၁၀ လနီးပါးကြာပိတ်ပင်ထားသော မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အခရာကျသည့် မြဝတီ- မဲဆောက် အမှတ်(၂) တံတားကို မြန်မာဘက်က ယနေ့ (မေလ ၂၈ ရက်)တွင် ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ထိုအခြေအနေကို သိရှိသည့် မြဝတီနယ်စပ်ကုန်သည်များက ပြောသည်။
လိုင်စင်မဲ့ကုန်စည်တားဆီးရန်ဟု အကြောင်းပြ၍ အမေရိကန်ဒေါ်လာဘီလီယံချီကုန်သွယ်သည့် ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်းမှ တော်လှန်ရေးတပ်များအခွန်ရရှိမှုကို ပိတ်ပင်ရန် ကုန်စည်များဖြတ်သန်း သယ်ဆောင်သော မြဝတီ- မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့်နှစ် ဩဂုတ်လလယ်တွင် စစ်တပ်က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
မြန်မာဘက်ခြမ်းကပြန်ဖွင့်ခဲ့သည်ကို ထိုင်းဘက်သို့ အကြောင်းမကြားသလို သတင်းထုတ်ပြန်ခြင်းလည်း မရှိကြောင်း ယနေ့နံနက် ၆ နာရီတွင် တံတားဖွင့်ခြင်း အန္တရာယ်ကင်း တရားနာပြီးနောက် ကုန်သည်များကို တံတားဖွင့်ကြောင်း အသိပေးခဲ့သည်ဟု အမည်မဖော်လိုသည့် မြဝတီမြို့ခံ ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။
“တံတား ၂ ကတော့ ဖွင့်ပြီ။ ပိတ်တုန်းကလည်းအကြောင်းမကြားဘူး။ ဖွင့်တော့လည်းအကြောင်း မကြားဘူး။ ထိုင်းဘက်က တစ်စီးဝင်လာတယ်။ ပြောင်းသယ်ဖို့အတွက်၊ ဒီမြန်မာဘက်က ပြောင်းကား တက်ထားတာရှိတယ်။ Form D တွေဘာတွေ စာရွက်စာတမ်းအကုန်လုံးလည်းထုတ်ပြီးသွားပြီ။ အခွန်တွေလည်းဆောင်ပြီးပြီ။ အဲ့ဒီ Export ပို့ဖို့အတွက်ကို ပြောင်းသယ်ဖို့ ထိုင်းကားတစ်စီးရောက် လာတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနယ်စပ်မြို့များဖြစ်သည့် မဲဆောက်မြို့နှင့် မြဝတီကို ဆက်သွယ်ထားသော အမှတ် (၂) တံတားကို ပြန်လည်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်မှ အကောက်အခွန်အရာရှိများက မြန်မာဘက်ခြမ်းသို့ လာရောက်ခဲ့ကာ မေးမြန်းအတည်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ် ဧပြီလက ကုန်သွယ်ရေးတွင် အရေးပါသည့် ကရင်ပြည်နယ် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို စစ်တပ်က ပြန်ဖွင့်ခဲ့ပြီး အမှတ် ၂ တံတားကို တပြိုင်တည်းဖွင့်လှစ်မည်ဟု သတင်းများထွက်ခဲ့သော်လည်း ယနေ့ရောက်မှသာ ထိုတံတားကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်မည်ဖြစ်သည်ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။
“ကိုယ့်ဒေသက ပစ္စည်းပဲဖြစ်ဖြစ်၊ ပြည်မက ပစ္စည်းပဲဖြစ်ဖြစ်၊ တစ်ဖက်နိုင်ငံက ခွင့်ပြုထားတဲ့ ပစ္စည်းတွေ အဲ့ဒါတွေ အကုန်လုံးပြန်သွင်းတော့ အထိုက်အလျောက်တော့ အလုပ်အကိုင်အခွင့်အလမ်းရှိမယ်။ နောက်ပြီးတော့ ကုန်သွယ်မှုတွေ ဖြေလျှော့နိုင်တဲ့အနေအထားပေါ့” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများကြောင့် တရုတ်နှင့် ကုန်သွယ်သည့် အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မူဆယ်နယ်စပ်ပိတ်ဆို့နေသလို ထိုင်းနှင့်ကုန်သွယ်ရာတွင်လည်း ရနောင်း-ကော့သောင်းလမ်းကို အားကိုးနေရချိန် မြဝတီနယ်စပ်လမ်းကြောင်း ပြန်ပွင့်လာ၍ ကုန်စည်စီးဆင်းမှုအရှိန်ရလာနိုင်ကြောင်း ၎င်းက ဆိုသည်။
နောက်ထပ် မြဝတီမြို့ခံ ကားသမားတစ်ဦးကလည်း ကုန်ပစ္စည်းတင်သွင်းခွင့်ပြန်လည်ရရှိလာလျှင် ကုန်ဈေးနှုန်း အထိုက်အလျောက်ကျလာမည်ကို မျှော်လင့်နေကြောင်း ပြောသည်။
“ပိတ်ထားတော့ ကုန်ဈေးနှုန်းတော့တက်တယ်။ ဒါပေမဲ့လည်း လှေလမ်းကြောင်းတွေက သွားနေတော့ တအားကြီး ကုန်စည်ပြတ်လပ်မှုတော့မရှိပါဘူး။ ဈေးတော့ကြီးတာပေါ့။ ပွင့်မယ်ဆိုရင်တော့ အောက်ပိုင်းနဲ့ နယ်စပ်ထိကတော့ ပို့ဆောင်ခွင့်ပေးရတော့မယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းအကောက်အခွန်ဌာနကလည်း နှစ်နိုင်ငံနယ်စပ်တံတားကို စမ်းသပ်ဖွင့်လိုက်ပြီး နောက်ပိုင်းတွင် အပြည့်အဝပြန်ဖွင့်သွားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

နယ်စပ်ကုန်သွယ်ရေးကိုထိန်းချုပ်ရန် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ရှိ စစ်ကော်မရှင်၏ တပ်စခန်းများကို ကရင်အမျိုးသားအစည်းရုံး(KNU)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်ပြီးနောက် မိုင်ပေါင်း ၅၀ ကျော်ရှည်လျားသည့် ကျုံးဒိုး-ကော့ကရိတ်-သင်္ဃန်းညီနောင် အာရှလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း အောင်ဇေယျစစ်ကြောင်းအမည်ဖြင့် ထိုလမ်းပိုင်းကို နှစ်နှင့်ချီထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ကရင်ပြည်နယ် အာရှလမ်းပေါ်တွင် စစ်ကော်မရှင်က အပြည်အဝထိန်းချုပ်ထားနိုင်သော်လည်း တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဆက်ရှိနေသလို အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
အာရှလမ်းမကြီး အမှတ်(၁) (AH-1)သည် ရန်ကုန်-သီလဝါအထူးစီးပွားရေးဇုန်မှ ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဆက်သွယ်ထားသော ရန်ကုန်-ပဲခူး-ကျိုက်ထို-သထုံ-ဘားအံ-မြဝတီ ချိတ်ဆက်ထားသော အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလတွင် ကရင်ပြည်နယ်၊ မြဝတီရှိ စစ်စခန်းများကို KNU နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ချိန် စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေး နည်းလမ်းသစ်အဖြစ် ထိုင်းနယ်စပ်ရှိ ရနောင်းနှင့် ကော့သောင်း ကမ်းရိုးတန်းဆိပ်ကမ်းများမှ ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် ကုန်သွယ်နိုင်ရန် စီစဉ်ခဲ့သည်။



