မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်စပ်ရှိ ရေနံမြေများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ မတ်လ ၃၀ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် ရုတ်တရက် ဝင်ရောက်လာသဖြင့် ဒေသတွင်း အခြေစိုက်တပ်များနှင့် စစ်ရေးတင်းမာပြီး ဒေသခံများ ထိတ်လန့်သွားကြသည်။
မြိုင်မြို့နယ်တောင်ဘက်နှင့် ပေါက်မြို့နယ်မြောက်ဘက်တို့ရှိ ယခင် မြန်မာ့စွမ်းအင်နှင့်ရေနံလုပ်ငန်း (MOGE) လက်အောက်ခံ ရေနံမြေများကို မြိုင်နှင့်ပေါက် မြို့နယ်ကာကွယ်ရေးအဖွဲ့များက ၂၀၂၂ ခုနှစ် ကတည်းက ကွပ်ကဲလုပ်ကိုင်နေကြသည်။
ထို့အတူ မကြာသေးခင်ကမှ မကွေးကာကွယ်ရေးဝန်ကြီး ဖြစ်လာသူ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ နှင့်ပတ်သက်ပြီး ဒေသတွင်း ဩဇာအာဏာတည်ဆောက်သည်ဟု ပြောဆိုမှုများရှိနေသလို ၎င်းအပေါ်ကို NUG က ထိန်းကျောင်းရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထိုရေနံမြေလုပ်ကွက်များ ပြည်ထောင်စုအစိုးရ (အမျိုးသားညီညွတ်ရေးအစိုးရ) ထံ အပ်နှံရန် ယမန်နှစ်၊ ဧပြီလကပင် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရသေးမီ ပြည်ထောင်စု ညွှန်ကြားမှုဖြင့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်များ ဝင်ရောက်နေရာယူသည့်အခြေအနေ ဆိုက်ရောက်လာသည်။
ထိုသို့ အခြေအနေ တင်းမာနေချိန် ပေါက်နှင့်မြိုင်နယ်စပ် ဖလံကိုင်း ရေနံမှော်ကို ဧပြီလ ၄ ရက်နေ့တွင် စစ်တပ်က တိုက်လေယာဉ် ငါးစီးဖြင့် ဗုံးကြဲခဲ့ရာ PDF ခြောက်ဦး သေဆုံးပြီး ၁၀ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ရေနံမြေသယံဇာတစီမံခန့်ခွဲမှုအပါအဝင် ဒေသတွင်း အရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့အကြား ဧပြီလ ၂ ရက်နေ့စ၍ နှစ်ရက်ဆက် ဆွေးနွေးခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များထွက်ခဲ့သည်ဟု ဆိုသည်။
ပေါက်နှင့်မြိုင်မြို့နယ်စပ်ရှိ ရေနံမြေများကို အင်အားသုံးဝင်ရောက်ရသည့် အကြောင်းအရင်းအပါအဝင် အချင်းချင်းကြား ကျည်မပေါက်ရန် ကိုင်တွယ်ဖြေရှင်းနေမှုစသည့် လတ်တလော ဒေသတွင်းအခြေအနေ များနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးရသူရဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ မတ် ၃၀ ရက်နေ့မှာ PDF တပ်ရင်းတွေ အင်အားအများအပြားနဲ့ မကွေးရေနံမြေကို ဝင်ရောက်ခဲ့ တယ်လို့ သိရပါတယ်။ ဘာကြောင့်အခုလိုစီးနင်းခဲ့တာပါလဲ။
ဖြေ ။ ။ မကွေးတိုင်းထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး မီဒီယာတွေမှာရော၊ ဆိုရှယ် နက်ဝပ်တွေမှာရော မျိုးစုံရေးသားဖော်ပြနေတာရှိတယ်။ ဒီနေရာမှာ ပထမဆုံးပြောချင်တာက ဒီအချက်အလက်တွေသည် ဆိုရှယ်နက်ဝပ်မှာ ပုံဖော်နေသလို မကွေးဖက်ဒရယ်ယူနစ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကြားထဲမှာ ရေနံမြေလုပြီးတော့ ဖြစ်လာတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ ဒါပထမဆုံး ရှင်းလင်းရမယ့်အချက်ဖြစ်တယ်။
နောက်တဖန် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ကြားက ပွတ်တိုက်မှုလည်း မဟုတ်ပါဘူး။ အဲ့ဒီတော့ ဘာတွေဖြစ်နေတာလဲလို့ အရှင်းဆုံးပြောရရင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကွပ်ကဲမှုအောက်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ကွပ်ကဲမှုသဘောတရားအရ ဆောင်ရွက်ခြင်းဖြစ်တယ်။
အဲ့ဒီတော့ ပြောရရင် ပြန်ကောက်ရရင် ဖက်ဒရယ်ယူနစ်နဲ့ NUG ကြားက ဖြစ်တဲ့ကိစ္စမဟုတ်ဘဲနဲ့ NUG အနေနဲ့ သူ့ရဲ့ကွပ်ကဲမှုတိုက်ရိုက်အောက်မှာ ရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ CoC (Chain of Command- အမိန့်ပေးကွပ်ကဲမှု) သဘောတရားများ၊ ကွပ်ကဲမှုသဘောတရားများကို ကွပ်ကဲခြင်းဖြစ်တယ်၊ ထိန်းချုပ်ခြင်းဖြစ်တယ်၊ တည့်မတ်ခြင်းဖြစ်တဲ့အခြေအနေမျိုးပဲဖြစ်တယ်။ ဒါကို မီဒီယာပေါ်မှာ နားလည်မှု လွဲပြီးတော့ အမျိုးမျိုး ပုံဖော်နေကြတာရှိတဲ့အတွက် ရှင်းပြခြင်းဖြစ်တယ်။ နောက်တစ်ခုအနေနဲ့ ကွပ်ကဲမှု သဘောတရားအပြင်မှာမှ ရေနံမြေတွေထဲမှာမှ ပြည်ထောင်စုအစိုးရအနေ နဲ့ စီမံခန့်ခွဲရမယ့် ဧရိယာတွေမှာ လုံခြုံရေးအရ ပြည်ထောင်စုက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ရေနံမြေတွေ၊ ရေနံမြေလုပ်ငန်းတွေမှာ သက်ဆိုင်ရာ လုံခြုံရေးအရ၊ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ရာအတွက်ကို တပ်များလုံခြုံရေး နေရာချထားခြင်း ဖြစ်ပါတယ်။

မေး ။ ။ CoC ကွပ်ကဲထိန်းချုပ်မှုလိုတဲ့အခြေအနေဆိုတာ ဘယ်လိုဆိုလိုချင်တာပါလဲ။ ဘာကြောင့် အင်အား အလုံးအရင်း သုံးတာပါလဲ။
ဖြေ ။ ။ ဒီနေရာမှာ ဒီဒေသကိစ္စတွေသည် အင်မတန်ရှုပ်ထွေးတယ်။ အင်မတန်မှလည်းသိမ်မွေ့တယ်။ သိမ်မွေ့ ရှုပ်ထွေးတဲ့အခြေအနေတွေကြားထဲမှာလည်း ကျွန်တော်တို့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာရှိနေတဲ့ အမည်ခံ အားဖြင့်တော့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိနေပြီးတော့ လက်တွေ့မြေပြင်မှာတော့ CoC နှစ်ရပ် (Chain of Command အမိန့်ပေးကွပ်ကဲမှု၊ Code of Conduct စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ)ကို လေးစားလိုက်နာမှုအားနည်းနေတဲ့ ကာကွယ်ရေးအဖွဲ့အချို့တွေလည်း ရှိပါတယ်။
ဒါတွေနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူဖို့ရာအတွက် ပြည်သူလူထုကနေ အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်ကြားထားတဲ့ တိုင်ကြားစာတွေလည်း လက်ခံရရှိထားတာရှိတယ်။ ဒီတိုင်ကြားစာတွေအပေါ်မှာ ကာကွယ်ရေးဝန်ကြီးဌာနကသော်လည်းကောင်း၊ စစ်ရုံးချုပ်က သော်လည်းကောင်း စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးအရ ဆောင်ရွက်နေတဲ့ကိစ္စတွေလည်း ရှိသလို စုံစမ်းစစ်ဆေးရေးခုံရုံးတွေ ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်နေတဲ့ကိစ္စတွေလည်း ရှိပါတယ်။
ဒီပြစ်မှုများ၊ ကိစ္စရပ်များ၊ တိုင်ကြားမှုများ ဒါတွေကတော့ စုံစမ်းစစ်ဆေးနေဆဲကာလတွေ ဖြစ်တာရယ်၊ တရားရင်ဆိုင်နေဆဲကာလတွေ ဖြစ်တာရယ်ကြောင့် မီဒီယာတွေမှာတော့ ကျွန်တော်တို့ ထုတ်ဖော်ပြောဆို ခဲ့တာမျိုးမရှိခဲ့ဘူး။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ CoC နှစ်ရပ်ကို ဖောက်ဖျက်တယ်လို့ ယူဆရတဲ့၊ ဖောက်ဖျက်တယ်လို့ တိုင်ကြားခံရတဲ့ မည်သည့်ပုဂ္ဂိုလ်မျိုးမဆို မည်သည့်အဖွဲ့အစည်းကိုမဆို ထိန်းကျောင်း တည့်မတ်ရမယ့် တာဝန်ရှိပါတယ်။ ထိန်းကျောင်း ထည့်မတ်ရမယ့်တာဝန်ဝတ္တရားနဲ့အညီ ဒါတွေကိုလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာတော့ ရှေ့ကပြောခဲ့တာကိုပဲ ပြန်ကောက်ရရင် ရေနံမြေမှာဖြစ်နေတဲ့ကိစ္စတွေသည် အင်မတန် ရှုပ်လည်းရှုပ်ထွေးတယ်။ သိမ်လည်းသိမ်မွေ့တယ်။ အမှုအခင်းတွေလည်းတော်တော်များပါတယ်။ ဒီအမှုအခင်းတွေ၊ သိမ်မွေ့နက်နဲတဲ့ အချက်အလက်တွေ ဒီဟာတွေပေါ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တရားနည်းလမ်းတကျဖြစ်စေဖို့၊ စီအိုစီနှစ်ရပ်ကိုထိန်းကျောင်းတည့်မတ်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်မလို့ တပ်အင်အားတွေသုံးစွဲရလဲဆိုရင် ရှေ့မတိုင်ခင်ကာလတွေ လွန်ခဲ့တဲ့ ၂၀၂၄၊ ၂၅ ကာလ တွေမှာကတည်းက Internal အစည်းအဝေးတွေ၊ ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေ၊ ထိန်းကျောင်း တည့်မတ်တဲ့ကိစ္စတွေကို ပြီးခဲ့တဲ့ ရှေ့နှစ်တွေမှာကတည်းက အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီးသားတွေ ဖြစ်ပါတယ်။
အကောင်အထည် ပေါ်ခဲ့တာတွေလည်း ရှိတယ်။ အခြေအနေအကြောင်းမျိုးမျိုးကြောင့် အကောင်အထည် မပေါ်ခဲ့တာတွေလည်း ရှိတယ်။ ဒီတစ်ကြိမ်မှာတော့ဖြင့် ကျွန်တော်တို့သည် ကျွန်တော်တို့ တပ်မတော်ရဲ့ မူဝါဒအတိုင်း ကျွန်တော်တို့မှာလည်း ထိန်းကျောင်းတည့်မတ်ရမယ့် တာဝန်ရှိသလို ပြည်သူလူထုကိုယ်တိုင် ကလည်း ဝေဖန်စောင့်ကြည့်ထောက်ရှုနေတဲ့အခြေအနေမျိုးတွေ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေပေါ်မှာပဲ အခြေခံပြီးတော့ စနစ်တကျ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။
မေး။ ။ အခု CoC နှစ်ရပ်ကို မလိုက်နာတဲ့ တပ်တွေဆိုတာ ဘယ်အဖွဲ့ကိုဆိုလိုချင်တာလဲ။ နာမည်နဲ့တကွ ပြောလို့ရလား။
ဖြေ။ ။ နာမည်နဲ့တကွ ဆိုတဲ့နေရာမှာ လောလောဆယ် စောစောကပြောသလို ပြစ်မှုနဲ့ပတ်သက်ရင် စုံစမ်း စစ်ဆေးနေဆဲကာလတွေဖြစ်တဲ့အတွက် မည်သူမည်ဝါ ဘယ်အဖွဲ့အစည်းဆိုတာမျိုးကိုတော့ ဒီအခြေအနေမှာ ထုတ်ဖော်ပြောဖို့အတွက်ကိုတော့ မသင့်တော်သေးဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအတွင်းမှာပဲ သိကြတဲ့သူတွေလည်း တော်တော်များများကတော့ သိကြပါတယ်။
မေး ။ ။ မြိုင်အခြေစိုက် ပခုက္ကူခရိုင် PDF တပ်ရင်းခြောက်ခု နုတ်ထွက်ဖို့လုပ်နေတယ်လို့ သိရတယ်။ ဒါနဲ့ ပတ်သက်လား။ ဘယ်လိုကိုင်တွယ်နေပါလဲ။
ဖြေ ။ ။ တပ်ရင်း ခြောက်ရင်းကိစ္စနဲ့ပတ်သက်ရင်တော့ တပ်ရင်း ခြောက်ရင်းသည် သီးသန့်ရပ်တည်တဲ့ LDF (Local) တွေ မဟုတ်ဘူး။ PDF တပ်မတော်အတွင်းမှာအဆင့်ဆင့်ကွပ်ကဲမှုသဘောတရားအရ စစ်ရုံးချုပ်၊ စစ်ရုံးချုပ်ကနေမှ တိုင်းစစ်ဌာန၊ တိုင်းစစ်ဌာနကနေမှ ခရိုင်စစ်ဌာန၊ ခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာမှ တည်ရှိတဲ့ တပ်ရင်းတပ်ဖွဲ့များ ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းအရဆိုရင်တော့ တပ်ရင်းတပ်ဖွဲ့ တွေ အနေနဲ့မိမိသဘောဆန္ဒအရ တပ်ရင်းအလိုက် နုတ်ထွက်တယ်တို့၊ ကွပ်ကဲမှုမခံယူဘူးဆိုတာတွေက လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့ အနေအထားမျိုးတွေဖြစ်တယ်။
ဒါနဲ့ပတ်သက်ရင်တော့ စစ်ရုံးချုပ်ကနေ တပ်ရင်းတွေအထိ အဆင့်ဆင့်ထိန်းကျောင်းကွပ်ကဲသွားဖို့ ရှိပါတယ်။ တပ်ရင်းတွေအနေနဲ့မှာဆိုရင်လည်း အဆင့်ဆင့်ကွပ်ကဲမှုသဘောတရားအရ ကွပ်ကဲမှုလမ်းကြောင်းအတိုင်း အထက်အဆင့်ဆင့်ကိုတင်ပြရမယ့် တာဝန်ဝတ္တရားတွေရှိသလို အထက်အဆင့်ဆင့် မဟုတ်ဘဲ ထူးခြားတဲ့ အခြေအနေတွေများ ရှိခဲ့တယ်ဆိုရင် တပ်ရင်းတွေကတဆင့် စစ်ရုံးချုပ်အထိကို တိုက်ရိုက်တိုင်ကြားတာပဲဖြစ်ဖြစ်၊ တင်ပြတာပဲဖြစ်ဖြစ် ဆောင်ရွက်လို့ရတဲ့ အခြေအနေတွေ၊ အခွင့်အလမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ရှိပြီးဖြစ်ပါတယ်။
လုပ်ထုံးလုပ်နည်းတွေ အတိုင်းကိုပဲ ဆက်လက်ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပြီးတော့ ကွပ်ကဲမှုလမ်းကြောင်းကို ချော်ထွက်သွားပြီးတော့ ဆိုရှယ်မီဒီယာပေါ်မှာ တင်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်၊ မိမိတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ ဆန္ဒကိုအခြေခံပြီးတော့ နုတ်ထွက်တယ်တို့ ကွပ်ကဲမှု မခံယူဘူးဆိုတာတွေက တပ်ရဲ့သဘောတရားနဲ့ ဖီလာဆန့်ကျင်နေတဲ့အနေအထားမျိုးဖြစ်တယ် လို့ ပြောချင်ပါတယ်။
မေး။ ။ အခု စီးနင်းတာက တပ်ရင်း ခြောက်ခုကို ထိန်းကျောင်းဖို့ပါဝင်လား။
ဖြေ ။ ။ အဲ့ဒီလိုတော့မပါဝင်ပါဘူး။ အဓိကကတော့ ရေနံမြေရဲ့လုံခြုံရေးအတွက်ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကနဦး ရှင်းပြချင်တာကတော့ ရေနံမြေတွေကို လုပ်ထုံးလုပ်နည်းအရ အခုမှ ဒီရေနံမြေတွေကို ရုတ်တရက် အားချင်းဝင်ရောက်တာမျိုးမဟုတ်ဘူး။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ လောက်မှာဆိုရင် ရေနံမြေတွေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမယ့်မူဝါဒတွေကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက တရားဝင်ထုတ်ပြန်ပြီး ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒီမူဝါဒတွေ၊ ညွှန်ကြားချက်တွေအတိုင်း အသက်ဝင်ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စကလည်း ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီလမှာကတည်းက သက်ဆိုင်ရာ အဆင့်ဆင့်ကို တရားဝင်အသိပေးအကြောင်းကြားထားပြီး ဖြစ်ပါတယ်။
ရေနံမြေရဲ့လုပ်ငန်းများ၊ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်မယ်ဆိုတဲ့ကိစ္စကလည်း ဇန်နဝါရီလကတည်းက တရားဝင်အသိပေးပြီးမှဆောင်ရွက်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုမျိုး အင်အားတွေ ဝင်ရောက်လာခြင်းသည် ကျွန်တော်တို့ အင်အားသုံးဖြေရှင်းဖို့လည်းမဟုတ်သလို မြေပြင်မှာရှိနေတဲ့ စောစောကပြောသလို ထိန်းကျောင်းဖို့၊ ကွပ်ကဲဖို့ ကိစ္စရပ်တွေအပြင် လုံခြုံရေးအရ ဆောင်ရွက်ခြင်းတွေပဲဖြစ်ပါတယ်။
မေး ။ ။ ထိန်းကျောင်းဖို့၊ ကွပ်ကဲဖို့နဲ့ပတ်သက်ပြီးတော့ ဘာတွေဆက်လက်ဆောင်ရွက်နေပါလဲ။
ဖြေ ။ ။ CoC နှစ်ရပ်ကိုဖောက်ဖျက်တယ်လို့ တိုင်ကြားခြင်းခံရတဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် လူပုဂ္ဂိုလ်တွေများပါတယ်။ ဒီလူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ဖို့ရှိပါတယ်။ တချို့သောကိစ္စရပ်တွေ ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။
ဆောင်ရွက်နေပြီဆိုတဲ့နေရာမှာ တချို့သောကိစ္စရပ်တွေက တိုင်ကြားစာတွေ လက်ခံရရှိထားတာ အများကြီး ရှိပါတယ်။ တိုင်ကြားစာတွေအပေါ်မှာ အခြေခံပြီးတော့ စုံစမ်းစစ်ဆေးရေးခုံရုံးတွေ ဖွင့်လှစ်ပြီးတော့ ဒီခုံရုံးတွေကနေတဆင့် သက်ဆိုင်ရာ ကာယကံနစ်နာသူတွေရော၊ တရားပြိုင်တွေရော၊ ဘေးပတ်ဝန်းကျင်က အချက်အလက်တွေရော စုံစမ်းမေးမြန်းနေတဲ့အဆင့်တွေမှာရှိပါတယ်။ တချို့သောကိစ္စရပ်တွေက ဒါတွေထက်ကိုကျော်လွန်ပြီးတော့ စစ်ဘက်ဆိုင်ရာတရားစီရင်ရေးအရ စီရင်ဆုံးဖြတ် ဆောင်ရွက်မယ့် အကျဉ်းစစ်တရားရုံးလိုမျိုး ဖွဲ့စည်းပြီးတော့ စစ်ဘက်ဆိုင်ရာ ဥပဒေအရ ဆောင်ရွက်နေတဲ့ Ongoing process (လုပ်ဆောင်နေဆဲ) တွေလည်းရှိပါတယ်။ နောက်ထပ် ဒီလုပ်ထုံးလုပ်နည်းတွေအပြင်ကိုမှ နောက်ထပ် ဆောင်ရွက်စရာ ကျန်နေသေးတာတွေကိုလည်း လုပ်ထုံးလုပ်နည်းတွေအတိုင်းဆောင်ရွက်ဖို့ တရားဥပဒေရဲ့ ရှေ့မှောက်မှာပဲ လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။
မေး ။ ။ မကွေးဒေသကို ဝင်ရောက်ပြီးနောက်မှာ အခုချိန်ထိ ဖမ်းဆီးထားတာ ဘယ်နှယောက်ရှိနေပါလဲ။
ဖြေ ။ ။ အခုချိန်ထိ မရှိပါဘူး။

မေး ။ ။ ဒီဒေသ အဓိကအားဖြင့် မြိုင်ပကဖ ဗိုလ်လက်ယာ လှုပ်ရှားစိုးမိုးတဲ့နေရာဖြစ်တယ်။ လိုင်းပေါ်မှာ သတင်းတွေပျံ့နေတာက ဗိုလ်လက်ယာကိုဖမ်းဆီးဖို့ ဝိုင်းဝန်းပိတ်ဆို့တာလို့သတင်းတွေ ပျံ့နေတယ် ။ ဒါနဲ့ ပတ်သက်ပြီးတော့ စစ်ရုံးချုပ်အနေနဲ့ ဘာများပြောချင်ပါလဲ။
ဖြေ ။ ။ ဖမ်းဆီးဖို့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်လက်ယာကိုယ်တိုင်သည်ပင် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ခန့်အပ်တာဝန်ပေးထားတဲ့၊ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဖြစ်ပါတယ်။ ဒီ ပကဖ တာဝန်ခံတစ်ဦးဖြစ်တဲံအတွက်ကြောင့် CoC သဘောတရားအရ အထက်အဆင့် တွေဘက်က ဆောင်ရွက်မယ့် လုပ်ထုံးလုပ်နည်းတွေရှိသလို မြို့နယ်အဆင့်၊ ခရိုင်အဆင့်အစရှိတဲ့ ပကဖ တာဝန်ရှိသူတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်သုံးရမယ့် လုပ်ထုံးလုပ်နည်းတွေလည်း ရှိပါတယ်။ ဗိုလ်လက်ယာကို ဖမ်းဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဆောင်ရွက်ခြင်းတော့မဟုတ်ပါဘူး။
မေး ။ ။ CoC ဖောက်ဖျက်လို့ စစ်ဆေးမေးမြန်းမယ့်အထဲမှာရော ဗိုလ်လက်ယာ ပါဝင်ပါလား။
ဖြေ ။ ။ အဲ့ဒါတော့ ကျွန်တော်တို့ လတ်တလောဖြေကြားဖို့တော့ ခက်ပါဦးမယ်။
မေး ။ ။ တိုင်းရေနံ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဦးတင့်ဆန်းကိုလည်း တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီး ထားတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါရောဟုတ်ပါလား။ ဒါနဲ့ပတ်သက်ပြီးဘာပြောလို့ရလဲ။
ဖြေ ။ ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ Ongoing process ဖြစ်တဲ့အတွက်ကြောင့် လတ်တလော ဖြေကြားဖို့ ခက်ပါဦးမယ်။
မေး။ ။ ဖက်ဒရယ်ယူနစ်တပ်ဖွဲ့တဲ့ကိစ္စပေါ့။ ယူနစ်အစိုးရဖွဲ့ ပြီး တပ်ပေါ်လာတယ်။ ဥပဒေအရ ယူနစ်တပ်ဖွဲ့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကို အကြောင်းကြားဖို့လိုတယ်။ ဒါနဲ့ပတ်သက်ပြီး အကြောင်းကြားခဲ့လား။ ဘယ်လိုဆောင်ရွက်ခဲ့လဲ။
ဖြေ ။ ။ အားလုံးသိတဲ့အတိုင်းပဲ ဖက်ဒရယ်ယူနစ်များမှာ ကာကွယ်ရေးတပ်များဖွဲ့စည်းမယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမယ်ဆိုတာကတော့ ရေးသားဖော်ပြထားပြီး ကြေညာထားပြီးသားကိစ္စလည်းဖြစ်ပါတယ်။ မီဒီယာတွေမှာ တက်လာတဲ့ကိစ္စတွေကတော့ ဖက်ဒရယ် ယူနစ်တပ် ဖွဲ့စည်းတယ်ဆိုတဲ့ အခြေအနေမျိုးကတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း မီဒီယာမှာ တက်လာမှ သိရတဲ့အခြေအနေမျိုးလို့တော့ ပြောရပါလိမ့်မယ်။
မေး ။ ။ CoC ဖောက်ဖျက်တယ်ဆိုတာ ဒီအခြေအနေကို ညွှန်းတာလား။
ဖြေ ။ ။ ဒါကတော့ CoC သဘောတရားလို့တော့ ကျွန်တော်တို့ ပြောဖို့တော့ခက်မယ်။ ဒါကတော့ မကွေးဖက်ဒရယ်ယူနစ်ရဲ့စည်းမျဉ်းစည်းကမ်းအရ သူတို့ကိုယ်တိုင်သည်ပင်လျှင် ရေးသားဖော်ပြထားတဲ့ TOR (Terms of reference- တာဝန်နှင့်လုပ်ငန်းဆိုင်ရာသတ်မှတ်ချက်)တွေ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီ TOR တွေ၊ အချက်လက်တွေအတွက်ကတော့ ဒါက ယူနစ်တပ်ဖွဲ့မယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်ပင်ညှိနှိုင်းပြီးမှဆောင်ရွက်ရမယ့် အခြေအနေပေါ့လေ။ ကျွန်တော်တို့ကတော့ ရေးသားဖော်ပြထားတဲ့ အချက်အလက်တွေအတိုင်းနားလည်ထားတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ ဖြစ်သွားတဲ့အချိန်မှာတော့ ကျွန်တော်တို့နားလည်ထားတဲ့ အချက်တွေနဲ့ မကိုက်ညီတဲ့အခြေအနေမျိုးလို့ ပြောလို့ရပါတယ်။
မေး ။ ။ ဆိုတော့ CoC လို့ပြောရင် ယူနစ်တပ်တွေကိုရော ဘယ်လိုမျိုးကွပ်ကဲဖို့ရှိလဲ။
ဖြေ – ဒါကတော့ DOC (Division of Competency – လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း) ပိုင်းနဲ့ ပတ်သက်နေပါ တယ်။ ဖက်ဒရယ်ယူနစ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးတိုင်ပင်ရဦးမယ့် အဆင့်တွေတော့ ကျန်ပါလိမ့်ဦးမယ်။
မေး ။ ။ ယူနစ်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကြားမှာ လက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်ပြီးတော့ အာဏာခွဲဝေမှုနဲ့ပတ်သက်ရင် အပြီးအပြတ် မဆွေးနွေးရသေးဘူးလို့ ဆိုလိုချင်တာလား။ ဆွေးနွေးမှုတွေကဘယ်လိုအခြေအနေရှိနေပါလဲ။
ဖြေ ။ ။ ကျွန်တော်တို့သိသလောက် နားလည်သလောက်ဆိုရင်တော့ ရှေ့မှာပြောသလို အာဏာခွဲဝေမှု၊ လုပ်ငန်းခွဲဝေမှုကတော့ အသေးစိတ်ကိုဆွေးနွေးရမယ့်အဆင့်မှာပဲ ရှိပါသေးတယ်လို့ နားလည်သဘော ပေါက်ထားပါတယ်။
မေး ။ ။ ရေနံမြေမှာတပ်အင်အားတွေဝင်နေတာနဲ့ ပတ်သက်ပြီးလူထုက ဆန္ဒပြတာတွေရှိပါတယ်။ တင်းမာမှုရှိတဲ့ဒီအခြေအနေမှာ ကျည်ပေါက်တဲ့အထိ မဖြစ်အောင် NUG ဘက်က ဘယ်လိုမျိုး ဆောင်ရွက်နေပါလဲ။
ဖြေ ။ ။ ကျည်ပေါက်တဲ့အဆင့်အဖြစ်မခံဘူး။ ကျည်ပေါက်စရာလည်းလိုတဲ့အခြေအနေမျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြေပြင်မှာက PDF ရော၊ ပကဖရော ဆိုတာသည်က ကာကွယ်ရေးဝန်ကြီး ဌာနရဲ့အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာရှိသော အဖွဲ့အစည်းများဖြစ်ပါတယ်။ အဲ့ဒီတော့ ဒါသည် မည်သူတစ်ဦးတစ်ယောက်ကမျှ ကျည်ပေါက်စရာလိုတဲ့ အနေအထား၊ တိုက်ပွဲဖြစ်စရာလိုတဲ့ အနေအထားမျိုး မဟုတ်ဘူး။
ထို့အတူမှာပဲ ဆန္ဒပြတဲ့အခြေအနေတွေ ကြုံတွေ့နေရတာလည်းရှိပါတယ်။ ဆန္ဒပြတဲ့အခြေအနေမှာလည်း သက်ဆိုင်ရာတာဝန်ရှိသူများဘက်က တစ်စုံတစ်ရာ တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း မရှိပါဘူး။ မြေပြင်မှာ ပြည်သူလူထု အနေနဲ့ ဆန္ဒထုတ်ဖော်တဲ့ကိစ္စတွေကို လွတ်လွတ်လပ်လပ်ပဲ ခွင့်ပြုထားတာ ရှိပါတယ်။ မြေပြင်တပ်များကိုလည်းကာကွယ်စောင့်ရှောက်ဖို့နဲ့ လုံခြုံရေးတွေပေးဖို့ရာ အတွက်ကိုပဲ ညွှန်ကြားထားတာရှိပါတယ်။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီးတော့ တားဆီးထားတာ၊ ပိတ်ပင်ထားတာ၊ ဟန့်တားတာမျိုးတွေ မရှိပါဘူး။

မေး ။ ။ ယူနစ်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကြား တွေ့ဆုံဆွေးနွေးမှုမှာ ဘာတွေ သဘောတူညီချက်ရထားပြီလဲ။
ဖြေ ။ ။ ဆွေးနွေးတဲ့အချက်အလက်တွေ တွေ့ဆုံဆွေးနွေးမှုတွေရှိနေပါတယ်။ တိုးတက်မှုတွေရှိပါတယ်။ အပြုသဘောတွေဆောင်ပါတယ်။ အရေးကြီးတဲ့လုပ်ငန်းစဉ်တွေလည်းပေါ်ပေါက်ပါတယ်။ အားလုံးကို ခြုံငုံပြီးကြည့်မယ်ဆိုရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရော မကွေးဖက်ဒရယ်ယူနစ်အစိုးရ တွေ့ဆုံမှုတွေက အားရစရာကောင်းပါတယ်။ အပြုသဘောဆောင်ပါတယ်။ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ် တွေအတွက် လမ်းစဉ်တွေချမှတ်နိုင်တယ်။
လတ်တလောအကူးအပြောင်းကာလမှာ ဖြေရှင်းရမယ့် ကိစ္စရပ်တွေ ဥပမာ – ကိုလက်ယာဆိုရင် မူလက အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ထမ်းဖြစ်တယ်။ ပကဖ တာဝန်ခံတစ်ဦး ဖြစ်တယ်။ ဖက်ဒရယ်ယူနစ်မှာ ကာကွယ်ရေးဝန်ကြီးဖြစ်သွားတဲ့အခါမှာ ဖြေရှင်းရမယ့် တာဝန်ယူ၊ တာဝန်ခံသွားရမယ့် ကိစ္စရပ်တွေ ရှိပါလိမ့်မယ်။ ဒါက ပကဖ တာဝန်ခံတစ်ဦးဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ ပကဖမှာရှိနေတဲ့ လူအင်အား၊ လက်နက်အင်အား၊ တပ်ဖွဲ့ပိုင်ငွေကြေးဥစ္စာ၊ တပ်ဖွဲ့မှာ တာဝန်ခံအဖြစ် ထမ်းဆောင်စဉ်မှာ ဖြေရှင်းရမယ့်အမှုခင်းကိစ္စတွေပဲဖြစ်ဖြစ် ရှိခဲ့တယ်ဆိုရင် လတ်တလော ဖြေရှင်းရမယ့် ကိစ္စတွေရှိပါတယ်။
လတ်တလော အကူးအပြောင်းကာလမှာ ဖြေရှင်းရမယ့်ကိစ္စတွေရှိသလို လတ်တလော မြေပြင်မှာဖြစ်နေ တဲ့ကိစ္စရပ်တွေမှာ ဘယ်လိုပုံစံမျိုး အလုပ်ဆက်လုပ်ကြမလဲ။ ဘယ်လိုပုံစံမျိုးနဲ့ မီဒီယာတွေမှာ သူ့အမြင်၊ ကိုယ့်အမြင်ရေးသားဖော်ပြတဲ့အခြေအနေတွေ တင်းမာနေတာရှိနိုင်တယ်။ မြေပြင်မှာတော့ အတတ်နိုင်ဆုံး အထင်မြင်လွဲမှားတွေမရှိအောင် ထိန်းသိမ်းဖို့ပေါ့။ ဒါနဲ့အတူတူပဲ ရှေ့ဆက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်ကြားမှာ လုပ်ငန်းတွေကို ဘယ်လိုတွဲလုပ်ကြမလဲ။ တာဝန်တွေကို ဘယ်လိုခွဲကြမလဲဆိုတာကိုဆွေးနွေးဖို့လမ်းစတွေ ဖော်ဆောင်နိုင်တာဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောရရင် အခုတွေ့ဆုံမှုတွေသည် အပြုသဘောဆောင်တယ်။ တိုးတက်မှုတွေလည်းရှိတယ်။ ဒီနေရာကနေပြီးတော့ လတ်တလောဖြေရှင်းရမယ့် ကိစ္စရပ်တွေအတွက်ကိုလည်း တာဝန်ရှိတဲ့သူ အချင်းချင်း ဆုံးဖြတ်ချက်တွေချနိုင်တယ်။ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေအတွက်ကိုလည်းနောက်ထပ် အစည်းအဝေးလုပ်ထုံးလုပ်နည်းတွေ၊ ကော်မတီဖွဲ့တာမျိုးတွေရော ရှိလာနိုင်တယ်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားနိုင်တယ်။ ဆုံးဖြတ်ချက်တွေချနိုင်တယ်။ အခြေအနေတစ်ခုကိုတော့ ဦးတည်နေပြီလို့ ပြောချင်ပါတယ်။
မေး ။ ။ ဗိုလ်လက်ယာကို တိုင်ထားတဲ့အထဲမှာ ဘယ်လိုအမှုတွေနဲ့တိုင်ကြားခံရတာရှိလဲ။
ဖြေ ။ ။ ဗိုလ်လက်ယာဆိုတာထက် မြိုင်မြို့နယ်အတွင်းမှာရှိနေတဲ့ လုံခြုံရေး၊ ကာကွယ်ရေး တာဝန်ရှိသူ တွေနဲ့ပတ်သက်ရင် တိုင်ကြာမှုတွေကတော့ မျိုးစုံပေါ့။ ငွေကြေးခြိမ်းခြောက်ပြီးတော့ ငွေကြေးတောင်းခံ တာတွေရှိတယ်။ ဒလန်လို့ စွပ်စွဲပြီးတော့ လူသတ်မှုကျူးလွန်ထားတဲ့ကိစ္စတွေရှိတယ်။
တစ်ဦးတစ်ယောက် ဆိုတာထက် ဒီဧရိယာအတွင်းမှာ ရှိနေတဲ့ အချို့သော လုံခြုံရေး ကာကွယ်ရေး တာဝန်ရှိသူများရဲ့တိုင်ကြားမှုကို လက်ခံရရှိထားတာ ဖြစ်ပါတယ်။ အပြစ်ရှိခြင်း၊ မရှိခြင်း ဆိုတာထက်ကို တိုင်ကြားမှုတွေ ရှိလာတဲ့အခါမှာ စစ်ရုံးချုပ် အနေနဲ့ရော ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ရော စုံစမ်း စစ်ဆေးရမယ့် ဖော်ထုတ်ရမယ့်တာဝန်ဝတ္တရားတွေရှိပါတယ်။ ရှိနေတဲ့ တာဝန်ဝတ္တရားတွေအတိုင်းကိုပဲ ကာလတစ်လျှောက်လုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အခုမှ ဆောင်ရွက်တာမဟုတ်ပါဘူး။ ရှေ့နှစ်တွေက တည်းကနေ ကျွန်တော်တို့သည် တောက်လျှောက်ဆောင်ရွက်နေတဲ့အခြေအနေတွေ ဖြစ်ပါတယ်။
မေး ။ ။ တခြားဖြည့်စွက်လိုတာမျိုးရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ မကွေးဖက်ဒရယ်ယူနစ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာကတော့ စင်ပြိုင်အစိုးရတွေ မဟုတ်ပါဘူး။ တော်လှန်ရေးခရီးကိုအားလုံးအတူတူ ကိုယ့်အခန်းကဏ္ဍအလိုက် ဆောင်ရွက်ကြရမယ့်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ အစိုးရတွေပဲဖြစ်တယ်။ ဒီအခြေအနေတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအချင်းချင်းကြားမှာ နားလည်သဘောပေါက်ကြပြီး ကျေလည်ကြပြီး အားလုံးကလည်း လက်ခံကြပြီးအခြေအနေတွေဖြစ်ပါတယ်။ ဒီအခြေအနေတွေမှာပဲ စောစောက ပြောသလိုပဲ ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေ ရှေ့ဆက်နိုင်ဖို့ လုပ်ထုံးလုပ်နည်းနဲ့ အကူးအပြောင်း၊ အလွှဲအပြောင်းဆောင်ရွက်နေကြခြင်းဖြစ်တယ်။
ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့လည်း ဒီအခြေအနေတွေပေါ်မှာ မိတ်ဖက်ပဋိပက္ခလည်းမဟုတ်ပါဘူး။ ပွတ်တိုက်မှုလည်းမဟုတ်ပါဘူး။ ရန်ဘက်ပဋိပက္ခလည်းမဟုတ်ပါဘူး။ တရားဥပဒေကြောင်းအရ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မိမိရဲ့အဖွဲ့အစည်း ကွပ်ကဲမှုအတွင်းမှာ ရှိနေတဲ့ ထိန်းကျောင်းရမယ့်ကိစ္စရပ်တွေကို စနစ်တကျ ထိန်းကျောင်းခြင်းအနေအထားပဲဖြစ်ပါတယ်။ ဒါတွေကလည်း ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုကို မျက်နှာမူလို့သာလျှင် ဒါတွေကို စနစ်တကျ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်ဖို့မလိုပါဘူး။ တော်လှန်ရေးအပေါ်မှာ စိတ်ညစ်စရာလည်းမလိုအပ်ပါဘူး။ ဒါတွေက လုပ်သင့်လုပ်ထိုက်တဲ့ ကွပ်ကဲမှုသဘောတရားအရ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
အဲ့ဒီတော့ တစ်ဖက်မှာလည်း ဒီအခြေအနေတွေကို ဖက်ဒရယ်ယူနစ်ဘက်က တာဝန်ရှိသူတွေကိုယ်တိုင်က နားလည်သဘောပေါက်လက်ခံထားပြီးဖြစ်ပါတယ်။ ဒီအခြေအနေတွေအတိုင်း စနစ်တကျ ဆောင်ရွက်သွားကြဖို့ ရှိပါတယ်။ ဒီအခြေအနေတွေကနေ ကောင်းမွန်တဲ့အခြေအနေတွေ၊ စနစ်တကျ သယံဇာတတွေကို စီမံခန့်ခွဲမှုအပိုင်းမှာဆိုရင်လည်း တော်လှန်ရေးကိုရှေးရှုပြီးတော့ တော်လှန်ရေးအကျိုးအတွက် စနစ်တကျသုံးစွဲနိုင်ဖို့ပေါ့။
မည်သူတစ်ဦးတစ်ယောက်သော်လည်းကောင်း၊ အဖွဲ့စည်းတစ်ခုရဲ့သော်လည်းကောင်း ထိန်းချုပ်မှုနဲ့ ဆောင်ရွက်ခြင်းမျိုးမဟုတ်တော့ဘဲနဲ့ ပြည်သူလူထုကို မျက်နှာမူပြီးတော့ စနစ်တကျ အကျိုးရှိရှိ တော်လှန်ရေး အောင်မြင်ရာ အောင်မြင်ကြောင်းအတွက် တော်လှန်ရေးတစ်စုံလုံး အတွက်ရော၊ မကွေးတိုင်း အတွင်းမှာရှိနေတဲ့ စစ်အောင်နိုင်ရေးအတွက်ကိုရော ဒါတွေကို နှစ်ခုလုံးအတွက် ရည်ရွယ်ပြီးတော့ ပြည်သူ့သယံဇာတ အရင်းအမြစ်တွေကို ပြည်သူလူထုအကျိုးအတွက် စနစ်တကျ မကြာခင်မှာ ဒီထက်ပိုပြီး စီမံခန့်ခွဲလာနိုင်တော့မယ်။ တော်လှန်ရေးအတွက် အကျိုးရှိလာတော့မယ့် အခြေအနေတွေကို ဦးတည်နေပြီဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ သတင်းစကားပါးလိုပါတယ်။




