အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ဘောင်းဘီချွတ် စစ်အုပ်စုနိုင်ငံရေး၊ တော်လှန်ရေးတပ်ပေါင်းစုအသစ်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

သတ်ဖြတ်မီးရှို့မှုများကျူးလွန်ထားသည့် စစ်ခေါင်းဆောင်တို့က အစိုးရသစ်ဖွဲ့ရန် ကြိုးပမ်းနေသော်လည်း အကြမ်းဖက်မှုကို ရပ်တန့်ဖွယ်မရှိသေးသလို ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်သည်ဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှ ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေး ငါးနှစ် ပြည့်ချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် စစ်အုပ်စုသည် ဘောင်းဘီချွတ် အရေခွံလဲပြီး အတုအယောင်ရွေးကောက်ပွဲအလွန် အစိုးရတရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။ 

အခြားတစ်ဖက်တွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကလည်း စစ်ရေးနှင့်နိုင်ငံရေးကို ဟန်ချက်ညီ ဦးဆောင်မောင်းနှင်မည့် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (The Steering Council for the Emergence of a Federal Democratic Union – SCEF) ဖွဲ့စည်းလိုက်ပြီး၊ ပြည်တွင်းနိုင်ငံရေးအင်အားစု တစ်စုက “နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆောင်ရွက်ရေး အစုအဖွဲ့” (Political Coordination Body – PCB) အမည်ဖြင့် ၎င်းတို့၏ နိုင်ငံရေးသဘောထား ကိုးချက်ကို ထုတ်ပြန်လာပါသည်။ 

ဧပြီလအတွင်း အာဏာသိမ်းစစ်အုပ်စုသည် စစ်ကော်မရှင်ကို ဖျက်သိမ်း၊ စစ်အာဏာသိမ်းမှု ပြီးဆုံးသွားပြီဟု ဆိုကာ ၎င်းတို့၏ ဘောင်းဘီချွတ်အရေခွံလဲ အစိုးရသစ်တရပ် ဖွဲ့စည်းပေါ်ပေါက်လာမည်ဖြစ်သည်။ ဧပြီလ ၃ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကာလရှည်ကြာ အိပ်မက်မက်ခဲ့သော သမ္မတ ရာထူးကို ရယူပြီး၊ အနည်းဆုံး နောက်ထပ် ငါးနှစ် (၂၀၃၁ ခုနှစ်အထိ) ၊ သို့တည်းမဟုတ် သမ္မတသက်တမ်း နှစ်ကြိမ် (၂၀၃၆ ခုနှစ်အထိ) တိုင်းပြည်ကို အုပ်ချုပ်လိမ့်မည်ဟု တွက်ဆနိုင်ပါသည်။

၂၀၂၆ ခုနှစ်၏ နိုင်ငံရေးအခင်းအကျင်းကို အပြိုင်အဆိုင်ထုတ်ဖော်နေကြချိန် ရှေ့လာမည့်ကာလတွင် စစ်အုပ်စု နှင့် တော်လှန်ရေးအင်အားစု နှစ်ဖက်လုံး၏ အပြောင်းအလဲများက လက်နက်ကိုင်တိုက်ပွဲများ၏ အရှိန်အဟုန်ကို လျော့ကျလာပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အသစ်တစ်ဖန် ပေါ်ပေါက်လာတော့မည်လား၊ သို့မဟုတ် ပိုမိုပြင်းထန်သော လက်နက်ကိုင်တိုက်ပွဲများ နိုင်ငံအနှံ့ ဆက်လက်ဖြစ်ပေါ်မည့် ရှေ့ပြေးလက္ခဏာများလားစသည့် စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများအပေါ် ခန့်မှန်းတွက်ဆမှု အမျိုးမျိုး ရှိနေနိုင်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ရပ်တည်ချက်အပြောင်းအလဲများ ရှိနိုင်မည်လား။ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော ဘောင်းဘီချွတ် စစ်အုပ်စု၏ အစိုးရသစ်        အပေါ် ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့၏ သဘောထားက မည်ကဲ့သို့ ရှိလာမည်နည်း။ နိုင်ငံတကာအသိုက်အဝန်း၏ သဘောထားရပ်တည်ချက်သည် အာဆီယံ၏ “တူညီဆန္ဒ ၅ ချက်” အပေါ် အခြေခံထားသဖြင့်၊ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲအပေါ် ထိုငါးချက်ကို စံနှုန်းထား တိုင်းတာနိုင်ပါသည်။

ဘောင်းဘီချွတ် အရေခွံလဲ အစိုးရသစ် မလှမ်းရဲသော ခြေလှမ်းများ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ်ဦးဆောင်ပြီး မကြာမီဖွဲ့စည်းတော့မည့် အရေခွံလဲ အစိုးရသစ်တွင် အာဏာသိမ်းစစ်ဗိုလ်ချုပ်များ၊ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စစ်ဗိုလ်လူထွက် ပါတီခေါင်းဆောင်များ အဓိက ပါဝင်မည် ဖြစ်သည်။ 

သို့သော် နိုင်ငံတကာနှင့် အာဆီယံက အရေးယူပိတ်ဆို့ခြင်းခံထားရသော မင်းအောင်လှိုင်သည် ၎င်း၏အစိုးရတွင် ပြယုဂ်ကောင်းစေရန်နှင့် နိုင်ငံတကာကို လှည့်စားနိုင်ရန် အာဏာမည်မည်ရရ မရှိသော ဒုတိယသမ္မတ ၂ နေရာတွင် ကြံ့ခိုင်ရေးပါတီဝင် ကရင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးကို ပွဲထုတ်လာသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဖွဲ့စည်းစဉ်ကအတိုင်း စစ်တပ်အပေါ်သစ္စာခံသော တိုင်းရင်းသားအချို့ကို အစိုးရအဖွဲ့အတွင်း ထည့်သွင်းဖွဲ့စည်းနိုင်ပါသည်။ 

ဘောင်းဘီချွတ်မင်းအောင်လှိုင် အစိုးရသစ်အပေါ် နိုင်ငံတကာ၏ ရပ်တည်ချက်ပြောင်းလဲပြီး၊ ကြိုဆိုထောက်ခံမှု မည်မျှရရှိနိုင်မည်ကို မကြာမီ မြင်တွေ့ကြရမည် ဖြစ်သည်။ ဘောင်းဘီချွတ် မင်းအောင်လှိုင်နှင့် အာဏာသိမ်း စစ်အုပ်စုကို မူလကတည်းက အသိအမှတ်ပြု ဆက်ဆံထောက်ခံခဲ့ကြသော တရုတ်၊ ရုရှား၊ ဘယ်လာရုစ်စသည့် အာဏာရှင်နိုင်ငံများ၊ မြန်မာနှင့် မဆက်ဆံ၍မရသော အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့ ထောက်ခံ ကြိုဆိုကြောင်း ပြသနိုင်ပါသည်။ သို့သော် နိုင်ငံတကာအသိုက်အဝန်းက ၎င်း၏လုပ်ရပ်ကိုသာ လေ့လာစောင့်ကြည့်ကြမည် ဖြစ်သည်။   

စင်စစ် မင်းအောင်လှိုင် အစိုးရသစ် မဖွဲ့စည်းမီကတည်းက မြန်မာ့ပြဿနာမှာ လျော့ပါးသွားခြင်းမရှိဘဲ ကြီးမား သော ဒေသတွင်း စိန်ခေါ်မှုကြီးအဖြစ် ခြောက်နှစ်ဆက်တိုက် ရှိနေနှင့်ပြီ ဖြစ်၍ ကုလသမဂ္ဂနှင့် အာဆီယံ အသင်းကြီး၏ ထောက်ခံမှုကို ချက်ချင်းရရှိနိုင်မည် မဟုတ်ပါ။ အာဆီယံ၏ တူညီဆန္ဒငါးချက်သည် မြန်မာ့ပြဿနာဖြေရှင်းရေး နိုင်ငံတကာ၏ ဘုံသဘောထားရပ်တည်ချက်အဖြစ် လွန်ခဲ့သော ငါးနှစ်လုံးလုံး မပြောင်းမလဲ ရှိခဲ့သည်။ ပထမဆုံး အချက်ဖြစ်သော အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး အချက်ကို အစဉ်တစိုက် ငြင်းပယ်ခဲ့သော ဘောင်းဘီချွတ် မင်းအောင်လှိုင် အကောင်အထည် ဖော်ရဲသော သတ္တိရှိမည် မဟုတ်ပါ။ 

အကယ်၍ မြန်မာပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်စစ်ခင်းနေသည့် လုပ်ရပ်များဖြစ်သော နိုင်ငံအနှံ့ နေ့စဉ် တိုက်လေယာဉ်များဖြင့် ဗုံးကြဲနေခြင်း၊ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်း၊ အပြစ်မဲ့ ပြည်သူများကို တရားမဲ့သတ်ဖြတ်နေခြင်းနှင့် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များအတွင်းရှိ ပစ္စည်းများကို လုယက်ခိုးယူခြင်းစသည့် ရာဇဝတ်မှုလုပ်ရပ်များ စစ်တပ်ကျူးလွန်နေခြင်းကို ချက်ချင်းရပ်တန့်မည်ဆိုလျှင် နိုင်ငံတကာ၏ တုံ့ပြန်မှု အပြောင်းအလဲ ရှိလာနိုင်ပါသည်။     

ထိုကဲ့သို့ စစ်တပ်၏ အကြမ်းဖက်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ချက်ချင်းရပ်တန့်ပြီး၊ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များ (ERO) အားလုံးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ခြွင်းချက်မထားဘဲ မျက်နှာချင်းဆိုင် နိုင်ငံရေးဆွေးနွေးပွဲ များ စတင်ရန် စစ်မှန်သော သဘောထားမျိုး မင်းအောင်လှိုင် သတ္တိရှိရှိ ပြသလုပ်ဆောင်ရဲမည် မဟုတ်ပါ။ 

စစ်တပ်အပေါ် ယုံကြည်မှု အလုံးစုံပျက်သုဉ်းခဲ့ပြီးဖြစ်သော အခြေအနေတွင် တိုင်းပြည်ကို အမှန်တကယ်   ငြိမ်းချမ်းရေးဆီ ဦးတည်လိုပါလျှင် စစ်အုပ်စုသည် ထိုအခြေအနေကို ပြန်လည်ကုစားရန် အလွန်အရေးကြီး ပါသည်။ ထို့အတွက် အာဆီယံ၏ ကြားဝင်ကြီးကြပ်မှုကို လက်ခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကောင်အထည်ဖော်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့ဆိုလျှင် အာဆီယံ တူညီဆန္ဒငါးချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်၍ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းဘက်ကလည်း မြန်မာ့နိုင်ငံရေး တိုးတက်မှုအပေါ် မူတည်၍ သဘောထားပြောင်းနိုင်ဖွယ် ရှိပါသည်။

သို့ရာတွင် စစ်တပ်၏ မုသာဝါဒကျူးလွန်မှုများနှင့် ပတ်သက်လျှင် ဖျောက်ဖျက်မရသော သမိုင်းသက်သေ အမြောက်အများရှိနေပါ သည်။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခေါင်းစဉ်တပ်၊ ဘောင်းဘီချွတ် အရပ်သားအစိုးရအသွင် ကူးပြောင်းပြီး၊ စစ်တပ်အာဏာချုပ်ကိုင်ရေး စီမံကိန်းကြီးကို အာဏာရှင်ဟောင်းသန်းရွှေ ဦးဆောင်အကောင်အထည် ဖော်ခဲ့ဖူးသည်။ စစ်အုပ်စု၏ မရိုးသားသော စိတ်နေစိတ်ထားများ၊ လုပ်နည်းလုပ်ဟန်များကြောင့် အချိန်တိုအတွင်း ပျက်စီးခဲ့သည်။ 

ထိုစဉ်က သန်းရွှေသည် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကို ဒေသဖွံ့ဖြိုးရေးလုပ်ရန် အခွင့်အာဏာအချို့နှင့် စီးပွားရေးမက်လုံးများပေးနှစ်သိမ့်ပြီး၊ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန်၊ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆွဲဆောင်ခဲ့သည်။ သို့သော် အင်အားနည်း လက်နက်ကိုင်အဖွဲ့အချို့ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် စည်းရုံးနိုင်ခဲ့သည့်မှလွဲ၍ မအောင်မြင်ခဲ့ပါ။ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များသည် ယခုအခါ မူးယစ်ဆေးဝါး၊ လူကုန်ကူးခြင်း၊ တရုတ်ကျားဖြန့် နိုင်ငံတကာရာဇဝတ်မှုများ  လုပ်ဆောင်လျက်ရှိသည်။ 

သမ္မတဟောင်းသိန်းစိန်လက်ထက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံသဏ္ဌာန်ပြောင်းလဲ ဖော်ဆောင်ခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုကို ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှုံးနိမ့်ပြီး အာဏာလက်လွှတ်ခဲ့ရသည်။ ထိုအခါ စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ ဗီဇအကျင့်စရိုက်များကို ကြာကြာဖုံးကွယ်နိုင်စွမ်းမရှိဘဲ၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်၊ မဲမသာမှုပြုသည်ဟု စွပ်စွဲပြီး အာဏာသိမ်းလိုက်ခြင်းဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA စာချုပ်တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်။ စစ်ခေါင်းဆောင်များသည် ကတိမတည်ကြသူများ၊ မယုံကြည်ထိုက်သူများ ဖြစ်ကြောင်း ၎င်းတို့၏လုပ်ရပ်များက သက်သေပြခဲ့သည်။ 

အကယ်၍ မင်းအောင်လှိုင်သည် နောက်ထပ်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဖက်ဖက်မှ အသာစီးရယူပြီး ထပ်မံ ကြိုးစားမည်ဆိုလျှင်၊ တိုင်းပြည်တွင် စစ်မှန်သောငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ကြိုးပမ်းခြင်းမျိုး မဟုတ်ဘဲ၊ စစ်ရေးနည်းလမ်းဖြင့် ဆုံးရှုံးထားသောနယ်မြေများ ပြန်လည်သိမ်းပိုက်ရန် စစ်အင်အားကို ပုံအောသုံးစွဲရမည်ဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စစ်ဗျူဟာတစ်ရပ်အဖြစ် အသုံးချခြင်းသာ ဖြစ်ပါလိမ့်မည်။ ဤနည်းဖြင့် စစ်အုပ်စုသည် ၎င်းနှင့် မဟာမိတ်ပြုထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြီး နိုင်ငံတကာအသိုက်အဝန်းကို လှည့်စားနေချိန်၊ အခြားတစ်ဖက်တွင် နယ်မြေပြန်လည်သိမ်းပိုက်ရေး ထိုးစစ်များကို ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်လုပ်ဆောင်ပါလိမ့်မည်။

တော်လှန်ရေး ငါးနှစ်ကျော်မှ ပေါ်ထွက်လာသော ဖက်ဒရယ်ဦးဆောင်ကောင်စီ၏ လားရာ    

မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းမှ မည်မျှဆန့်ကျင်ကန့်ကွက်နေပါစေ သမ္မတဖြစ်ချင်၍ အာဏာ သိမ်းခဲ့သော ဘောင်းဘီချွတ် မင်းအောင်လှိုင်သည် နိုင်ငံအာဏာကို ၎င်း၏လက်ထဲ ရေရှည်ထိန်းချုပ်ရေး စီမံကိန်းအား တစ်ဆင့်ချင်း လုပ်ဆောင်လျက်ရှိရာ ယခုအခါ သူရည်မှန်းထားသကဲ့သို့ သမ္မတရာထူးကို ပီပီပြင်ပြင် ရယူလိုက်ပြီဖြစ်သည်။ တရားဝင်ခြင်း မဝင်ခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြုခြင်း မပြုခြင်း၊ လုံးဝဂရုမစိုက် ဟန်ပြခဲ့သော မင်းအောင်လှိုင်သည် အရာအားလုံးကို စိတ်တိုင်းကျ လုပ်ဆောင်ခဲ့ပြီဖြစ်သည်။ 

အခြားတစ်ဖက်တွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရန်၊ ပြည်သူ့အာဏာကို ပြည်သူကြည်ဖြူသော ပြည်သူ့ကိုယ်စားလှယ်များလက်ထဲ ပြန်လည်အပ်နှင်းနိုင်ရန် ဖွဲ့စည်းခဲ့သော NUG အစိုးရသည် လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ခဲ့ကြသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ နှင့် လွန်ခဲ့သော ငါးနှစ်လုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုသာ အလေးထား လုပ်ဆောင်နိုင်ခဲ့သည်၊ စစ်အာဏာသိမ်းမှုကို နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ခဲ့ကြပြီးနောက် သမိုင်းတွင် မကြုံဖူးအောင် နယ်မြေသိမ်းပိုက် ထိန်းနိုင်မှုများ ရရှိခဲ့သည်။

သို့ရာတွင် NUG နှင့် ERO များအကြား စစ်အာဏာရှင်စနစ် ဖယ်ရှားရေးတွင် ဘုံသဘောထားရပ်တည်ချက် ရှိခဲ့ သော်လည်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် နိုင်ငံရေးရပ်တည်ချက် အမျိုးမျိုးကွဲပြားလျက် ရှိနေသောကြောင့် နိုင်ငံရေးအရ ပေါင်းစည်းမှု မပြုလုပ်နိုင်ခဲ့ပါ။ ထို့ကြောင့် ကုလသမဂ္ဂကဲ့သို့ ကမ္ဘာ့စင်မြင့်ထက် တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက  တော်လှန်ရေးအင်အားစုများကို ကိုယ်စားပြု ရပ်တည်နေလင့်ကစား၊ NUGနှင့် ERO များအကြား တစ်ခုတည်းသော နိုင်ငံရေးဦးဆောင်မှုအား မပြသနိုင်ခဲ့သဖြင့် နိုင်ငံတကာ၏ ထောက်ခံ ရပ်တည်မှုကို ရရှိသင့်သလောက် မရရှိခဲ့ကြပါ။  

ထိုအခြေအနေကို သင်ခန်းစာယူ ပြင်ဆင်ပြီး၊ ယခုအခါ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) ကို NUG၊ CRPH၊ ဖက်ဒရယ်ယူနစ်အစိုးရတရပ်ဖြစ်သော ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC)၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို မူဝါဒအခိုင်အမာချမှတ် တိုက်ပွဲဝင်နေကြသော အဓိက ERO လေးဖွဲ့ဖြစ်သည့် KIO/KIA ၊ KNU/KNLA ၊ KNPP/KA နှင့် CNA/CNF အဖွဲ့များ ပါဝင်ဖွဲ့စည်းလိုက်သည်။ SCEF သည် စစ်ရေးနှင့် နိုင်ငံရေး မျက်နှာစာ နှစ်ဖက်စလုံးတွင် ဟန်ချက်ညီ ဦးဆောင်မှုပေးမည့် အဖွဲ့ဖြစ်ကြောင်း မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ လေ့လာတွေ့ရှိရသည်။

ဤတစ်ကြိမ် ထုတ်ပြန်ကြေညာချက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ အမှတ်တံဆိပ်များကို   ပွင့်လင်းမြင်သာစွာ ဖော်ပြလာခြင်း၊ ဖွဲ့စည်းခြင်းအခမ်းအနားတွင် ပါဝင်သော အဖွဲ့အစည်းအသီးသီးမှ ထိပ်သီးခေါင်းဆောင်များ ကိုယ်တိုင်တက်ရောက်ခြင်း စသည့် သွင်ပြင်လက္ခဏာများကို ထောက်ရှုလျှင် SCEF ကို စစ်ရေးနှင့် နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ကြီးအဖြစ် ခိုင်ခိုင်မာမာ ဖွဲ့စည်းလိုက်ခြင်းဟု နားလည်နိုင်ပါသည်။

သို့ရာတွင် SCEF သည် အလွန်နောက်ကျပြီးမှ ပေါ်ပေါက်လာသည်ဟု နိုင်ငံရေးအရ ညီညွတ်သော ဦးဆောင်မှုကို မျှော်လင့်နေကြသည့် မြန်မာပြည်သူအများအပြားက ထင်မြင်ယူဆနိုင်ပါသည်။ အမှန်တကယ်အားဖြင့်လည်း အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရ အောင်မြင်မှုအရှိဆုံးကာလ၊ မြန်မာ့အရေးအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ စိတ်ဝင်စားမှု အမြင့်ဆုံး ကာလ၊ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် အာဏာသိမ်းစစ်တပ် ပြိုလဲနေသည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် SCEF ကို ဖွဲ့စည်းနိုင်ခဲ့ပါက လွန်စွာချိန်သားကိုက် သင့်လျော်ပေလိမ့်မည်။ ထို့ကြောင့် မထောက်မညှာ ဝေဖန်ရမည်ဆိုလျှင် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးရင့်ကျက်မှု အားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ အချိန်လွန်မှ ဖွဲ့စည်းပေါ်ပေါက်လာနိုင်ခြင်း ဖြစ်သည်။

အချိန်လွန်သော်လည်း အချိန်မနှောင်းသေးပါ။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော နယ်မြေဒေသ အချို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်နေချိန် SCEF သည် စစ်တပ်၏ ထိုးစစ်များကို နိုင်ငံအနှံ့ ဟန်ချက်ညီညီ တန်ပြန်စစ်ရေးထိုးစစ်များဖြင့် တွန်းလှန်ပြီး၊ နယ်မြေသိမ်းထိုးစစ်များ ပြန်လည်ဦးဆောင်လာနိုင် မည်လား စောင့်ကြည့်ရပေလိမ့်မည်။ နိုင်ငံတကာမျက်နှာစာတွင် SCEF ၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသရန် လိုအပ်နေပါသေးသည်။ 

SCEF တွင် ပါဝင်သော NUG သည် နိုင်ငံတကာ အသိုက်အဝန်းက လက်ခံထားပြီးဖြစ်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်မှ ပေါ်ထွက်လာသည့် ပြည်သူများ၏ ဆန္ဒသဘောထားကို ကိုယ်စားပြုသော အစိုးရအဖြစ် ရပ်တည်လျက် ရှိသည်။ ထို့အတူ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ကြီးကလည်း NUG ကို မြန်မာပြည်သူများအား ကိုယ်စားပြုသော အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု လက်ခံဆက်ဆံလျက်ရှိသည်။ အထင်ရှားဆုံးမှာ NUG ကို ကိုယ်စားပြုသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးသည် ယနေ့အချိန်အထိ ကုလသမဂ္ဂတွင် မြန်မာပြည်သူများအား ကိုယ်စားပြုလျက်ရှိသည်။ 

နိုင်ငံတကာအသိအမှတ်ပြုမှု ပုံသဏ္ဌာန်တစ်ခုအား လက်ခံရရှိပြီးသား NUG ၏ အဆင့်အတန်းကို တွန်းအားအသစ်များဖြင့် SCEF ခေါင်းဆောင်မှုပိုင်းက အမြော်အမြင်ရှိရှိ အဆင့်မြှင့်တင်ပေးမည်လား၊ သို့တည်းမဟုတ် NUG ၏ အခန်းကဏ္ဍကို မှေးမှိန်စေပြီး၊ SCEF သည်သာလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်ကြောင်း နိုင်ငံတကာကို အသစ်တဖန် ချဉ်းကပ်မည်လား စောင့်ကြည့်ရပေလိမ့်မည်။ 

အကယ်၍ ဒုတိယချဉ်းကပ်နည်းလမ်းကို ကျင့်သုံးမည်ဆိုပါက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် SCEF ၏ အခွင့်အာဏာနှင့် လက်တွေ့စွမ်းဆောင်ရည်ကို အချိန်အတိုင်းအတာ တစ်ခုယူ၍ စောင့်ကြည့်ကြမည်ဖြစ်ပြီး၊ ချက်ချင်း လက်ခံကြလိမ့်မည် မဟုတ်ပါ။ ထိုအချိန်ကာလသည် စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် အသက်တမျှအရေးကြီးပြီး၊ လွန်ခဲ့သော ငါးနှစ်လုံးလုံး စစ်ဘေးဒဏ်ခံစားနေရသော ပြည်သူများအတွက် ဆိုဖွယ်ရာမရှိပေ။  

ခြေလှမ်းတိုင်းအတွက် အချိန်ဆွဲမနေသင့်ဘဲ၊ အချိန်တိုင်းသည် SCEF ၏ လားရာကို အဆုံးအဖြတ်ပေးပါ လိမ့်မည်။ တစ်ဖက်တွင် ဘောင်းဘီချွတ် မင်းအောင်လှိုင်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရေး ခြေလှမ်းသွက်သွက် ကြိုးပမ်းလာမည်ကို တွက်ဆကြည့်လျှင် SCEF သည် နိုင်ငံရေး ရင့်ကျက်မှုရှိရှိဖြင့် NUG ၏ နိုင်ငံတကာပုံရိပ် ပိုမိုမြှင့်မားစေရန်ကိုသာ ဦးတည်ဆောင်ရွက်သင့်သည်။ ယခုအချိန်အထိ SCEF သည် ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး နိုင်ငံရေးဦးတည်ချက်ခြောက်ရပ်ကို ဖော်ပြခြင်းကလွဲ၍ ခေါင်းဆောင်မှု ဖွဲ့စည်းပုံ၊ အာဏာခွဲဝေကျင့်သုံးပုံနှင့် လက်တွေ့လုပ်ငန်းအစီအစဉ်များကို မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ ထုတ်ပြန်အသိပေးခြင်း မရှိသေးပါ။ 

စစ်အာဏာရှင်ဖိနပ်အောက် “နိုင်ငံရေး အဆိုးသံသရာ”ထဲ တစ်ပတ်ပြန်လည်နေကြသူများ  

စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍  ဒီမိုကရေစီအင်အားစုများကို ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းဖျက်ဆီးခဲ့ခြင်းကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအယူအဆကို ကိုင်စွဲထားကြသည့် အရပ်ဘက်နိုင်ငံရေးပတ်ဝန်းကျင် လုံးဝဆိတ်သုဉ်းသွားခဲ့သည်။ 

ကမ္ဘာမြေထုပေါ်ရှိ ရှိရှိသမျှ အရာအားလုံးကို မီးတိုက်ဖျက်ဆီးသည့်နည်းလမ်း (Scorched-earth Tactic) ဖြင့် နိုင်ငံရေးဂေဟစနစ်ကြီးတစ်ခုလုံးကို မြေလှန်ဖျက်ဆီးပြီးနောက် ဘောင်းဘီချွတ် မင်းအောင်လှိုင်သည် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းရာတွင် အဖြည့်ခံနယ်ရုပ်များအဖြစ် စစ်တပ်ကို အသစ်တစ်ဖန် မဆန့်ကျင်သူများသာ ရှင်သန်နိုင်မည့် မြေပေါ်နိုင်ငံရေး အခင်းအကျင်းသစ်တစ်ခုကို ပြန်လည်ပုံသွင်းလာသည်။ 

စစ်တပ်ကို မဆန့်ကျင်ရသော၊ အတုအယောင် နိုင်ငံရေးလွတ်လပ်ခွင့် ဖန်တီးပေးထားသော နိုင်ငံရေးကစားကွင်းထဲတွင် တစ်ချိန်က စစ်တပ်၏ နိုင်ငံရေးချုပ်ကိုင်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့ကြသည့် အရပ်သားနိုင်ငံရေး သမားအချို့ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင် အသုံးတော်ခံခဲ့သည်။ ထိုသို့ အသုံးတော်ခံခဲ့သည့် ထင်ရှားသော နိုင်ငံရေးသမားများမှာ ကိုကိုကြီး၊ အေးမောင်၊ စန္ဒာမင်းနှင့် သက်သက်ခိုင် တို့ဖြစ်ပြီး၊ ရွေးကောက်ပွဲတွင် မရှုမလှရှုံးနိမ့်ကြခြင်း၊ ဝင်ပြိုင်ခွင့်ပင် မရရှိသော ကံကြမ္မာဆိုးများနှင့် ကြုံတွေ့ခဲ့ကြသည်။ ယခုအခါ ၎င်းတို့အားလုံး မင်းအောင်လှိုင်၏ အာဏာစက်ဝန်း၏ ဗဟိုချက်ကိုမဆိုထားနှင့် ကိုင်းဖျားကိုင်းနားကိုပင် နားခိုခွင့်မရှိကြတော့ပေ။

ထိုအခြေအနေတွင် ပါတီလည်းမထောင်၊ ရွေးကောက်ပွဲလည်းမဝင်၊ ၎င်းတို့၏ အစဉ်အဆက် ဖက်ဒရယ်အရေးနှင့် ဒီမိုကရေစီအရေး  ရပ်တည်ချက်များကို စွန့်လွှတ်ခြင်း မရှိသည့် အနည်းငယ်သော နိုင်ငံရေးအင်အားစုတစ်ခုသည် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့ (Political Coordination Body- PCB) အမည်ဖြင့် ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာချက်တစ်စောင်ကို မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်လာပါသည်။ “အစုအဖွဲ့” ဟု အမည်တပ်ထားသော PCB သည် ခိုင်မာသော နိုင်ငံရေးအဖွဲ့အစည်း ပုံသဏ္ဌာန်မျိုး မဟုတ်ဘဲ သဘောထားတူညီကြသော နိုင်ငံရေးအဖွဲ့အစည်းနှင့် တစ်သီးပုဂ္ဂလ နိုင်ငံရေးသမား အချို့ဖြင့် စုဖွဲ့ထားဟန်တူသည်။ 

အများပြည်သူ မျက်နှာစာသို့ ထွက်ပေါ်လာသော PCB ခေါင်းဆောင်ပိုင်းဆိုသူများမှာ ၁၉၉၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ရှမ်းပြည်နယ်တခွင် အောင်ပွဲဆက်တိုက်ရရှိခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြီးလျှင် အင်အားအကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်အဖြစ် လူသိထင်ရှားသော ဦးမြအေးနှင့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှတို့ ဖြစ်သည်။

PCB သည် ၎င်းတို့၏ ပွဲဦးထွက်ကြေညာချက်နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ ထိုစနစ်ကို အာမခံမည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေး၊ နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ မိတ်ဖက်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက် လေးရပ်ကို ထုတ်ပြန်ကြေညာလာပါသည်။ PCB ၏ နိုင်ငံရေး “ဆန္ဒသဘောထား” ကိုးချက်ကိုလည်း ဖော်ပြထားရာ၊ ထိပ်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရေးကို တောင်းဆိုထားသည်။

ကုလသမဂ္ဂတွင် ယနေ့အချိန်ထိ တရားဝင်အသိအမှတ်ပြု လက်ခံထားဆဲ မြန်မာနိုင်ငံ အစိုးရအဖွဲ့အကြီးအကဲများ ဖြစ်သော သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးထားပြီး၊ ယနေ့အချိန်ထိ စစ်ဖိနပ်အောက် ဖိနှိပ်အကြမ်းဖက်မှု ပြင်းထန်သော အခြေအနေတွင် တရားဝင် အစိုးရခေါင်းဆောင်နှစ်ဦးကို လွှတ်ပေးရန် နိုင်ငံရေးအင်အားစု တစ်ခု၏ ပထမဆုံး တောင်းဆိုမှုအဖြစ် အသိအမှတ် ပြုရပေလိမ့်မည်။ သို့သော် နိုင်ငံအကြီးအကဲနှစ်ဦး၏ တရားဝင် နိုင်ငံရေးရာထူးများကို ဖော်ပြနိုင်ခဲ့ခြင်း မရှိမှုက စစ်တပ်အလိုကျ နိုင်ငံရေးအခင်းအကျင်းတွင် ရပ်တည်ရှင်သန်နိုင်ရေးအတွက် PCB ၏ နိုင်ငံရေးရွေးချယ်မှု တစ်ခုပင်ဖြစ်သည်။  

PCB ၏ ဆန္ဒသဘောထားကိုးချက်ကို လေ့လာမည်ဆိုလျှင် အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ဖြတ်သန်းခဲ့ပြီးသော “နိုင်ငံရေး အဆိုးသံသရာ” (Political Vicious Circle) ကို အဆိုပါ နိုင်ငံရေးခေါင်းဆောင်များ ထပ်မံ၍ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရသည်ကို တွေ့မြင်ရပေလိမ့်မည်။ ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ကျနော်တို့မှာ အကာအကွယ်မရှိဘူး၊ ယုံကြည်ချက်ပဲ ရှိတယ်” ဟု ပြောဆိုထားသည်၊ အာဏာသိမ်းစစ်တပ်နှင့် တစ်စုံတစ်ရာ သဘောတူညီချက်ရယူပြီးမှ PCB ၏ နိုင်ငံရေးလှုပ်ရှားမှုကို စတင်ခဲ့ခြင်း မဟုတ်ကြောင်း ဖော်ညွှန်းလိုဟန်ရှိပါသည်။ 

ရှေ့လာမည့်ကာလတွင် PCB ၏ ခြေလှမ်းများကို ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးများက စိတ်ဝင်တစား စောင့်ကြည့်ကြပေလိမ့်မည်။ ထို့အတူ ဘောင်းဘီချွတ်မင်းအောင်လှိုင်နှင့် ၎င်း၏အစိုးရအဖွဲ့ကို စိန်ခေါ်ထိုးနှက်မည့် SCEF စစ်ရေးနှင့် နိုင်ငံရေးမဟာမိတ်အဖွဲ့ကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်ထိုးနှက်မည့် စစ်အုပ်စုသည် ၎င်းတို့အမြဲ သုံးနှုန်းလေ့ရှိသည့် ပြည်တွင်းပြည်ပ နှစ်ဖက်ညှပ်ဖိအားပေးလိုသည့်သဘောဖြင့် PCB ကို SCEF နှင့် ဆက်စပ်မှု ရှိမရှိ အနီးကပ်စောင့်ကြည့်ပေလိမ့်မည်။ တပြိုင်နက်တည်းတွင်ပင် SCEF ကို အားနည်းစေရန် PCB ကို ပြည်တွင်း နိုင်ငံရေးတွင် ရှင်သန်နိုင်ရုံမျှသာ အသက်ရှူခွင့်ပေးထားနိုင်ပါသည်။ ဤနည်းဖြင့် မြန်မာ့နိုင်ငံရေးသည် ပုံမှန်ပြန်လည် ဖြစ်သွားပြီဟု ပြသ၍ နိုင်ငံတကာထောက်ခံမှုကို ပြန်လည်ရယူပါလိမ့်မည်။   

လတ်တလော ဘက်အသီးသီး၏ နိုင်ငံရေးကစားကွင်းပြင်ဆင်နေပုံကို ခြုံငုံသုံးသပ်ရလျှင် စစ်မှန်ပြီး အနှစ်သာရ ပြည်ဝသည့်၊ နိုင်ငံတကာက ချီးကျူးထောက်ခံရသည်အထိ နိုင်ငံတကာအသိုက်အဝန်းထဲသို့ ပြန်လည် ဝင်ရောက်နိုင်မည့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမျိုး လုံးဝမဟုတ်ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသည်။ ရှေ့လာမည့်ကာလများတွင် စစ်ရေးပြင်းထန်မှုများ ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော အပြန်အလှန် ယုံကြည်မှုကင်းမဲ့သော နိုင်ငံရေးပတ်ဝန်းကျင်သည် ဆက်လက်ရှိနေပါလိမ့်မည်။ 

မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို နိုင်ငံတကာအသိုက်အဝန်းက စာနာနားလည်ကြောင်းပြသခြင်းမှလွဲ၍ မြန်မာ့ ပြဿနာကို ထိရောက်စွာ ကြားဝင်ဖြေရှင်းပေးမည့် နိုင်ငံတကာအင်အားစုတစ်ခု ပေါ်ပေါက်နိုင်မည့် အခြေအနေ မရှိပါ။ ငါးနှစ်ကျော် ပြိုကျပျက်စီးနေသော နိုင်ငံ၏ လူမှုစီးပွားဘဝ အခြေအနေများသည် မျိုးဆက်နှင့်ချီ၍ ပြန်လည် ကုစားမည်ဆိုလျှင်ပင် နာလန်ထူနိုင်ရန် မလွယ်ကူလှပါ။ 

သို့သော် မည်မျှဆိုးရွားသော အခြေအနေနှင့် ကြုံတွေ့ပါစေ၊ ကျရှုံးနိုင်ငံတစ်ခု၏ သန်းငါးဆယ်ကျော်သော ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ၎င်းတို့၏ သဘောထားကို အပေးအယူလုပ်ပြီး ပြောင်းလဲလိမ့်မည် မဟုတ်သောအချက်ကို “သစ္စာတရား” တို့၏ တည်မြဲခြင်းအဖြစ် တွေ့မြင်ကြရမည်ဖြစ်သည်။ ပြည်သူအပေါ် ယုံကြည်သော၊ “ပြည်သူသာလျှင် အဓိက” ဟူသည့် ခံယူချက်ကို ၎င်း၏ နိုင်ငံရေးစံနှုန်းအဖြစ် ကိုင်စွဲထားသော၊ ပြည်သူများ၏ နှလုံးသားအား သိမ်းကျုံးယူငင်ထားဆဲ ဖြစ်သော တရားဝင် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို PCB တောင်းဆိုသကဲ့သို့ လွှတ်ပေးခဲ့လျှင်၊ မြန်မာ့နိုင်ငံရေး အသစ်တဖန် နိုးထလိမ့်မည်ဟု သုံးသပ်တင်ပြလိုက်ပါသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button