အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်နီတွင် အင်အားဖြည့်ရှေ့တိုးလာသည့် စစ်တပ်မော်ချီးကို တိုက်ခိုက်နိုင်

ကောက်စာ − ​​ကရင်နီ (ကယား) ပြည်နယ်တွင် စစ်တပ် အင်အားဖြည့်နေပြီး စစ်ရေးအရှိန်မြှင့်ရန် ကြိုးပမ်းလာနေသည်။ စီးပွားရေးအရ အရေးပါသည့် ခဲသတ္တုထွက်ရာ မော်ချီးမြို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု စစ်ရေးလေ့လာသူများနှင့် တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

ကရင်နီ (ကယား) ပြည်နယ်ရှိ မြို့အချို့တွင် စစ်တပ်က စစ်အင်အားများဖြည့်နေပြီး အချို့နေရာများတွင် လှုပ်ရှားစစ်ကြောင်း များဖြင့် ရှေ့တိုးလာနေပြီး မော်ချီးမြို့ကို တိုက်ခိုက်လာနိုင်သည်ဟု ကရင်နီအခြေစိုက် တော်လှန်ရေးတပ် သတင်းရင်းမြစ် အချို့ထံက သိရသည်။

စစ်တပ်သည် ဖားဆောင်းမြို့သို့ ဘော်လခဲမြို့ဘက်မှတဆင့် ကားလမ်းအတိုင်း စစ်အင်အားများ ဖြည့်နေခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုးက ပြောသည်။

 “စစ်တပ် အင်အားအတိအကျပြောဖို့ခက်ပါတယ်။ မတ်လ လဆန်းပိုင်းကတည်းက ဘော်လခဲ ကနေ ဖားဆောင်းကို တပ်အင်အား ပိုဖြည့်နေတာတွေ့တယ်။ မိုးဗြဲအနီးတဝိုက်ကတော့ မတ်လအကုန်ပိုင်းမှစတင်ပြီး ခပ်စိပ်စိပ်တိုးလာတာ တွေ့ရပါတယ်” ဟု ဆိုသည်။

စစ်ရေးလေ့လာသူအချို့ကမူ ဖားဆောင်းကို စစ်တပ်အင်အားဖြည့်တင်းနေခြင်းသည် ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခဲသတ္တုတွင်းများရှိရာ မော်ချီးကို တိုက်စစ်ဆင်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း ပြောသည်။

ကရင်နီတော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့ဖူးသည့် မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ၂၀၂၅ ခုနစ် ဇူလိုင်လ ၆ ရက်တွင် ပြန်လည်သိမ်းပိုက်ထားသည်။ ထို့နောက် ယခုနှစ် မတ်လကုန်ပိုင်းမှစတင်၍ ကရင်နီတော်လှန်ရေးတပ် စိုးမိုးနယ်မြေရှိ နန်းမယ်ခုံမြို့ဘက်သို့ စစ်ကြောင်းထိုးလာနေကြောင်း KNDF တာဝန်ရှိသူများက ဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကလည်း စစ်တပ်သည် ဖားဆောင်းမြို့နှင့် မော်ချီးမြို့ကိုသွားသည့် ကားလမ်းအနီးရှိ ရွာများကို ဧပြီလပထမပတ်အတွင်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပြေသည်။

“ဖားဆောင်းကနေ မော်ချီးသွားတဲ့ဘက်နားက ရွာတွေမှာတော့ ဒရုန်းတွေနဲ့ ပိုပြီး တိုက်ခိုက်ခံရတာတွေရှိတယ်။ လူထုကတော့ ရှောင်ထားပြီးသားဆိုတော့ အထူးအထွေအထိအခိုက်တော့မရှိဘူး” ဟု Myanmar Now ကိုပြောသည်။

မော်ချီးသည် ဖားဆောင်းအနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခဲသတ္တုတွင်းများရှိရာ မြို့ဖြစ်သည်။

ကရင်နီတော်လှန်ရေးတပ်နှင့်နီးစပ်သည့် အခြားသတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း စစ်တပ်သည် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို- ဖားဆောင်းပြည်ထောင်စု လမ်းမတစ်လျှောက်ရှိ မြို့များတွင် အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် ကြိုးစားနေပြီး လူထုကို ၎င်းတို့ နယ်မြေတွင် ပြန်လာနေရန် စည်းရုံးမှုများလုပ်နေသည်ဟု ဆိုသည်။

အဆိုပါ လုပ်ဆောင်မှုအောင်မြင်ရန် တစ်ဖက်တွင် တော်လှန်ရေးတပ်များနှင့် တော်လှန်ရေးတပ်စိုးမိုးနယ်မြေရှိလူထုကို စစ်ရေးဖိအားပေးမှုပါ ဆက်လုပ်နေကြောင်း ၎င်းက ပြောသည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ကော်မရှင်တပ်သည် ကရင်နီ တော်လှန်ရေးတပ်များအတွက်စီးပွားရေးအရ အရေးပါသည့် ခဲသတ္တုထွက်ရာ မော်ချီးအား တိုက်ခိုက်သည့် တိုက်စစ်ကို ဦးစွာလုပ်လာနိုင်ကြောင်း သုံးသပ်သည်။

ကရင်နီစစ်ရေးအခြေအနေပြပုံ

ဖားဆောင်းမြို့နှင့်အနီးဆုံးသောတော်လှန်ရေးတပ်ထိန်းချုပ်မြို့ နှစ်မြို့ရှိပြီး တစ်မြို့မှာ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မယ်စဲ့ဖြစ်သည်။ တစ်မြို့မှာ အနောက်ဘက်ရှိ ခဲသတ္တုတွင်းများရှိရာ မော်ချီးဖြစ်သည်။

မယ်စဲ့ကို တိုက်မည်ဆိုပါက ထက်ပိုင်းကျိုးနေသည့် သံလွင်မြစ်ကူးတံတားကို ပြန်ပြင်ရဦးမည်ဖြစ်ပြီး မယ်စဲ့ထက် မော်ချီးသည် ကားလမ်းအတိုင်း စစ်တပ်အတွက် ရှေ့တိုးချီတက်ရန် ပိုလွယ်သည်။ ထို့ကြောင့် မော်ချီးကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ကြောင်း စစ်ရေးလေ့လာသူအချို့က ခန့်မှန်းကြခြင်းဖြစ်သည်။

မိုးဗြဲအနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေခြင်းသည် ကရင်နီ တော်လှန်ရေးတပ်များ စိုးမိုးနယ်မြေသို့ တောင်ငူ-လိပ်သို- ဒီးမော့ဆိုလမ်းအတိုင်း လာနေသော ကုန်စည်စီးဆင်းမှုအား ကန့်သတ်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

မိုးဗြဲစစ်မျက်နှာတွင် စစ်တပ်၏ထိုးစစ်ကို ကရင်နီတော်လှန်ရေးတပ်များက စစ်အင်အားအများအပြားဖြင့် ခုခံနေသော်လည်း စစ်တပ်၏ စစ်ကြောင်းများရှေ့တိုးလာနိုင်သည်ကို တွေ့ရကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။ ကရင်နီတော်လှန်ရေးတပ်များသည် ကရင်နီတွင် တပ်ပေါင်းစုဖွဲ့နိုင်ရန် ပြင်ဆင်နေချိန်ဖြစ်သဖြင့် တိုက်စစ်ဆင်နိုင်ခြင်းမရှိဘဲ ခုခံစစ်သာ လုပ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“ကရင်နီမှာက တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့မယ်ဆိုပြီး ဖွဲ့စည်းမှုတွေလုပ်နေတာဆိုတော့ တော်လှန်ရေးတပ်တွေဘက်က ပြင်ဆင်နေချိန်ပေါ့။မြွေအရေခွံလဲတဲ့အချိန်ပေါ့။ ဆိုတော့ ခုခံစစ်နဲ့ ဟန့်တားတဲ့စစ်ကလွဲရင် ဘာမှမလုပ်နိုင်သေးဘူး။ ဒါကို စစ်တပ်က အခွင့်အရေးယူပြီး အဓိက ဆက်သွယ်ရေးလမ်းတွေကို ထိန်းချုပ်နေတာ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ကရင်နီတော်လှန်ရေးတပ်နှင့်နီးစပ်သည့် အခြားသတင်းရင်းမြစ် အမျိုးသားတစ်ဦးကမူ တော်လှန်ရေးတပ်များဘက်က ပြောက်ကျားစစ်ဖြင့် စစ်တပ်ကိုတိုက်ခိုက်နေသလို ယခင်ကကဲ့သို့ တန်ပြန်ထိုးစစ်များလုပ်နိုင်ရန် ကြိုးစားနေကြောင်း Myanmar Now ကိုပြောသည်။

“စစ်တပ်ဘက်က စစ်ရေးအပြင် နိုင်ငံရေးထိုးစစ်ကလည်း ပါနေတော့ အဲဒီနှစ်ခုကို ဟန်ချက်ညီညီတန်ပြန်နိုင်ဖို့ ကျွန်တော်တို့လုပ်နေတယ်။ စစ်တပ်အသွင်ပြောင်းအစိုးရ တက်လာတယ်ဆိုရင်လည်း ဖိနှိပ်မှုအသစ်နောက်တစ်ခုပေါ့။ အရပ်သားအသွင် ဖိနှိပ်မှုရှိလာမှာဖြစ်လို့ ကျွန်တော်တို့ကတော့ ဆက်တွန်းလှန်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင် ကရင်နီပြည်နယ်တွင် စစ်တပ်က ရန်နိုင်မင်း အမည်ဖြင့် တော်လှန်ရေးတပ်ထိန်းချုပ်သည့် မြို့များအား ပြန်သိမ်းသည့်စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် စတင်၍ လုပ်ဆောင်နေသည်။

စစ်ဆင်ရေး တစ်နှစ်ကျော်အတွင်း ဆီဆိုင် ၊ မိုးဗြဲ ၊ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ ဘော်လခဲနှင့် ဖားဆောင်းမြို့များကို စစ်တပ်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို တော်လှန်ရေးတပ်၏ စိုးမိုးနယ်မြေလည်း ပိုမိုကျဉ်းမြောင်းသွားသည်။

နယ်မြေကျဉ်းမြောင်းလာသည့်အခါ တော်လှန်ရေးတပ်နယ်မြေရှိ ပြည်သူလူထုအတွက် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်လာပြီး ခရီးစရိတ်မြင့်တက်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုများနှင့်အတူ လူတစ်ဦးချင်း၏ ဝင်ငွေလည်း နည်းလာကြောင်း ကြားကာလ ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဗညားခွန်အောင်က ပြောသည်။

“နယ်မြေတွေကျုံ့သွားတော့ သွားရလာရ ပိုခက်လာတယ်။ စီးပွားရေးလည်း ပိုကျပ်တည်းလာတယ်။ လုံခြုံရေးအရ ပတ်ပြီးသွားရတဲ့အတွက် အချိန်ပိုကုန်တယ်။ စရိတ်ပိုထောင်းတယ်။ လူမှုစီးပွားဘဝဟာ ပိုကျုံ့သွားတော့ ဝင်ငွေလည်းပိုနည်းတယ်။ အစိုးရတရပ်အနေနဲ့ လူထုရဲ့ဝင်ငွေအပေါ်မှာ မူတည်ပြီးတော့ IEC ဖြစ်စေ တပ်ပိုင်းဆိုင်ရာ အတွက် စရိတ်တွေ ဝင်လာမှုက ကျသွားတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၆ ခုနှစ်သည် စစ်ရေး၊ နိုင်ငံရေး ၊ စီးပွားရေး အခြေအနေများ ပိုမိုရှုပ်ထွေးလာမည့်နှစ်ဖြစ်သဖြင့် လူထုအနေနှင့် သတင်းမှန်များကို လေ့လာပြီး စားနပ်ရိက္ခာစုဆောင်းမှုများပါ ကြိုတင်ပြင်ဆင်ထားသင့်သည်ဟုလည်း ဗညားခွန်အောင်က သတိပေးသည်။

“တချို့ ယုံကြည်စိတ်ချရတဲ့သတင်း မီဒီယာကလွဲရင် Facebook မှာပြောနေတာကိုက နားမယောင်ဖို့လိုပါတယ်။ နိုင်ငံတကာမှာဖြစ်တဲ့ စစ်ပွဲကြောင့်၊ ဆီဈေးဂယက်ကြောင့် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုကြီးဖို့ပဲရှိတယ်လို့မြင်ပါတယ်။ ၂၀၂၆ မှာ စားနပ်ရိက္ခာတွေကိုလည်း စနစ်တကျစုဆောင်းတာ သိုလှောင်တာတွေလုပ်ဖို့ လိုအပ်ပါတယ်။ ရောက်လေရာအရပ်မှာ ကိုယ်ထူကိုယ်ထ စိုက်ပျိုးစားသောက်နိုင်ဖို့အတွက်လည်း ကြိုးစားစေလိုပါတယ်” ဟု ဗညားခွန်အောင်က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button