မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဖလံကိုင်းရေနံမှော်ကို ဧပြီလ ၄ ရက်နေ့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။
ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပေါက်နှင့် မြိုင်မြို့နယ်အကြားတွင် ရှိသော အဆိုပါရေနံမှော်ဝန်းကျင်ကို တိုက်လေယာဉ် ငါးစီးဖြင့် ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ ထိုကဲ့သို့ PDF များ သေဆုံး၊ ထိခိုက်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ လူနေအိမ် နှစ်လုံးထက်မနည်းလည်း ပျက်စီးခဲ့သည်။
“ ပြည်သူတွေ နေအိမ်တွေပျက်စီးတာတွေရှိတယ်။ ရဲဘော်တွေ အထူးသဖြင့်တော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဘက်က ရဲဘော်ငါးဦးကျသွားပြီ။ ဒဏ်ရာရထားတဲ့ ရဲဘော်တွေလည်းရှိတယ်လို့ သိထားရပါတယ်။ လတ်တလော အထိကတော့။ ပြောနိုင်သလောက်ကတော့ (တပ်)ရင်းတွေကိုတော့ အတည်ပြုလို့ တော့မရသေးဘူး”ဟု ထိုအခြေအနေကို သိသောဒေသတွင်း သတင်းရင်းမြစ်အမျိုးသား တစ်ဦးက ယင်းနေ့ ညပိုင်းတွင် ပြောသည်။
PDF နောက်တစ်ဦး သေဆုံးသည်ဟု ထပ်သိရသောကြောင့် သေဆုံးသူ ခြောက်ဦးရှိလာကြောင်း ၎င်းက မိနစ်အနည်းငယ်ခြား၍ ထပ်ပြောသည်။
သေဆုံးထိခိုက်သူများမှာ မကွေးအခြေစိုက် PDF တပ်ရင်းများမှ ဖြစ်သည်ဟုသာ သိရပြီး အခြေအနေ အသေးစိတ် မသိရပေ။
ဖလံကိုင်းရေနံမြေဝန်းကျင်အား မကွေးလေတပ်မှတက်သည့် တိုက်လေယာဉ် သုံးစီး၊ မိတ္ထီလာလေတပ်မှ တက်သည့် တိုက်လေယာဉ်နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း ဒေသတွင်းစစ်ရေး သတင်းများ ဖော်ပြနေသည့် We love Myaing အဖွဲ့ကလည်း ထုတ်ပြန်သည်။
ပေါက်မြို့နယ်မြောက်ပိုင်းနှင့် မြိုင်မြို့နယ်တောင်ပိုင်းရှိ ရေနံမြေများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းမှ PDF ခရိုင်တပ်ရင်းများ အင်အားအလုံးအရင်းဖြင့် မတ်လ ၃၀ ရက်နေ့က ရောက်ရှိနေကြသည်။
ရေနံမြေ စီမံခန့်ခွဲမှုအပါအဝင် အခြား ဒေသတွင်း စစ်ရေး၊ လုံခြုံရေးကိစ္စရပ်များကြောင့် ရောက်ရှိလာကြ ခြင်းဖြစ်ပြီး ထိုဒေသ၌ အခြေစိုက်သော PDF တပ်ရင်းတပ်ဖွဲ့များလည်း ရှိသဖြင့် NUG တပ်အချင်းချင်း အကြား စစ်ရေးတင်းမာမှုများရှိခဲ့သည်။
အဆိုပါတင်းမာမှုကြောင့် ထိုရေနံမြေအနီးဝန်းကျင်ရှိ ကျေးရွာသုံးရွာမှ ဒေသခံများ စိုးရိမ်ထိတ်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့သို့ ရေနံမြေအတွင်း PDF တပ်များ အင်အားအလုံးအရင်းဖြင့် ရှိနေကြစဉ် စစ်တပ်ဝါဒဖြန့်သူများကလည်း လေကြောင်းတိုက်ခိုက်မှုလုပ်ရန်လှုံ့ဆော်ခဲ့ကြပြီးနောက် လေကြောင်းဗုံးကြဲမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသား ညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်တို့က ရေနံမြေ စီမံခန့်ခွဲမှုများအပါအဝင် ဒေသအရေး နှစ်ရက်ဆက် တွေ့ဆုံဆွေးခဲ့ပြီး ရေနံမြေ စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမည်ဟု ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါကြီးကြပ်ရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးရသူထွန်းနှင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ဦးဆောင်သည့် တာဝန်ရှိသူများဖြင့် ပူးတွဲဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။
နှစ်ရက်တာဆွေးနွေးပွဲအတွင်း အပြုသဘောဆောင်သည့် ဆွေးနွေးမှုများရှိခဲ့ပြီး ပြည်ထောင်စုအစိုးရနှင့် မကွေးယူနစ်အစိုးရကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရေးအတွက်ပါ ဆက်လက်ဆောင်ရွက်နိုင်ရန် ခြေလှမ်း စတင်နိုင်ခဲ့ကြောင်း ဒုတိယ ဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က ပြောသည်။
“လက်ရှိအခြေအနေတွေကို ကောင်းမွန်စွာထိန်းသိမ်းဖို့တင်မကဘူး နောင် တော်လှန်ရေးမှာလည်း အထူးသဖြင့် ယူနစ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကြားမှာ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေးအတွက်ပါ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ခြေလှမ်းတွေစနိုင်ခဲ့တဲ့အတွက် ကောင်းမွန်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီရလဒ်တွေကို အကောင်အထည်ပေါ်လာဖို့တော့ အလုပ်လုပ် ရပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
NUG က အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးများ ပိုမိုဆောင်ရွက်ရန် ရည်ရွယ်ပြီး ဒေသအလိုက် အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေရာ စစ်ကိုင်း၊ မန္တလေးနှင့် မကြာသေးမီ မတ်လတွင် မကွေးတိုင်းအစိုးရအဖွဲံ ဖွဲ့စည်းခဲ့ပြီး ဒေသအလိုက်အစိုးရများကို ဖက်ဒရယ်ယူနစ်ဟု သုံးစွဲနေသည်။
မြိုင်မြို့နယ်တောင်ပိုင်းနှင့် ပေါက်မြို့နယ်မြောက်ပိုင်းရှိ မြန်မာ့ရေနံနှင့်စွမ်းအင်လုပ်ငန်းလက်အောက်ခံ ရေနံလုပ်ကွက်များကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်တိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် မြိုင်နှင့် ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များအပါအဝင် ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထို့နောက် အဆိုပါ ရေနံမြေများကို ပကဖနှင့် ဒေသတွင်းအဖွဲ့များက ဦးစီးလုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီ အကျပ်အတည်းကို တစ်နိုင်ငံလုံးရင်ဆိုင်နေရချိန် တော်လှန်ရေးအင်အားစုများ စိုးမိုးထားရာ မကွေးတိုင်း ရေနံမြေများမှ ထွက်ရှိသည့် ချက်ဆီများသည် ဒေသခံများအတွက် ဆီအကျပ်အတည်းအတွက် အသက်ရှုပေါက် ချောင်နေရသည့် အခြေအနေ ဖြစ်နေသည်။



