ဟော့မုဇ်ရေလက်ကြားမှာ ဖြတ်သန်းမယ့် သင်္ဘောတွေရဲ့ လုံခြုံရေးအတွက် အခကြေးငွေ ကောက်ခံဖို့ ဥပဒေမူကြမ်းတစ်ခုကို အီရန်လွှတ်တော်က ပြင်ဆင်နေတယ်လို့ နိုင်ငံပိုင် Fars သတင်းဌာနက မတ်လ ၂၅ ရက်မှာ ဖော်ပြပါတယ်။
ဒီဥပဒေကြမ်းဟာ လာမယ့်သီတင်းပတ်ထဲမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း အမည်မဖော်လိုတဲ့ လွှတ်တော်အမတ်တစ်ဦးရဲ့ ပြောကြားချက်ကို အဲဒီသတင်းမှာ ကိုးကားထားပါတယ်။
အီရန်အနေနဲ့ ဟော့မုဇ် ရေလက်ကြားအပေါ် အချုပ်အခြာအာဏာ၊ ထိန်းချုပ်မှုနဲ့ စောင့်ကြည့်ခွင့်တွေကို ဥပဒေအရ တရားဝင်အသိအမှတ်ပြုဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်းနဲ့ အခုလို အခွန်ကောက်ခံမှုကြောင့် နိုင်ငံအတွက်လည်း ဝင်ငွေရလမ်းတစ်ခု ဖြစ်လာမယ်လို့ အဲဒီလွှတ်တော်အမတ်က ပြောပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲဟာ သီတင်းပတ် ၄ ပတ်မြောက် ကုန်ဆုံးခါနီးအထိ ဟော့မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေ သွားလာလို့မရသလောက် ပိတ်ဆို့နေပြီး၊ တရုတ်နဲ့ အီရန်တို့နဲ့ ပတ်သက်တဲ့ သင်္ဘောအနည်းငယ်လောက်ပဲ ဖြတ်သန်းခွင့် ရနေတာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်း စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အဆိုအရ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က စောင့်ကြပ်နေတဲ့ ဒီရေလက်ကြားကို အခုအချိန်မှာ သင်္ဘောအနည်းငယ်လောက်ပဲ နေ့စဉ် ဖြတ်သန်းနေကြပြီး နေ့စဉ်ဖြတ်သန်းမှုဟာ စစ်မဖြစ်ခင်ကထက် ၉၅% လောက် လျော့ကျသွားပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



