အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲမှ တဆင့် သမ္မတရာထူးရယူခဲ့သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သည့် အိန္ဒိယခရီးစဉ်ကို နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေသည်ဟု အိန္ဒိယရောက် မြန်မာများထံက သိရသည်။
ယနေ့ (မေလ ၂၈ ရက်)တွင် နယူးဒေလီမြို့ရှိ ဂျန္တာမန္တာ (Jantar Mantar) နက္ခတ္တဗေဒစခန်းအနီးနှင့် မေလ ၃၀ ရက်တွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့တို့တွင်ဆန္ဒပြရန် အိန္ဒိယ အစိုးရထံ ခွင့်ပြုချက် တောင်းခံထားသည်ဟု အိန္ဒိယနိုင်ငံ အခြေစိုက် India For Myanmar အဖွဲ့က ယမန်နေ့ (မေလ ၂၇ ရက်)တွင် ထုတ်ပြန်ထားသည်။
သို့သော်လည်း ယနေ့ (မေလ ၂၈ ရက်) တွင် နယူးဒေလီမြို့၊ ဂျန္တာ မန္တာ (Jantar Mantar) နက္ခတ္တဗေဒစခန်း အနီးတွင် ပြုလုပ်မည့် ဆန္ဒပြပွဲသည် အိန္ဒိယအစိုးရ၏ ခွင့်ပြုချက် မရ၍ ဖျက်သိမ်းလိုက်ရပြီး ကန့်ကွက် ဆန္ဒပြရန်ဆက်လက် စီစဉ်နေသည်ဟု India For Myanmar အဖွဲ့ ဦးဆောင်သူ ဆလိုင်းဒိုလ်ခါရ် က Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ အတွင်းသတင်းအနေနဲ့ကတော့ တော်တော်လေး ခိုင်ခိုင်မာမာသေချာတယ်။ အိန္ဒိယ အစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားဝင် ထုတ်ဖော်ပြောဆိုတဲ့ဟာမျိုးတွေ မရှိသေးဘူး။ အတွင်း သတင်း အနေနဲ့ကတော့ သူလာဖို့ အတွက်က သေချာသလောက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
အိန္ဒိယနှင့်မြန်မာ နှစ်ဖက်လုံး တရားဝင် ထုတ်ပြန်ခြင်းမရှိသေးသည့် စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The Economic Times သတင်းစာက မေလ ၂၅ ရက်တွင် ရေးသားခဲ့ပြီးနောက် အိန္ဒိယအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ နိုင်ငံခြေားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးထံသို့ ကန့်ကွက်ကြောင်း သဝဏ်လွှာပေးပို့ ထားသည်ဟု ယမန်နေ့ (မေလ ၂၇ ရက်) တွင် ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ စစ်အုပ်စုက ဦးဆောင်ကျင်းပသည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အဆိုပါ သဝဏ်လွှာတွင် တောင်းဆိုထားသည်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရဖွဲ့ရန် ရက်ပိုင်းအလိုတွင် စစ်အာဏာသိမ်းခဲ့သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် အစွမ်းကုန် ကြိုးစားနေသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍအသီးသီးတွင် အဘက်ဘက်က ကျရှုံးနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၂၀၂၅ ခုနှစ် မတ်လတွင် ရုရှားနိုင်ငံသို့ အလုပ်သဘောနှင့် ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင်လည်း ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၌ ကျင်းပသည့် “ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်” အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နောက် တရုတ်- မြန်မာ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ သည်။
ယခုလာမည့် မေလ ၃၁ ရက်တွင် စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ် အမှန်တကယ်ပေါ်ပေါက်လာပါက အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းနှင့် ရခိုင်အရေးများ ဆွေးနွေးနိုင်ဖွယ် ရှိပြီး နိုင်ငံ၏ လက်နက်ကိုင် တော်လှန်ရေးအခြေအနေ တမျိုးတဖုံ ပြောင်းလဲနိုင်သည်ဟု လေ့လာသူများက သုံးသပ်သည်။



