အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငါန်းဇွန်တွင် စစ်တပ်ဒရုန်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အပါအဝင် ၉ ဦး သေဆုံး၊ ၃ လသား ဒဏ်ရာရ

အင်အား ၁၀၀ ဝန်းကျင် စစ်တပ်စစ်ကြောင်းတစ်ခုက မြို့အနောက်ဘက်ရွာများအနီး စစ်ကြောင်း ထိုးလာစဉ် အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ပြီး စစ်တပ် ဆက်ရှိနေသဖြင့် အလောင်းပင် မကောက်နိုင်သေးကြောင်း သိရသည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်က ယမန်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားရှစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသွားသော သုံးလသား ကလေးငယ်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဒေသခံများထံက စုံစမ်းသိရသည်။ 

မန္တလေးမြို့အနောက်တောင်ဘက် မိုင် ၄၀ ကျော်အကွာ ငါန်းဇွန်မြို့ပေါ်မှ ထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင် စစ်တပ်စစ်ကြောင်းတစ်ခုသည် ယမန်နေ့ (မေလ၂၇ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင် မြို့အနောက်ဘက် ကျေးရွာများအနီး ရောက်ရှိလာသည်။ 

ထိုစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ခုခံပစ်ခတ်ခဲ့သဖြင့် အချိန်အနည်းငယ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်တပ်က မြေပြင်ထိုးစစ်နှင့်အတူ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများ အနီး စစ်ကြောင်း ထိုးလာရာ ဒရုန်းဗုံးကြောင့် ထိခိုက်သေဆုံးခဲ့ကြရခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ငါန်းဇွန်မြို့၏အနောက်ဘက် လေးမိုင်ခန့်အကွာ ဓာတ်တော်ရွာနှင့် ကုလားရွာတို့တွင် ဗုံးသီးများ ပေါက်ကွဲခဲ့ပြီး ကုလားရွာ ကန်စွန်းရွက်စိုက်ခင်းတွင် အလုပ် လုပ်နေသည့် ဒေသခံ သုံးဦး၊ ဓာတ်တော်ရွာမှ ငါးဦး စုစုပေါင်း အရပ်သားရှစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့သည်ဟု  ဆိုသည်။

သေဆုံးသူများသည် အသက် ၃၄ နှစ်အရွယ် မဥမ္မာစိုး၊ ၄၀ အရွယ်အမျိုးသမီး တစ်ဦး၊ အသက် ၃၀ မှ ၅၀ အရွယ်ကြား အမျိုးသားခုနစ်ဦးတို့ ဖြစ်သည်၊ စစ်တပ်စစ်ကြောင်းက ထိုရွာအနီး ရှိနေသေးသဖြင့် အလောင်းများမကောက်နိုင်သေးဟု စုံစမ်းသိရှိရသည်။

“အလောင်းတွေက ဒီနေ့အထိ မကောက်နိုင်သေးဘူး။ အလောင်းသွားကောက်ကြတာ၊  ‘မ’နေတုန်း ဒရုန်းနဲ့ ထပ်ချလို့ ပြေးလာကြရတယ်”ဟု အထက်ပါဒေသခံက ဆိုသည်။

ထိုရုပ်အလောင်းများအနက် မဥမ္မာစိုး၏ ရင်ခွင်ထဲတွင် ဒဏ်ရာရထားသည့် သုံးလသားအရွယ်ကလေးငယ် ရှိနေသဖြင့်  ဖခင်ဖြစ်သူက သွားရောက်ကယ်ထုတ်ခဲ့ရသည်ဟု ဆိုသည်။

“မဥမ္မာစိုးက ခါးကို (ဗုံးစ) မှန်ပြီး ဆုံးတယ်။ သုံးလသား ကလေးကတော့ ရင်ခွင်ထဲမှာရှိပြီး ငိုနေတာ။ ကလေးကို အုပ်မိုးကာထားတဲ့ပုံစံနဲ့ (ဆုံးသွားတာ) ။ အဖေဖြစ်သူက အသက်စွန့်ပြီးသွားကယ်ထုတ်လာလို့ ကလေး အသက်ရှင်တာ”ဟု ၎င်းက ဆက်ပြောသည်။

မေလ ပထမပတ်က တွေ့ရသော ငါန်းဇွန်စစ်ရှောင်အချို့။ (ဓာတ်ပုံ- ပေးပို့)

မဥမ္မာစိုးသည် ငါန်းဇွန်မြို့နှင့် မြို့သာမြို့အကြား မင်းဂျိုကျေးရွာမှဖြစ်ပြီး ပြီးခဲ့သည့် မေလ ၇ ရက်တွင် မင်းဂျိုရွာကို စစ်တပ်စစ်ကြောင်းထိုးရာ ၎င်း၏နေအိမ်နှင့်ဈေးဆိုင်မှ ကျပ်သိန်းတစ်ထောင်ကျော်ခန့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်ခံရသောကြောင့် ခင်ပွန်းဖြစ်သူ၏ဇာတိ ကုလားရွာတွင် တိမ်းရှောင်ခိုလှုံနေစဉ် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ငါန်းဇွန်မြို့နယ်မှ မင်းဂျိုနှင့် တောင်လယ်တောကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး ထွက်ပြေး တိမ်းရှောင်သည့် ဒေသခံများကို ဒရုန်းနှင့်လေယာဉ်တို့ဖြင့် လိုက်လံတိုက်ခိုက်ရာ တောင်လယ်တောရွာမှ  မိသားစုဝင်သုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ မင်းဂျိုရွာ ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ တိုက်ပွဲတွင် ဒေသကာကွယ်ရေးအဖွဲ ခုနစ်ဖွဲ့ခန့် ပါဝင်သည်ဟု ကြားသိရပြီး သေဆုံးသွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားမှာ မည်သည့်အဖွဲ့ကဖြစ်ကြောင်း မသိရသေးဟု အထက်ပါ ဒေသခံက ဆိုသည်။

“တိုက်ပွဲက ဟိုလို Battle ဆိုင်တာ မဟုတ်ဘူး။ သူတို့(စစ်တပ်)က ရွာတွေကို စစ်ကြောင်းလာထိုးလို့ အဖွဲ့တွေက ကာပြီးလာပစ်ခတ်ပေးတာ။ ခဏပဲဖြစ်တာ”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ကုလားကျေးရွာ၏အရှေ့ဘက် ဓာတ်တော်၊ ငါးလွန့်၊ သပြေသာ၊ ဆပ်ပြာကျင်း စသည့် ကျေးရွာများတွင်ဖြန့်ကြက် တပ်စွဲထားသည်ဟု သိရသည်။

“ဆပ်ပြာကျင်းရွာရဲ့ ဘုရားကုန်း၊ ကြောင်နံ့သာကုန်းမှာလည်း အထိုင်တပ်စွဲထားတယ်။ သူတို့ (စစ်တပ်) လက်နက်ကြီး၊ လက်နက်ငယ်အပြင် ရိက္ခာတွေပါသယ်လာတယ်။ ကျွန်တော်တို့ကြားတာတော့ သုံးရက်လောက် ထိုးမယ်လို့ကြားတယ်”ဟု အသက် ၂၀ ကျော်အရွယ် ဒေသခံ အမျိုးသားနောက်တစ်ဦးကလည်း ပြောသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးမြို့တော် မန္တလေးနှင့် မိုင် ၄၀ အကွာ ငါန်းဇွန်မြို့အတွင်း တိုက်ပွဲများရှိနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်နေရာ စစ်တပ်ရွေးကောက်ပွဲအပြီး ဒေသခံ ထိခိုက်၊ သေဆုံးမှုများစွာရှိခဲ့သည်။

ဧပြီလ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ငါန်းဇွန်မြို့နယ်၊ နတ်ကြီးစင်ရွာမှ ရှင်လောင်းလှည့်အလှူပွဲကိုလည်း တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချရာ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ ကလေးများ အပါအဝင် အမျိုးသား သုံးဦး၊ အမျိုးသမီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

အာဏာသိမ်းစစ်တပ်သည် မန္တလေးတိုင်းအတွင်း ငါန်းဇွန်မြို့နယ်ကို အရေးပေါ်အခြေအနေဆက်လက် ကြေညာထားကာ လက်ရှိတွင် စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ၍ ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက် ရှိနေသည်။

မန္တလေးတိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တော်လှန်ရေးထိန်းချုပ်မြို့များကို ပြန်သိမ်းပိုက်ခဲ့သော အာဏာသိမ်းစစ်တပ်သည် တိုင်းအတွင်းရှိ တော်လှန်ရေးအားကောင်းသော လက်ကျန်နေရာများအား ဆက်လက်ထိုးစစ်ဆင်နေသဖြင့် မြင်းခြံခရိုင်အတွင်း တိုက်ပွဲများပြင်းထန်နေသည်။

ယခု နှစ်ဆန်းမှစတင်၍ မန္တလေးမြို့အနောက်ဘက်နှင့် တောင်ဘက် မြင်းခြံခရိုင်ရှိ ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာ ၊ နွားထိုးကြီး မြို့နယ်များမှ ကျေးရွာများကို စစ်တပ်က မြေပြင်ထိုးစစ်များ ပြုလုပ်ခဲ့သလို လေကြောင်း တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေ၍ နယ်မြေစိုးမိုးထားသော ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ မကွေးတိုင်းဘက်သို့ ဆုတ်ခွာပေးခဲ့ရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button