စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) တပ်ဖွဲ့မှ တာဝန်ရှိသူ အပါအဝင် ၁၃ ဦးကို ဖမ်းဆီးထားပြီး ထိုတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများကို ဆက်လက် ဖမ်းဆီးသွားမည်ဟု မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ပြောသည်။
SRF တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစံတင်ထွန်းကို မေလ ၂၆ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ်ပအဖအဖွဲ့က နောက်တစ်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
“လောလောဆယ် ခေါင်းဆောင် အပါအဝင် ၁၃ ယောက်ပေါ့။ နောက်ထပ်ဖမ်းရမှာတွေရှိသေးတယ်”ဟု မြို့နယ်ပအဖအဖွဲ့ တာဝန်ခံ ဦးဝင်းမင်းစိုးက မေလ ၂၇ ရက်နေ့ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။
SRF အဖွဲ့သည် ၎င်းတို့အခြေစိုက်ထားသည့်ဒေသများတွင် ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကျေး ပကဖ၊ ပအဖများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကိုယ်ပိုင် တရားစီရင်ရေးဖြင့် တရားစီရင်ခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသူများကို အဓမ္မ စစ်မှုထမ်းခိုင်းခြင်း စသည့် အမှုများ ကျူးလွန်နေသည်ဟု မြို့နယ်ပအဖအဖွဲ့က စွပ်စွဲလိုက်ပြီး ထိုအမှုများအတွက် တရားစွဲ တိုင်ကြားခံရမှု ရှစ်မှုရှိသည်ဟု ဆိုသည်။
ထို့ကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ ခရိုင်ကွပ်ကဲရေးနှင့် မင်းကင်းမြို့နယ် တပ်ဖွဲ့များ ဆွေးနွေးပြီး မေလ ၂၅ ရက်တွင် ဖမ်းဆီးမှုများ စတင်ခဲ့သည်၊ သံသယတရားခံများကို အပ်နှံပေးရန် အကြောင်းကြားထားသော်လည်း သတ်မှတ်ချိန် ကျော်လွန်သည်အထိ အပ်နှံခြင်း မပြုသည့်အတွက် သွားရောက်ဖမ်းဆီးခဲ့သည်ဟု ပအဖထံက သိရသည်။
ပြည်သူနှစ်ဦး ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ မြို့နယ်ပအဖအဖွဲ့ဘက်ကမူ ပြည်သူအချို့က တားဆီးနှောင့်ယှက်သဖြင့် သေနတ် မိုးပေါ်ထောင်ဖောက်ကာ အခြေအနေ ထိန်းသိမ်းခဲ့ခြင်းသာဖြစ်သည်ဟု ထုတ်ပြန်ချက်ထုတ်ကာ ပြန်လည်ဖြေရှင်းထားသည်။
SRF အဖွဲ့၏ တုံ့ပြန်မှု
SRF ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ၎င်းတို့၏ တပ်ဖွဲ့ခေါင်းဆောင် ဖမ်းဆီးခံရသလို ရှေ့တန်းစခန်းတစ်ခု စီးနင်းခံရကြောင်း၊ တပ်ဖွဲ့ဝင် ကိုးဦးနှင့် လက်နက်ခဲယမ်းများ ယူဆောင်သွားကြကြောင်း ဆိုသည်။
၎င်းတို့တပ်ဖွဲ့ခေါင်းဆောင် ပစ်ခတ်ဖမ်းဆီးခံရခြင်း ဖြစ်သည်၊ အရပ်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်၊ နှစ်ဖက်တပ်များ မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းရန် လုံခြုံရေးအာမခံချက်ပေး၍ သွားတွေ့ဆုံစဉ် ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်ဟု SRF ဘက်က ပြောသည်။
စီးနင်းခံရသည့် စခန်းသည်လည်း စစ်တပ်ရှိသည့်နေရာနှင့် မီတာ ၇၀၀ ခန့်သာ ကွာဝေးသဖြင့် ဒေသခံများ၏ လုံခြုံရေးစိုးရိမ်ကြောင်း ၎င်းက ဆက်ပြောသည်။
မေလ ၂၇ ရက်နေ့တွင်လည်း NUG တပ်များက အင်အားထပ်မံဖြည့်တင်းပြီး ၎င်းတို့တပ်ကို ဝိုင်းဝန်း ပိတ်ဆို့မှုများ လုပ်နေကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“သူတို့တွေအနေနဲ့ ပြစ်မှုကျူးလွန်ထားလို့ ဖမ်းဆီးတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ တပ်တစ်တပ်လုံးကို ပျက်သုဉ်းသွားစေတဲ့ ရည်ရွယ်ချက်နဲ့ ချေဖျက်တဲ့ပုံစံမျိုး၊ ချေမှုန်းတဲ့ပုံစံမျိုးနဲ့ လိုက်လံဖမ်းဆီးနေတဲ့ အနေအထားရှိတယ်”ဟု ၎င်းကဆက်ပြောသည်။
NUG အစိုးရ အနေဖြင့် ညီညွတ်ရေးရှေးရှုပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

SRF အဖွဲ့ဝင် အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း၊ ယမန်နှစ် ဩဂုတ်လ၂၇ ရက်တွင် နှစ်ဦး၊ ယခုနှစ် မေလ ၁၀ ရက်နေ့တွင် နှစ်ဦး၊၂၀ ရက်နေ့တွင် နှစ်ဦး၊ ၂၅ ရက်နေ့တွင် ငါးဦး၊၂၆ ရက်နေ့တွင် ကိုစံတင်ထွန်းနှင့် ရဲဘော် ကိုးဦး အဖမ်းခံရကြောင်း SRF ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။
ထိုသူများအနက် ရဲဘော် ငါးဦးမှာ မေလ ၂၆ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်၊ ထွက်ပြေးသွားသည့် ရဲဘော်များကို NUG တပ်က လိုက်လံရှာဖွေဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ဟု သူက ဆက်ပြောသည်။
“ရဲဘော်တွေ ပြေးနိုင်မယ့်နေရာမျိုး၊ ဒေသမျိုးတွေမှာ စကောက် (ကင်းထောက်) ဒရုန်းတွေ အပေါ်ကနေ ဖြန့်ကြက်ပြီးတော့ ရှာတာမျိုးတွေရှိတယ်။ အဆိုးဆုံးက စစ်ကြောင်းထိုးသလိုမျိုး၊ တောနင်းရှာတဲ့ပုံစံမျိုး၊ လိုက်လံ ဖမ်းဆီးနေတဲ့ပုံစံမျိုးတွေရှိတယ်” ဟု သူက ဆိုသည်။



