊ အီရန်ကလည်း အနောက်နိုင်ငံများ၏ ဖိအားကသာ ၎င်းတို့အတွက် လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ပြန်လည်ပုံဖော်သည့် Counter- Securitization ဖြစ်စဉ်ကို တွေ့ရသည်။

အမေရိကန်သည် ယခင်က  လုံခြုံရေးအသွင်ပြောင်းလဲခြင်းဖြစ်စဉ်များကို တစိုက်မတ်မတ် ပြုလုပ်ခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် သိသိသာသာ ပိုမိုပြောဆိုလာခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင် စစ်ကြေညာ၍  မတ်လ ၁ ရက်နေ့တွင် စတင် တိုက်ခိုက်သည်။ အီရန်နိုင်ငံ ဥသျှောင်ခေါင်းဆောင် အယာတိုလာခါမေနီ အပါအဝင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် အများအပြား အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်ကြေညာခြင်းသည် Securitization ဖြစ်စဉ်ကို တရားဝင်ရေး လုပ်ဆောင် လိုက်ခြင်း ဖြစ်သည်။ မတ်လ ၁ ရက် တိုက်ခိုက်မှုကြောင့် အမြင့်ဆုံးခေါင်းဆောင် ခါမေနီ အပါအဝင် ခေါင်းဆောင်ပိုင်းများ သေဆုံးသွားခြင်းသည် “ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု” ကို အင်အားသုံး၍ ဖယ်ရှားလိုက်သည့် ဖြစ်စဉ် ဖြစ်သည်။ 

အဆိုပါ စစ်ပွဲကြောင့် အီရန်အနေဖြင့်  ကမ္ဘာ့ရေနံတင်ပို့မှု​၏ အဓိကရေလမ်းကြောင်းဖြစ်သော ဟော်မုစ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းလည်း မြင့်တက်လျက်ရှိနေသည်။ 

ထို့ကြောင့် ရေနံတင်သွင်းနေရသော နိုင်ငံများအတွက် ယခုကိစ္စသည် သာမန်ဈေးကွက်ပြဿနာမဟုတ်ဘဲ “စီးပွားရေးလုံခြုံရေး ခြိမ်းခြောက်မှု” အဖြစ်သို့ ပြောင်းလဲလာသည်။

အီရန်​၏ ဘေးပတ်ဝန်းကျင်ရှိ အာရပ်နိုင်ငံများနှင့် ယင်းနိုင်ငံများတွင်ရှိသော ဗြိတိန်၊ ပြင်သစ် အခြေစိုက်စခန်းများ တိုက်ခိုက်ခံရခြင်းကြောင့် ဤစစ်ပွဲသည်  ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများပါ ပါဝင်ပတ်သက်ရမည့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ရှုပ်ထွေးမှု ဖြစ်ပေါ်လာနိုင်ခြေရှိသည်။

ထို့နောက် မတ်လ ၃ ရက်နေ့တွင် အီရန်သို့ မြေပြင်တပ်များ စေလွှတ်တိုက်ခိုက်နိုင်ကြောင်း ပြောဆိုခဲ့ပြီး ဆက်လက် ခြိမ်းခြောက်ထားလျက်ရှိသည်။ ထို့ကြောင့် စစ်ပွဲသည်လည်း ထင်ထားသည်ထက် ပိုမိုကြာမည့် အလားအလာရှိနေပြီး အမေရိကန်​၏ မြေပြင်တပ်များ စေလွှတ်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် တန်ပြန်တိုက်ခိုက်မှုများကြောင့် ဤဖြစ်စဉ်သည် အောင်မြင်သော လုံခြုံရေးအသွင်ပြောင်းလဲခြင်းဖြစ်စဉ်ထက် ဒေသတွင်း ထိန်းချုပ်မရသော ပဋိပက္ခဆီသို့ ဦးတည်နေလျက်ရှိသည်။

အချုပ်အားဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် အသွင်ပြောင်းလဲခြင်းဟူသည်မှာ သာမန်နိုင်ငံရေး ပြဿနာများကို နိုင်ငံတော်၏ ရှင်သန်ရပ်တည်ရေးအတွက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများအဖြစ် ပုံဖော်၍၊ ပုံမှန်ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေဘောင်များကို ကျော်လွန်၍ အရေးပေါ်အစီအမံများဖြင့် ကိုင်တွယ်ဖြေရှင်းသည့် နည်းဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ စစ်အေးကာလနောက်ပိုင်း ပေါ်ပေါက်လာသည့် ဤအယူအဆသည် အမေရိကန်၏ ၉/၁၁ ဖြစ်စဉ်၊ မြန်မာနိုင်ငံ၏ ရိုဟင်ဂျာအရေး၊ ရုရှား၏ ခရိုင်းမီးယား သိမ်းယူမှုနှင့် လတ်တလော အမေရိကန်၏ ဗင်နီဇွဲလားနှင့် အီရန်အပေါ် လုပ်ဆောင်ချက်များတွင် ထင်ရှားစွာ တွေ့မြင်ရသည်။ 

ဤဖြစ်စဉ် အောင်မြင်ရန်အတွက် အာဏာရှိသူများ၏ စကားဖြင့် ပုံဖော်ပြောဆိုခြင်း (Speech Act) ကို ပြည်သူလူထု သို့မဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းများက အစစ်အမှန်ဟု လက်ခံယုံကြည်လာကြရန် လိုအပ်သည်။ သို့သော် လုံခြုံရေးအသွင် ပြောင်းလဲခြင်းသည် အမြဲတစေ အောင်မြင်သည်မဟုတ်ဘဲ၊ ရံဖန်ရံခါတွင် အစိုးရများက ပထဝီနိုင်ငံရေးနှင့် စီးပွားရေး အကျိုးစီးပွားများကို ဖုံးကွယ်ရန် နိုင်ငံရေးလက်နက် တစ်ခုအဖြစ် အသုံးချခံရနိုင်သကဲ့သို့၊ ဒေသတွင်း ထိန်းချုပ်မရသော ပဋိပက္ခများနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ရှုပ်ထွေးမှုများကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရသည်။ 

စာကြွင်းယခုဆောင်းပါးသည် ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် လုံခြုံရေးအသွင်ပြောင်းလဲခြင်း အယူအဆကို အင်အားကြီးနိုင်ငံများ ပိုမိုအသုံးပြုလာခြင်း​၏ ကောင်းကျိုး ဆိုးကျိုးကို ဝေဖန်ခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံရေးတွင် ထိုအယူအဆအား လက်တွေ့အသုံးချနေမှုကိုသာ ဆွေးနွေးဖော်ပြထားခြင်းဖြစ်ပါသည်။ 

Related Articles

Back to top button