အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုနယ် စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး ရဟန်းအပါအဝင် ၂ ဦး သေဆုံး

ဧရာဝတီမြစ်ဖြတ်ကူး၍ ထွက်ပြေးလာကြသော မန္တလေးစစ်ရှောင်များ ခိုလှုံနေထိုင်သော ရွှေဘိုနယ်မှ စခန်းတစ်ခုကို စစ်လေယာဉ်နှစ်စီး ယနေ့ ဗုံးကြဲ၊ ပစ်ခတ်ခဲ့စဉ် ရဟန်းတစ်ပါးနှင့် အမျိုးသမီးကြီးတစ်ဦးတို့ သေဆုံးသွားကြသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို ယနေ့(ဧပြီလ ၆ ရက်)တွင် တိုက်လေယာဉ် နှစ်စီးက ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ရဟန်းတစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများထံက သိရသည်။

ရွှေဘိုမြို့အနောက်မြောက်ဘက် ၂၃ မိုင်ခန့်အကွာ ဆင်အင်းကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ယနေ့နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် တိုက်ခိုက်ရေးလေယာဉ်နှစ်စီးက ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

စစ်ရှောင်စခန်းအတွင်း ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါစခန်းနေထိုင်သူများအနက် ရဟန်းတစ်ပါးနေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး အမျိုးသမီးကြီးတစ်ဦးလည်း ခြေထောက်ပြတ်တောက်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

သေဆုံးသူ နှစ်ဦးအပြင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်တစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ပေးခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးနှင့် စခန်းတာဝန်ရှိသူတို့က ပြောသည်။

“စစ်ဘေးရှောင်စခန်းက ကလေးတွေအတွက် ဖွင့်ပေးထားတဲ့ စာသင်ကျောင်းကို ကြဲခံရတာပါ။ ဘုန်းကြီး တစ်ပါးကတော့ ရင်ဘတ်တွေမှာ ထိပြီးတော့ နေရာမှာတင် ပျံလွန်သွားတယ်။ အဒေါ်ကြီးတစ်ယောက် ကတော့ ခြေထောက်ပြတ်သွားတယ်။ ကလေးတစ်ယောက်ကလည်း တစ်ယောက်ယောက်ပဲ ခေါ်သွားသလား၊ ဘယ်လိုလဲ မသိရသေးဘူး ပျောက်နေတယ်”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ပေးခဲ့သည့် ဒေသခံ အမျိုးသားက ဆိုသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သပိတ်ကျင်းမြို့နယ်ကို စစ်တပ်ပြန်လည်ရရှိသွားပြီးသည့်နောက် စစ်တပ် အန္တရာယ် ကြောက်ရွံ့သည့်အတွက် ထွက်ပြေးလာကြသူများ ခိုလှုံနေထိုင်နေကြသော စခန်းဖြစ်သည်။

“စာသင်ကျောင်းက စစ်ဘေးရှောင်စခန်းနဲ့ကပ်လျက်ပဲ။ စစ်ရှောင်တွေအတွက် ဖွင့်ပေးထားတာ။ အခုက အဲ့ဒီကျောင်းကို တိုက်ခိုက်တာ။ စစ်ဘေးရှောင်စခန်းဘက်ကိုလည်း ကြဲသေးတယ်။ အခုလက်ရှိမှာ နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရပါတယ်”ဟု အဆိုပါစစ်ဘေးရှောင်စခန်းတာဝန်ရှိသူ အမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

ရွှေဘိုခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုပြမြေပုံ။ 

လွန်ခဲ့သည့် သုံးရက်ကလည်း ဆင်အင်းကျေးရွာရှိ သပိတ်ကျင်းစစ်ဘေးရှောင်များ ငှားရမ်းနေထိုင်သည့် နေအိမ်တစ်ခု ဗုံးကြဲခံရပြီး လူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါကျေးရွာ၏ ကာကွယ်ရေး တာဝန်ခံကလည်း ပြောသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မန္တလေးတိုင်းအတွင်းမှ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့မှ သောင်းနှင့်ချီသော အရပ်သားပြည်သူများသည် စစ်တပ်က ယင်းမြို့နယ်များ ပြန်လည် ရရှိသွားသည့် အချိန်မှစပြီး စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များစွာတို့တွင် စစ်ရှောင်များအဖြစ် ရောက်ရှိခိုလှုံနေရသည်။

အာဏာသိမ်းစစ်တပ်က မန္တလေးတိုင်းမှ စစ်ရှောင်များကို ပစ်မှတ်ထား၍ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို ယမန်နှစ်ကတည်းက ပြုလုပ်နေသဖြင့် စစ်ရှောင်များ ထိခိုက်သေဆုံးခဲ့သည်။

ကမ္ဘာတစ်ဝန်း လောင်စာဆီ အကျပ်အတည်းဖြစ်နေသည့် မတ်လအတွင်းမှာပင် အာဏာသိမ်းစစ်တပ်က လူအစုလိုက်အပြုံလိုက် လူ ၃၀၀ ထက်မနည်း သေဆုံးစေခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို ရခိုင်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်ဒေသတို့တွင် ပြုလုပ်ခဲ့သည်။

ယခုနှစ် မတ်လဆန်းမှစတင်ကာ လေကြောင်းတိုက်ခိုက်မှုများကို စစ်တပ်က ပုံစံပြောင်း လုပ်ဆောင်လာပြီး အချို့နေရာမှ ပစ်မှတ်များကို လေယာဉ်နှစ်စီးမှ ငါးစီးအထိ အများအပြားအသုံးပြု၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ 

ရခိုင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာ တစ်ကြိမ်တည်းတွင်ပင် လေယာဉ်အများအပြား အသုံးပြု တိုက်ခိုက်လာသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိရှိရန် အာရက္ခတပ်တော် (AA) ကလည်း ယခုလဆန်း၌ တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ဇန်နဝါရီလအထိ  မှတ်တမ်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂,၂၉၃ ခုဖြင့် အရပ်ဘက် အခြေခံအဆောက်အဦများကို ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းသည် အဆိုးဆုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button