ဗိုလ်မင်းအောင်လှိုင် စစ်ဝတ်စုံချွတ်ပြီး သမ္မတလမ်းကြောင်းထဲ ဝင်လာတာကို လူအများက သူ့ရဲ့ မူလရည်မှန်းချက် ပြည့်လာတာလို့ မြင်ကြပါတယ်။ ဒီလိုမြင်တာ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးအတွက် ပိုအရေးကြီးတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ လူတစ်ယောက် သမ္မတရူးတာက ပြဿနာအဆုံးလား။ ဒါမှမဟုတ် အဲဒီလိုလူတစ်ယောက်ကို တိုင်းပြည်တစ်ခုလုံးအပေါ် စိတ်ကြိုက်ကစားခွင့်ပေးတဲ့ စစ်တပ်စနစ်က ပိုကြီးတဲ့ပြဿနာလား ဆိုတာပါပဲ။
တကယ်တော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဗိုလ်မင်းအောင်လှိုင် ကျူးလွန်ခဲ့တာဟာ သူကိုယ်တိုင် သမ္မတ ဖြစ်ချင်လို့ဆိုတဲ့ သုံးသပ်ချက်က အသစ်တော့မဟုတ်ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးနောက် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကြား မကျေလည်ချက်ထဲမှာ သမ္မတရာထူး၊ အာဏာခွဲဝေမှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖန်တီးထားတဲ့ အာဏာချိန်ခွင်လျှာတွေ ပါဝင်နေတယ်ဆိုတာကို နိုင်ငံရေးလေ့လာသူတော်တော်များများက ထောက်ပြခဲ့ကြပြီးသားပါ။
မြန်မာစစ်တပ် ခေါင်းဆောင်တွေ အာဏာရူးတယ် ဆိုတာလည်း အထူးအဆန်း မဟုတ်ဘဲ သမိုင်းမှာ ဓလေ့ အဖြစ်တောင် တွင်နေပါတယ်။ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ဒေါက်တာမောင်မောင်ကြီးရဲ့ မြန်မာ့နိုင်ငံရေး အတွေးအခေါ် (Burmese Political Values) စာအုပ်ကို ကောက်နုတ်တင်ပြရာမှာ “မင်းနဲ့မင်းမှုထမ်းဟာ စိတ်ရူးပေါက်တဲ့အတိုင်း ဗလောင်းဗလဲ လုပ်တတ်တာကြောင့် ဒီလိုလူတွေကို မကောင်းဆိုးဝါးအဖြစ် ပြည်သူလူထုက သတ်မှတ်ကြပါတယ်” လို့ ရေးဖူးပါတယ်။
ဆိုချင်တာက သမ္မတရူးတဲ့ ဗိုလ်မင်းအောင်လှိုင်က ရွေးကောက်ပွဲနိုင်သူတွေကို အခြေအမြစ်မရှိ စွပ်စွဲ၊ ဗလောင်းဗလဲလုပ် အာဏာသိမ်းခဲ့တယ်။ ဒါပေမဲ့ ပြဿနာက လူတစ်ယောက်ရဲ့ အာဏာရူးစိတ်နဲ့တင် အပြီးသတ် မြင်ပြီး ဖြေရှင်းလို့ မရပါဘူး။ လူတစ်ယောက် အာဏာရူးလို့ တိုင်းပြည်ပျက်တာ မှန်ပေမယ့်၊ အဲ့ဒီလူတစ်ယောက် စိတ်ကြိုက် ထင်တိုင်းကြဲနိုင်အောင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး၊ နိုင်ငံရေးယဉ်ကျေးမှုတစ်ခုလုံးက ခွင့်ပြုပေးနေတာက ပိုအန္တရာယ်ကြီးတဲ့ ဇာစ်မြစ်ပြဿနာပါ။ အာဏာသိမ်းမှုကို ဖြစ်စေခဲ့တာမှာ မင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအာသီသတစ်ခုလို့ဆိုရင် အဲ့ဒီအာသီသကို လက်တွေ့အင်အားအဖြစ် ပြောင်းလဲပေးနိုင်တဲ့ တပ်မတော်စနစ်လည်း ရှိနေလို့ပါပဲ။
မြန်မာ့အရေး တစိုက်မတ်မတ် လေ့လာပြီး စာအုပ်တွေ ပြုစုခဲ့တဲ့ ပါမောက္ခ ဒေးဗစ်စတိုင်းဘတ် (David Steinberg) ကတော့ ဒါကို ဗိုလ်မင်းအောင်လှိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုဂ္ဂိုလ်ရေး အာဏာလွန်ဆွဲမှု အပြင် စစ်တပ်က သမိုင်းကာလကြာရှည် လုပ်ဆောင်ခဲ့တဲ့ သူ့အကျိုးစီးပွားနဲ့ သူတို့မှတ်ယူထားတဲ့ နိုင်ငံအကျိုးစီးပွားအတွက် ကာကွယ်ထိန်းချုပ်မှု လုပ်ရပ်အဖြစ် ၂၀၂၁ ခုနှစ်တုန်းက သုံးသပ်ဖူးတယ်။
တကယ်လည်း အဲ့ဒီလိုပါပဲ။ “မင်းအောင်လှိုင်” ဆိုတာက ရောဂါလက္ခဏာတစ်ခုသာပါ။ ရောဂါရင်းမြစ်က တပ်မတော်ကို နိုင်ငံ့ရဲ့ အထက်စီးက ထီးတစ်လက်လို မြင်စေတဲ့ စစ်အာဏာရှင်စနစ်ပါ။ စစ်တပ်အနေနဲ့ ဥပဒေအပေါ်၊ လူထုအပေါ်၊ ရွေးကောက်ပွဲရလဒ်အပေါ် သူတို့ အကျိုးစီးပွားနဲ့ ထိပ်တိုက်တွေ့လာရင် လက်မခံဘဲ နေနိုင်တဲ့ အထူးအဖွဲ့အစည်းအဖြစ် တည်ဆောက်ထားတဲ့ သန္ဓေမမှန်တဲ့ ဖွဲ့စည်းပုံ ပြဿနာပါ။ ဒါက ၂၀၂၆ ခုနှစ် အလွန် မြန်မာ့နိုင်ငံရေးမှာ ဖြေရှင်းရမယ့် ပြဿနာလည်း ဖြစ်တယ်။
သမိုင်းကို ပြန်ကြည့်ရင် ၁၉၅၈ နဲ့ ၁၉၆၂ မှာ ဗိုလ်နေဝင်း အာဏာသိမ်းတာကစပြီး စစ်တပ်နဲ့ နိုင်ငံရေးပါတီ၊ အုပ်ချုပ်ရေးစနစ် ပေါင်းစပ်မှုကို စနစ်တကျနဲ့ တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံနဲ့အတူ နိုင်ငံတော်နဲ့ စစ်တပ်ကို ခွဲမရအောင်လုပ်တဲ့ လမ်းကြောင်း ပေါ်ပေါက်လာတယ်။ ဒါကို ဗိုလ်သန်းရွှေက အမွေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အသက်ဆက်တယ်။ ဒီလမ်းကြောင်းမှာ ဗိုလ်မင်းအောင်လှိုင်က သူ့ သမ္မတအိပ်မက်ကြောင့် စစ်တပ်ကို အသုံးချပြီး ဒီတစ်လမ်းတည်းကို နှစ်ခါ ပြန်လျှောက်ခိုင်းကာ ၂၀၂၁ အာဏာသိမ်းပွဲ ထွက်ပေါက်၊ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် အလွန် စစ်နိုင်ငံရေး ဖန်တီးတာပါပဲ။
အဓိပ္ပာယ်က ရှင်းပါတယ်။ သူ့အရင် အဆက်ဆက် စစ်အာဏာရှင်တွေ မျိုးစေ့ချ ကျင့်သုံးခဲ့တဲ့အတိုင်း စစ်တပ်က နိုင်ငံတော်ကို ကာကွယ်ရမယ့်အဖွဲ့ကနေ နိုင်ငံတော်ကို ပိုင်ဆိုင်သလို သဘောထားတဲ့ အဖွဲ့ ဖြစ်နေတာကို ထပ်ဆင့် ပုဂ္ဂိုလ်ရေး အကျိုးအတွက် အသုံးချခဲ့တာပါ။ ဘာကြောင့် အဲဒီလို အသုံးချနိုင်ခဲ့၊ အသုံးချနိုင်နေလဲ။ ကြည့်ရအောင်ပါ။
မြန်မာစစ်တပ် အကြောင်း လေ့လာရေးသားကြတဲ့ ပညာရှင်တွေထဲက တပ်မတော် မော်ကွန်းတိုက်ကို အသုံးပြုခွင့်ရခဲ့သူတစ်ဦးဖြစ်တဲ့ Mary Callahan ကတော့ စစ်အစိုးရရှည်ကြာမှုကို အာဏာရှင်တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးလက္ခဏာနဲ့တင် မရှင်းဘဲ စစ်တိုက်ရင်း နိုင်ငံတော်တည်ဆောက်လာတဲ့ သမိုင်းစဉ်နဲ့ ရှင်းပြပါတယ်။
သူ့ရဲ့ Making Enemies စာအုပ်မှာ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတော်တည်ဆောက်သူတွေလို ကိုယ့်ကိုယ်ကိုယ် အဓိပ္ပာယ်ဖွင့်လာပြီး နောက်ပိုင်းမှာ သာမန် ပြည်သူလူထုကိုတောင် အန္တရာယ် ခြိမ်းခြောက်မှု၊ ရန်သူ ဆိုပြီး မြင်စေတယ်လို့ ရေးဖူးပါတယ်။
ဒီအချက်က အရေးကြီးပါတယ်။ ပြည်သူကို ကိုယ်စားပြုရမယ့် စစ်တပ်က ပြည်သူကိုပဲ အန္တရာယ်၊ သံသယ၊ ဆန့်ကျင်ဘက်အဖြစ် မြင်လာတဲ့အခါ အာဏာသိမ်းမှုဆိုတာ ထူးခြားဖြစ်စဉ်မဟုတ်တော့ဘူး။ စစ်တပ်အတွက် ထုံးစံလက်နက်တစ်ခု ဖြစ်သွားတယ်။၂၀၂၁ အပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ ကျေးရွာတွေ မီးရှို့တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ နေရာအနှံ့လုပ်တာ၊ သတင်းသမားတွေ အပါအဝင် ပြည်သူလူထုကို ဖမ်းဆီးပိတ်ဆို့တာတွေဟာ ဒီစိတ်ဓာတ်ရဲ့ ဆက်စပ်ပုံစံတွေပါပဲ။
ဒါကြောင့် ၂၀၂၁ အာဏာသိမ်းမှုနဲ့ ၂၀၂၆ သမ္မတလမ်းကြောင်းဟာ “မင်းအောင်လှိုင် သမ္မတဖြစ်ချင်လို့” ဆိုပြီး ရှင်းတာက မပြည့်စုံပါဘူး။ “သမ္မတဖြစ်ချင်တဲ့ လူတစ်ယောက်ကို အဲဒီဆန္ဒအတွက် တိုင်းပြည်တစ်ခုလုံးကို ဓားစာခံလုပ်ခွင့်ပေးတဲ့ စနစ် ရှိနေခဲ့လို့” ဆိုမှသာ ပိုမှန်တဲ့ စကားဖြစ်ပါတယ်။ လူတစ်ယောက် အာဏာရူးလို့ ပြည်သူတွေ သေတယ်။ ဒါပေမဲ့ အဲဒီလူရဲ့ အာဏာရူးစိတ်ကို တပ်မတော်တရပ်လုံးက နိုင်ငံရေးရပိုင်ခွင့်တစ်ခုလို ကာကွယ်ပေးတဲ့အခါမှသာ တိုင်းပြည်ပျက်သွားတာပါ။ စနစ်ကသာ မကာကွယ်ပေးဘူးဆိုရင် လူတစ်ယောက် အာဏာရူးတာဟာ နိုင်ငံပျက်စရာမဟုတ်ဘဲ တရားစီရင်ခံရမယ့် ရာဇဝတ်ပြဿနာတစ်ခုပါပဲ။ နိုင်ငံတကာမှာ လတ်တလော (၂၀၂၄ ခုနှစ်မှာ) ဖြစ်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ စစ်အုပ်ချုပ်ရေး ကြေညာလို့ ထောင်ထဲဝင်ရတဲ့ ဖြစ်စဉ်က ဥပမာပါပဲ။
ဆိုတော့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီစနစ်ပြဿနာရဲ့ ဥပဒေ မျက်နှာစာ ဖြစ်ပါတယ်။ ကပ်လျက် ဗိုလ်သန်းရွှေခေတ် ပြန်ကြည့်ရင် ထပ်ပြန်တလဲလဲ ဖြစ်နေတဲ့ပုံစံ (pattern) ကို ပိုရှင်းရှင်းမြင်ရပါမယ်။ ၁၉၈၈ နောက်ပိုင်း စစ်တပ်က တိုက်ရိုက်အုပ်ချုပ်တယ်။ နောက်ပိုင်းမှာ အရပ်ဝတ်ဒီမိုကရေစီပုံစံ တင်ပေးလိုက်ပြီး အတွင်းက အာဏာကို မလွှတ်ဘူး။ အဲဒီအဆောက်အဦကို ၂၀၀၈ အခြေခံဥပဒေက တည်ဆောက်ပေးတယ်။ ၂၀၁၁ နောက်ပိုင်း “ဒီမိုကရေစီကူးပြောင်းရေး” လို့ ပြောခဲ့ကြပေမယ့် တကယ်တမ်းက စစ်တပ်က အာဏာရဲ့ မျက်နှာဖုံးကိုပဲ ပြောင်းခဲ့တာ။ မူလဗဟိုက မပြောင်းဘူး။
ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရလို့ အရပ်သားအစိုးရ ရလာတဲ့အာဏာဟာ အစစ်မဟုတ်ဘဲ စစ်တပ်က ခွင့်ပြုထားသလောက်သာ လှုပ်ရှားခွင့်ရတဲ့ အစိုးရတစ်ခုလို ဖြစ်နေခဲ့တယ်။ မဲရလဒ်နဲ့ အရပ်သား အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေက စစ်တပ်ရဲ့ သတ်မှတ်ဘောင်ကျော်သွားတဲ့ အချိန်မှာ အဲ့ဒီစနစ်က သူ့ရဲ့ နဂိုပုံစံအတိုင်း ပြန်လည်အလုပ်လုပ်လာတာပဲ။ ၂၀၂၁ အာဏာသိမ်းမှုက အဲ့ဒီ စစ်အဆောက်အဦ၊ စစ်စနစ်ရဲ့ ယုတ္တိဗေဒ ကျကျ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
အခု ၂၀၂၆ မှာ ဗိုလ်မင်းအောင်လှိုင်က စစ်ဝတ်စုံချွတ်ပြီး သမ္မတလမ်းကြောင်းထဲ ဝင်လာတာကိုလည်း အဲ့ဒီလိုပဲ မြင်ရပါမယ်။ ဒီဟာက ၂၀၁၀ တုန်းက အရပ်သား ပညာရှင်တချို့ အကောင်းမြင် ဆိုကြတဲ့ (ဆယ်နှစ်အကြာမှာ မှားကြောင်း ပေါ်ခဲ့တဲ့) စစ်တပ်က သိက္ခာ ရှိရှိနောက်ဆုတ်ခြင်း (gracefully retreat) မဟုတ်ပါဘူး။ စစ်တပ်က အရပ်ဝတ်နဲ့ အာဏာထပ်သိမ်းတာပါပဲ။
ဒီ စစ်ဓလေ့စနစ် အခြေခံကို မဖျက်နိုင်သရွေ့ “မင်းအောင်လှိုင်” တစ်ယောက်ပျောက်သွားရင်တောင် သူလိုလူ နောက်တစ်ယောက် ထပ်ပေါ်လာမှာပါ။ စစ်တပ် သမိုင်းစဉ် ဓလေ့အရ သူလိုလူက သူ့ထက်တောင် ပိုဆိုး နိုင်ပါတယ်။ အခု ဗိုလ်မင်းအောင်လှိုင်က သူ့လက်ရင်း လူယုံ ဗိုလ်ရဲဝင်းဦးကို တင်ပေမယ့် နှောင်းလူကလည်း အရင်လူအပြီး သူ့ခေတ်ရောက်ရင် စစ်စနစ် အမွေခံကာ ပိုဆိုးဖို့ပဲရှိပါတယ်။
ဒါကြောင့် ဒီပြဿနာကို “မင်းအောင်လှိုင် ပြဿနာ” လို့ပဲ မခေါ်သင့်ပါဘူး။ “တပ်မတော်စနစ် ပြဿနာ” လို့ ခေါ်ရပါမယ်။ လူတစ်ယောက် သမ္မတရူးလို့ တိုင်းပြည်ပျက်သွားတာမှန်ပေမယ့်၊ အဲဒီလူတစ်ယောက်ကို တိုင်းပြည်နဲ့ လူထုဘဝတွေအပေါ် စိတ်ကြိုက် ကစားခွင့်ပေးတဲ့ စစ်တပ်နိုင်ငံရေးစနစ်က ပိုကြီးတဲ့ တရားခံဖြစ်တယ်။ အနာဂတ် ပြည်ထောင်စုသစ်ကို တည်ဆောက်မယ်ဆိုရင် စစ်အာဏာရှင်တစ်ဦးချင်းကိုသာ ဖယ်ရှားရုံမဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပြန်မွေးထုတ်နိုင်တဲ့ အခြေခံထောက်တိုင်နဲ့ ပေါင်းကူးတံတားတွေကိုပါ အကုန်ဖြိုပစ်ဖို့ လိုတယ်။ မဟုတ်ရင် သမ္မတအိပ်မက်တစ်ခုက အဆုံးသတ်သွားရင်တောင် နောက်ထပ် စစ်ဗိုလ်တစ်ယောက်ရဲ့ အိပ်မက်ဆိုးက ပြည်သူတွေအပေါ် ပြန်ကျလာဖို့ ရှိကြောင်းပါ။



