အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဂံမြို့တစ်ဖက်ကမ်း တန့်ကြည်တောင်တန်းတွင် စစ်တပ်က  “ဖြတ်လေးဖြတ်” ထိုးစစ်ဆင်

ဧရာဝတီမြစ်ဘေး မြစ်ခြေဒေသကို စစ်ကြောင်း နှစ်ကြောင်း ဝင်နေသလို နယ်မြေထိစပ်နေသော ဆိပ်ဖြူနှင့် ပေါက်မြို့နယ်များကိုလည်း ထိုးစစ်ဆင်နေသဖြင့် ဒေသခံ သောင်းချီ ထွက်ပြေးနေကြရသည်။

မြန်မာပြည်အလယ်ပိုင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတည်ရှိရာ ပုဂံ-ညောင်ဦး တစ်ဖက်ကမ်းရှိ တန့်ကြည့်တောင်တန်းဒေသသည် တချိန်က ဘုရားဖူးများဖြင့် စည်ကားခဲ့သော်လည်း ယခုအခါတွင် စစ်တပ်၏ “ဖြတ်လေးဖြတ်” စစ်ဆင်ရေးကို  ရင်ဆိုင်နေရသည်။ 

တန့်ကြည်တောင်ခြေတည်ရှိရာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ရပ်ကွက် လေးခုနှင့် အနီးဝန်းကျင် ကျေးရွာ ၁၀ ရွာထက်မနည်းသည် မီးရှို့ဖျက်ဆီးခံထားရပြီး၊ ၎င်းနှင့် နယ်မြေထိစပ်နေသည့် ဆိပ်ဖြူနှင့် ပေါက်မြို့နယ်များရှိ သောင်းနှင့်ချီသည့် ဒေသခံများ စစ်ရှောင်နေကြရသည်။

တော်လှန်ရေး တပ်ဖွဲ့များ အားကောင်းပြီး ချင်းနှင့်ရခိုင်ဒေသ၏  အဓိက ဝင်ပေါက်များ တည်ရှိရာ ဧရာဝတီမြစ်တစ်ဖက်ကမ်း မကွေးတိုင်းအတွင်း ကျေးရွာများကို စစ်တပ်က မြေပြင်ထိုးစစ်နှင့်အတူ ရိက္ခာ၊ ငွေကြေး၊ သတင်းနှင့် လူသစ်စုဆောင်းမှုများ စသော“ဖြတ်လေးဖြတ်” စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်နေသည်။ 

ထို့ကြောင့် ယူနက်စကိုစာရင်းဝင် ပုဂံမြို့ဟောင်း၏ တစ်ဖက်ကမ်း၊ တစ်ချိန်က ဘုရားဖူးများဖြင့် စည်ကားခဲ့သည့် တန့်ကြည်တောင်ခြေရှိ မြစ်ခြေမြို့၊ ၎င်းနှင့် ထိစပ်နေသည့် ဆိပ်ဖြူနှင့် ပေါက်မြို့နယ်များတွင် စစ်ရှောင်များ တိုးလာပြီး ငတ်မွတ်ခေါင်းပါးသည့် ဒဏ်ကို ရင်ဆိုင်နေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရှောင်အရေးအကူအညီပေးသူများထံက သိရသည်။

ယခုလဆန်းမှ စတင်ပြီး ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)၊ ပုဂံ- ညောင်ဦးမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ – ၄၁၅) တပ်များမှ စစ်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်သည့် အင်အားထောင်ချီ စစ်ကြောင်း နှစ်ကြောင်းသည် မြစ်ခြေဒေသအတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်။ 

ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မေလ ၁၃ ရက်တွင် စတင်ပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြစ်ခြေနှင့် ဆိပ်ဖြူမြို့သို့ ဝင်ရောက်နိုင်သည့် အဓိကလမ်းမများကို စစ်တပ်ဂိတ်များချ၍ ပိတ်ဆို့လိုက်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီသယ်ဆောင်ရေး တင်းကျပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

မြစ်ခြေမြို့ကို မီးရှို့ 

မေလ ၁၃ ရက်နေ့တွင် တပ်မ (၁၀၁)မှ စစ်ကြောင်းနှင့် ခလရ- ၄၁၅ တပ်များသည် ဧရာဝတီမြစ်ကို ဖြတ်ကူး၍ မြစ်ခြေမြို့ကို ဝင်ရောက်လာခဲ့ရာ မြစ်ခြေမြို့ပေါ်ရှိ ရပ်ကွက် လေးခုနှင့် အနီးအနား ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခံရပြီး မြစ်ခြေဒေသ ဧရာဝတီမြစ်ကမ်းဘေး ရွာ ၃၀ ခန့်မှ ဒေသခံ သောင်းနှင့်ချီ စစ်ရှောင်နေရသည်။ 

မေလ ၂၅ ရက်တွင် မြစ်ခြေစျေးအပါအဝင် မြို့ ပေါ်ရပ်ကွက်များ ဖြစ်သည့် ထနောင်းကုန်း၊ မြို့သစ်၊ အိုင်ရှည်၊ ကမ္ဘာအေးတို့ မီးရှို့ခံခဲ့ရသည်ဟု  စစ်ရှောင်များကို ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် “အညာတောအိမ်” အဖွဲ့ဝင်တစ်ဦးက မေလ ၂၆ ရက်တွင် ပြောသည်။ 

“မနေ့ည (မေလ၂၅ ရက်) က ရှို့တဲ့ အိမ်ခြေနဲ့ဆိုရင် ခန့်မှန်းခြေ အိမ်ခြေ ရာနဲ့ချီပြီးတော့ မီးရှို့ ခံရထားတယ်။ မီးမရှို့တဲ့ အိမ်တွေဆိုရင်လည်း ရှိတာတွေ အကုန်ယူသွားတာ။ ပုဂံ-ညောင်ဦးဘက်ကို ဒီတိုင်း သယ်တာကို မြစ်ကို ဖြတ်ပြီး စက်လှေတွေနဲ့တင် တစ်နေ့ကို အခေါက် ၄၀ ထက် မနည်းဘူး” ဟု ၎င်းက ပြောသည်။ 

ထိုသို့ စစ်တပ်က မြစ်ခြေမြို့နှင့် အနီးရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် မြစ်ခြေ၊ ဆိပ်ဖြူနှင့် ပေါက်မြို့နယ်များကို “ဖြတ်လေးဖြတ်” စစ်ဆင်ရေး စတင်ခဲ့သည်။

ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ပခုက္ကူ-မြစ်ခြေလမ်းပိုင်းတွင် စစ်တပ်ဂိတ်များချထားသည်၊ ပုဂံ – ညောင်ဦးမှ ဧရာဝတီမြစ်ကို ဖြတ်သည့် မြစ်ကြောင်းလမ်းတစ်လျှောက် လှေဆိပ်များတွင် စစ်တပ်ဂိတ်များ ချထားသည်၊ ဆိပ်ဖြူမြို့အနီး ပုသိမ်-မုံရွာလမ်းပိုင်းတွင်လည်း စစ်တပ်ဂိတ်များ တင်းကျပ်ထားသည်ဟု အသက် ၃၀ အရွယ်  ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပခုက္ကူဘက်ကအဝင်လမ်းတွေဆိုရင် မြစ်ခြေက အထွက်ကုန်စည်တွေက ရတယ်။ အဝင်ဆိုရင် ဆီ တစ်ပုံး၊ ဆန်တစ်အိတ်တောင်မှ သယ်ခွင့်မရတော့ဘူး။ ပုဂံ-ညောင်ဦးဘက်ကဝင်တဲ့ ရေကြောင်းလမ်းတွေကိုလည်း ပိတ်ထားတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

ရိက္ခာ၊ ငွေကြေး၊ သတင်းနှင့် လူသစ်စုဆောင်းမှုများ ဖြတ်တောက်ထားခြင်းကို “ဖြတ်လေးဖြတ်” စစ်ဆင်ရေးဟုခေါ်ပြီး  တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ဒေသများတွင် စစ်တပ်က မကြာခဏ ကျင့်သုံးလေ့ရှိသည်။ 

ယခင်က စစ်တပ် ထိုးစစ်ဆင်လာပါက ပုဂံ-ညောင်ဦးမြို့မှတဆင့် ဧရာဝတီမြစ်ကို ဖြတ်ကာ ရိက္ခာနှင့် ဆေးဝါးများ သယ်ယူနိုင်သော်လည်း ယခုတစ်ခေါက် ထိုးစစ်တွင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လှေဆိပ်များကိုပါ ပိတ်ဆို့ထား၍ အခက်တွေ့နေရသည်ဟု အထက်ပါ မြစ်ခြေဒေသခံက ဆက်ပြောသည်။ 

“ပတ်ပတ်လည်မှာ စစ်ကြောင်းရှိနေတော့ ဘယ်ဘက်နဲ့သွားပြီး ပေါင်းမှာလဲ ဆိုတာကို ခန့်မှန်းရခက်နေတာ။ အရင်ကဆိုရင် ဘယ်လမ်းကိုသွားမယ်ဆိုရင် သူတို့ ဘယ်သွားမယ်ဆိုတာကို ပြီးခဲ့တဲ့ တစ်နှစ်လောက်ထိက သုံးသပ်နိုင်သေးတယ်”ဟု ၎င်းက ပြောသည်။

-မြစ်ခြေဒေသ ကျေးရွာတစ်ရွာ မီးလောင်နေသည်ကို မေလ တတိယပတ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-Kaung Lu Facebook)
-မြစ်ခြေဒေသ ကျေးရွာတစ်ရွာ မီးလောင်နေသည်ကို မေလ တတိယပတ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-Kaung Lu Facebook)

စစ်ရှောင်များ အခက်အခဲ 

ထိုသို့ စစ်တပ်က တန့်ကြည်တောင်ခြေ မြစ်ခြေမြို့ကို စစ်ကြောင်း နှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေ သကဲ့သို့ ၎င်းနှင့် ထိစပ်နေသည့် ဆိပ်ဖြူနှင့်ပေါက်မြို့နယ်များကိုလည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ 

မေလ ၁၄ ရက်နေ့တွင် ဆိပ်ဖြူမြို့အနီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၂ ) မှ ထွက်လာသည့် အင်အား တစ်ထောင်နီးပါး ပါဝင်သည့် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပုသိမ်-မုံရွာ လမ်းတစ်လျှောက်ရှိ ကျေးရွာ ခုနစ်ရွာရှိ လူတစ်သောင်းနီးပါး စစ်ရှောင်နေကြသည်ဟု  ဒေသခံများထံက သိရသည်။ 

အဆိုပါ စစ်ကြောင်းသည် ဆိပ်ဖြူမြို့အနီးရှိ ကပစ (၂၂) မှ ပေါက်မြို့ကိုဖြတ်သန်းပြီး ပေါက်မြို့အနီးရှိ ကပစ (၂၄) ကို စစ်ကြောင်းထိုးသွားခြင်းဖြစ်ပြီး ပေါက်- ဆိပ်ဖြူလမ်းပိုင်းရှိ ချက်ကန်၊ သပြေရေ၊ တည်ပင်ကန်၊ ကိုင်းပန်နှင့် သစ်ညီနောင်ရွာ ဒေသခခံများ စစ်ရှောင်နေကြရခြင်းဖြစ်သည်။ 

ထိုစစ်ကြောင်းသည် ပေါက်-ဆိပ်ဖြူ လမ်းပိုင်းရှိ တည်ပင်ကန်ကျေးရွာတွင် ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများ၏ မြေပဲမျိုးစေ့ တင်း ၁၀၀၊ ဆိုလာပြားများနှင့် မီးကြိုးများအပါအဝင် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားသည်ဟု စစ်ရှောင်နေရသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“အဓိကတော့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ သောက်သုံးရေပေါ့။ အမျိုးသမီး တစ်ကိုယ်ရည်သုံး ပစ္စည်း တွေကတော့ စစ်ရှောင်စခန်းတိုင်းက လိုနေကြတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားလို့ အခက်အခဲဖြစ်နေပါတယ်” 

ထို့အပြင် ဆိပ်ဖြူမြို့ အဝင်လမ်းမများကို ဂိတ်စခန်းများချပြီး ဖြတ်တောက်ထားရာ သောက်သုံးရေ စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများပါ ပြတ်လပ်နေပြီး သက်ကြီးရွယ်အိုများ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည်ဟု ၎င်းက ဆိုသည်။ 

“ဒီရာသီမှာဖြစ်တော့ ရေအခက်အခဲရှိတာပေါ့။ တချို့တွေက ရေမရတော့ ရေကို လှည်းတွေနဲ့တိုက်ပြီး သယ်ရတယ်။ တချို့ သက်ကြီးရွယ်အိုတွေဆို ​ဒေသက အရမ်းပူတော့ စစ်ရှောင်တွေမှာ ကျန်းမာရေး မကောင်းတာမျိုးတွေတော့ ဖြစ်ကြတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

စစ်တပ်၏ “ဖြတ်လေးဖြတ်” စစ်ဆင်ရေးနှင့် မီးရှို့ဖျက်ဆီးမှုများကြောင်း စစ်ရှောင်များ တနေ့တခြား တိုးလာပြီး ပြည်သူအချင်းချင်း ပြန်လည်မျှဝေနေရသည်ဟု စစ်ဘေးဒုက္ခသည် အကူအညီပေးနေသည့် မြစ်ခြေအခြေစိုက် အညာတောအိမ်အဖွဲ့ဝင်ကလည်း ပြောသည်။ 

“စစ်ရှောင်စခန်းနဲ့ နီးစပ်ရာရွာတွေကနေပြီးတော့ အသီးအရွက်လေးတွေ ကူညီ ထောက်ပံ့ကြတယ်။ ပြင်ပ အဖွဲ့အစည်းတွေရဲ့ အခြေခံစားနပ်ရိက္ခာ ဆန်၊ ဆီလေးတွေလည်း အဲဒါလေးတွေလည်းရပြီး ဖြေရှင်းနေ ကြရတယ်” 

စစ်တပ်၏ လက်နက်စက်ရုံများ

စစ်တပ် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး စစ်ဆင်ရေးများကို အရှိန်မြှင့်လားခြင်းဖြစ်ပြီး   တော်လှန်​ရေးတပ်ဖွဲ့များ အားကောင်းသည့်  မကွေးတိုင်းအနောက်ခြမ်းကို အပြင်းအထန် ထိုးစစ်ဆင်နေသည်။ 

မကွေးတိုင်းအနောက်ခြမ်း၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြစ်ခြေ၊ ဆိပ်ဖြူနှင့် ပေါက်မြို့နယ်တို့ကို  ခြေလျင်တပ်ရင်းများဖြင့် ထိုးစစ်ဆင်နေပြီး စစ်တပ်၏ လက်နက်စက်ရုံများ အထိအခိုက်မရှိရေး ကြိုးပမ်းနေခြင်းဖြစ်သည်။  

ထိုမှတဆင့် ချင်းနှင့် ရခိုင်ဒေသဝင်ပေါက် တည်ရှိရာ ယောဒေသရှိ စော၊ ကျောက်ထုနှင့် ဂန့်ဂေါမြို့နယ်တို့ ကိုလည်း လေကြောင်းသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ 

ဧပြီလ ၁၃ ရက်နေ့တွင် မိတ္ထီလာမြို့ရှိ တပ်မ (၉၉) တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်ခန့်သည် ဆိပ်ဖြူမြို့ကို စတင် ထိုးစစ်ဆင်လာခဲ့သည်။  စစ်တပ်၏ လက်နက်စက်ရုံများဖြစ်သော ကပစ (၂၁) ၊ ကပစ (၂၂) တွင် တပ်ဖြန့်ထားပြီး ယောနှင့် ချင်းတောင်ပိုင်းသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟု ယူဆရသည်။ 

ပုသိမ်-မုံရွာလမ်းပိုင်းနှင့် ပေါက်-ဆိပ်ဖြူ လမ်းပိုင်းများမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏  စိုးမိုးနယ်မြေများဖြစ်ပြီး ဆိပ်ဖြူမြို့အနီး ကပစ (၂၂)နှင့် ပေါက်မြို့အနီး ကပစ (၂၄) တို့ကို ချိတ်ဆက်နိုင်ရန် အဓိက ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု စစ်ရေး လေ့လာသူများက သုံးသပ်သည်။

မြစ်ခြေကိုဝင်လာသည့် တပ်များက ပုဂံ- ညောင်ဦးလမ်းပိုင်းနှင့် မြစ်ခြေဒေသကို နယ်မြေရှင်းလင်းရန် ရည်ရွယ်ပြီး ဆိပ်ဖြူသို့ ဝင်လာသည့် တပ်များက ချင်းတောင်ကို ထိုးစစ်ဆင်ရန် ရည်ရွယ်သည်ဟု CDM ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။ 

“မြစ်ခြေနဲ့ လမ်းရွာမှာ တော်လှန်ရေး အဖွဲ့တွေ အားကောင်းတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက Joint operation ပေါ့။ ဟိုဘက်ကတော့ ချင်းပြည်ကနေ တဆင့် ရခိုင်ကိုသွားမယ့် လမ်းကြောင့်ပေါ့။ ဦးတည်ချက် မတူတဲ့ လမ်းကြောင်း နှစ်ခုလို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

သို့သော်လည်း စစ်တပ်အင်အား ထောင်ဂဏန်းသုံးကာ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာ၍ ဆုတ်ခွာပေးရသည့် အဆိုပါလမ်းပိုင်းကို ပြန်စိုးမိုးနိုင်အောင် ကြိုးပမ်းသွားမည်ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) တာဝန်ရှိသူက ပြောသည်။ 

“အခုလို အင်အားသုံးတဲ့အချိန်တော့ ကျွန်တော်တို့ ငြိမ်ချင်ရင်ငြိမ်နေရမယ်။ ဒါပေမဲ့ အဲဒီ သာလွန် အင်အားကြီးကို သူတို့ အမြဲတမ်း မသုံးနိုင်ဘူးလေ။ အခုလည်း သူတို့ ဒီလမ်းကို ရသွားတယ်တော့ မဟုတ်ပါဘူး။ အင်အား ထောင်ချီနဲ့မှ သွားနိုင်တာပါ” ဟု ၎င်းက ဆက်ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button