သမ္မတအဖြစ် ကိုယ်တိုင်ဘွဲ့ထူးခံယူလိုက်သည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ စစ်အာဏာသိမ်းကာလတွင် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ရာတွင် ဦးဆောင်ခဲ့သည့် ၎င်း၏ သစ္စာခံ အာဏာပါးကွက်သားများကို ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအဖြစ် ခန့်အပ်လိုက်သည်။
ပြီးခဲ့သည့်နှစ်ကုန်နှင့် ယခုနှစ်ဆန်းတွင် စစ်တပ်က အပိုင်းသုံးပိုင်းခွဲကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ဖြင့် ပေါ်ပေါက်လာသော လွှတ်တော်တွင် မင်းအောင်လှိုင်က သမ္မတအဖြစ် ကိုယ်တိုင်ဘွဲ့ထူးခံယူခဲ့သည့်အပြင် ၎င်းဦးဆောင်မည့် စစ်အစိုးရအဖွဲ့တွင် စစ်အာဏာသိမ်းမှုကို ဦးဆောင်ပံ့ပိုးပေးခဲ့သူများအား ခန့်အပ်သည်။
လာမည့်ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမည့် စစ်အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုနှင့် ဝန်ကြီး ၃၀ ဦး ခန့်ထားမည်ဖြစ်သည်။ ခန့်အပ်မည့် ဝန်ကြီးများ၏ အမည်စာရင်းကိုလည်း နေပြည်တော်၌ ယနေ့(ဧပြီလ ၇ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ မင်းအောင်လှိုင်က ပေးပို့ခဲ့သည်။
အာဏာသိမ်းပြီး ငါးနှစ်ကျော်တိုင် အရပ်သားများကို သတ်ဖြတ်ရာတွင် စစ်တပ်အတွက် အဓိကအားထားရသည့် လေကြောင်းတိုက်ခိုက်မှုများကို လက်ရှိဦးဆောင်နေသည့် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင် က ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်။ လက်ရှိ ဗိုလ်ချုပ်ကြီးထွန်းအောင်၏နေရာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဆက်ခံကျူးလွန်မည့် လေတပ်ဦးစီးချုပ်အသစ်တစ်ဦး မကြာမီ ခန့်အပ်ဖွယ် ရှိနေသည်။

ပြည်ထောင်စုလွှတ်တော်သို့ မင်းအောင်လှိုင် ပေးပို့သည့် ဝန်ကြီးစာရင်းအရ ၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ရန်ကုန်ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည်။
ထိုကာလတွင် ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေသည် ရန်ကုန်မြို့ဆန္ဒပြသူများကို ပစ်ခတ်၊ သတ်ဖြတ်ရာတွင် အဓိကတာဝန်ရှိသူ ဖြစ်ပြီး၊ ၎င်းကို ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နှင့် ကနေဒါအစိုးရတို့က လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အရပ်သားများအပေါ် ပြစ်မှုကျူးလွန်မှုတို့ဖြင့် ပိတ်ဆို့အရေးယူထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းဦးဆောင်မည့် စစ်အစိုးရအဖွဲ့အတွက် ဝါဒဖြန့်ချိပေးရန် ဗိုလ်မှူးကြီးဟောင်းတစ်ဦးကိုလည်း ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်မည် ဖြစ်သည်။
ရိုဟင်ဂျာများကို ပစ်မှတ်ထားတိုက်ခိုက်မှု စတင်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကိုင်တွယ်ခဲ့သူ ဗိုလ်မှူးကြီး ထိန်လင်း ကို ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မင်းအောင်လှိုင်က အဆိုပြုထားသည်။
ဗိုလ်မှူးကြီးထိန်လင်းသည် စစ်အာဏာသိမ်းပြီး နှစ်နှစ်ခန့်အကြာ ၂၀၂၃ နှစ်ဆန်းပိုင်းမှ ယနေ့အထိ စစ်တပ်ခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

ထို့အပြင် စစ်ရေးချုပ်ဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် က နယ်စပ်ရေးရာဝန်ကြီး ဖြစ်လာမည် ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်သည် လက်ရှိတွင်လည်း ပြည်ထဲရေးဝန်ကြီးဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် တာဝန်ရှိသူတစ်ဦးအဖြစ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ၎င်းအား ဒဏ်ခတ်ပိတ်ဆို့ထားသည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူမှာ ဦးတင်မောင်ဆွေဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ၎င်းကိုတရုတ်နိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။
မင်းအောင်လှိုင်ဦးဆောင်မည့် စစ်အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးစာရင်းတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီမှ ထိပ်သီး ငါးဦးသာ ပါဝင်သည်ကို တွေ့ရသည်။ စစ်ခေါင်းဆောင်၏ လူယုံတစ်ဦးဖြစ်ပြီး၊ ကြံ့ခိုင်ရေးပါတီ၏ လက်ရှိ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိမ်း က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာမည်။
မင်းကင်းမောင်မြင့်ဟု လူသိများသည့် ဦးမောင်မြင့်က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးနှင့် ကြံ့ခိုင်ရေးပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်းက လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် မင်းအောင်လှိုင်က အဆိုပြုထားသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မိတ္ထီလာ၊ ပြည့်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းသည် ၂၀၂၀ ရွေးကောက်ပွဲရှံးနိမ့်ခဲ့ပြီးနောက် NLD အစိုးရက မဲမသမာမှုပြုခဲ့ကြောင်းစွပ်စွဲပြီး စစ်တပ်ကို ပထမဆုံးအကြောင်းကြားခဲ့သူဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် အစိုးရလက်ထက်တွင် လျှပ်စစ်ဝန်ကြီးဖြစ်ခဲ့သူ၊ လက်ရှိ ကြံ့ခိုင်ရေးပါတီ၏ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးခင်မောင်စိုး က အလုပ်သမားဝန်ကြီးနှင့် ပါတီ၏ ပဲခူးတိုင်း(အရှေ့ပိုင်း)ဥက္ကဋ္ဌဖြစ်သူ ဦးရဲမြင့်ထွန်းက အားကစားရေးရာဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာသည်။
အများစုမှာ လက်ရှိ စစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးများကို ပြန်လည်ခန့်အပ်ထားသည်ကို တွေ့ရသည်။ ပြည်ထောင်စုဝန်ကြီး အယောက် ၃၀ အနက် ထက်ဝက်ကျော်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ခန့်ထားသော လူဟောင်းများဖြစ်သည်။၊ ထို့အပြင် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ဝန်ကြီးချုပ်များအဖြစ် မင်းအောင်လှိုင် ခန့်အပ်မည့်သူအားလုံးသည်လည်း ၂၀၂၁ နောက်ပိုင်း ၎င်းအတွက် ပံ့ပိုးပေးခဲ့သူများ ဖြစ်ကြသည်။

စီးပွားရေးမြို့တော် ရန်ကုန်၏ တိုင်းဝန်ကြီးချုပ် ဖြစ်လာသူမှာ ဒုရဲချုပ်ဟောင်း အောင်နိုင်သူ ဖြစ်သည်။ နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် နာမည်ကျော် ဗစ်တိုးရီးယားအမှု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒုရဲချုပ် အောင်နိုင်သူ၏ ၂၀၁၉ ခုနှစ်တွင် ပြောကြားချက်အချို့သည် ကျူးလွန်သူကို ကာကွယ်ပေးရာရောက်သဖြင့် ထိုစဉ်က ဝေဖန်မှု မြင့်တက်ခဲ့သည်။
နောက်ထပ် ဒုရဲချုပ်ဟောင်းတစ်ဦးဖြစ်သည့် တင်ကိုကို သည် မကွေးတိုင်း၏ ဝန်ကြီးချုပ် ဖြစ်လာသည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ရွာနေ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ကို ဖော်ထုတ်ခဲ့သည့် ရိုက်တာသတင်းထောက်များကို ထောင်ချောက်ဆင်ဖမ်းဆီးရန် ညွှန်ကြားသူမှာ ရဲမှူးချုပ်တင်ကိုကို ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်တွင် ဒုရဲမှုးဟောင်း မိုးရန်နိုင်က တရားခွင်တစ်ခု၌ ဖွင့်ဟပြောဆိုခဲ့ဖူးသည်။
တပ်မတော်သားကိုယ်စားလှယ်ဖြစ်သူ ဗိုလ်မှူးချုပ် အောင်ဝင်းသန်း က မွန်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသည်။ တော်လှန်ရေးအားကောင်းပြီး စစ်တပ်အပြည့်အဝ မထိန်းချုပ်နိုင်သည့် စစ်ကိုင်းတိုင်းတွင် ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ် ကိုလေး ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးထားသည်။
သမ္မတအဖြစ် ကိုယ်တိုင် ဘွဲ့ထူးခံယူလိုက်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ အာဏာသိမ်းပြီးနောက် ‘ဇ’ ရှိသည့်၊ လက်သံပြောင်သည့် စစ်ဗိုလ်ချုပ်များကို နေရာပေး၍ တိုင်းပြည်ကို အာဏာရှင်စနစ် ရှည်လျားအောင် ဆက်လက်ထိန်းကျောင်းမည့်ပုံစံ တွေ့ရသည်ဟု တပ်အရာရှိဟောင်း CDM ဗိုလ်ကြီးတစ်ဦးက ဝန်ကြီး၊ ဝန်ကြီးချုပ်များ နေရာချမှုအပေါ် မှတ်ချက်ပြုသည်။
“မင်းအောင်လှိုင်ရဲ့ မူဝါဒက လူများများသတ်နိုင်တဲ့သူ၊ ပြည်သူတွေကို ကောင်းကောင်းနှိပ်စက်နိုင်တဲ့သူကို ဆက်ပြီးတော့ အရပ်ဘက်မှာ သူကအမိန့်ပေးပြီး တပ်ချုပ်ကိုပါ ပြန်ပြီး ကိုင်တွယ်မယ့်သဘောပဲ” ဟု စစ်မှုထမ်းသက် နှစ် ၂၀ခန့်ရှိသည့် CDM ဗိုလ်ကြီး ဇင်ယော် က ပြော့သည်။
လက်ရှိတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကို စစ်ခေါင်းဆောင်က တာဝန်ပေးထားသည်။
စစ်ခေါင်းဆောင်၏လူယုံ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးက ပြည်ထောင်စုလွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှာ လက်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်းနှင့် ရဲချုပ်ဟောင်း ဦးခင်ရီ ဖြစ်သည်။
မကြာခင် အသက် ၇၀ ပြည့်မည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည့် သမ္မတရာထူးအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပါ ထိန်းချုပ်နိုင်မည့် ‘ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ’ တွင်လည်း ဥက္ကဋ္ဌရာထူး ရယူနိုင်သည်ဟု သတင်းများထွက်ပေါ်နေသည်။
မင်းအောင်လှိုင် စစ်အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးစာရင်း
၁။ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး
၂။ ဦးခင်မောင်ရီ၊ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
၃။ ဦးအောင်ကျော်ဟိုး၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန
၄။ ဦးတင်အောင်စန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန
၅။ ဦးမြထွန်းဦး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၆။ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန
၇။ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန
၈။ ဦးတင်မောင်ဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန
၉။ ဒေါက်တာကံဇော်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၁၀။ ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန
၁၁။ ဦးသန်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
၁၂။ ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာချောချောစိန်၊ ပညာရေးဝန်ကြီးဌာန
၁၄။ ဒေါက်တာမျိုးသိန်းကျော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၁၅။ ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန
၁၆။ ဒေါက်တာသက်သက်ဇင်၊ အမျိုးသမီးရေးရာဝန်ကြီးဌာန
၁၇။ ဦးထိန်လင်း၊ ပြန်ကြားရေးဝန်ကြီးဌာန
၁၈။ ဦးတင်ဦးလွင်၊ သာသနာရေးဝန်ကြီးဌာန
၁၉။ ဦးမင်းနောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၂၀။ ဦးမျိုးဇော်သိမ်း ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
၂၁။ ဦးစန်းဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၂၂။ ဦးကိုကိုလွင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၂၃။ ဒေါက်တာချာလီသန်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
၂၄။ ဉီးမြင့်ကြိုင် ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၅။ ဦးခင်မောင်စိုး၊ အလုပ်သမားဝန်ကြီးဌာန
၂၆။ ဦးထွန်းအုံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂၇။ ဦးရဲမြင့်ထွန်း၊ အားကစားရေးရာဝန်ကြီးဌာန
၂၈။ ဒေါက်တာမောင်သင်း ၊ လူငယ်ရေးရာဝန်ကြီးဌာန
၂၉။ ဦးမျိုးသန့် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
၃၀။ ဒေါက်တာစိုးဝင်း ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၃၁။ ဦးမောင်မြင့်၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန



