အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာကျောင်းသူကျောင်းသား မျိုးဆက်များစွာအတွက် ပညာရေးတံခါး ဖွင့်ပေးခဲ့သူ ရှိုနာ ကွယ်လွန်

စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနှင့် အာဏာရှင်စနစ်တို့ကြောင့် ပညာရေးနှင့် ဝေးခဲ့ရသော မြန်မာ ကျောင်းသူကျောင်းသားများအတွက်၊ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှသည် အာရှတခွင်ရှိ တက္ကသိုလ်များအထိ ရှိုနာသည် ပညာရေးလမ်းကြောင်းများကို ဆယ်စုနှစ်များစွာ ဖန်တီးပေးခဲ့သူဖြစ်သည်။

Shona Kirkwood ၏ ငယ်စဉ်ဘဝ ပုံရိပ်မှတ်တမ်း ။ (ဓာတ်ပုံ- Aung Naing Oo FB)
Shona Kirkwood ၏ ငယ်စဉ်ဘဝ ပုံရိပ်မှတ်တမ်း ။ (ဓာတ်ပုံ- Aung Naing Oo FB)

စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနှင့် အာဏာရှင်စနစ်တို့ကြောင့် ပညာရေးနှင့် အလှမ်းဝေးခဲ့ရသော မြန်မာ ကျောင်းသူကျောင်းသား မျိုးဆက်များစွာအတွက် အဆင့်မြင့်ပညာရေး အခွင့်အလမ်းများကို တံခါးဖွင့်ပေးခဲ့သည့် ပညာရေးအကျိုးဆောင်နှင့် တက်ကြွလှုပ်ရှားသူ ရှိုနာ (Shona Kirkwood) သည် အသက် ၆၁ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ 

ရှိုနာသည် မြန်မာနိုင်ငံ၏ မီဒီယာ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုများမှသည် ဒီမိုကရေစီအဖွဲ့အစည်းများအထိ ကျယ်ပြန့်လှသော ပညာရေးအမွေအနှစ်များကို ချန်ထားရစ်ခဲ့သူ ဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံသည် စစ်အာဏာရှင် အုပ်ချုပ်မှု၊ ပြည်တွင်းစစ်နှင့် ညံ့ဖျင်းသည့် စီမံခံ့ခွဲမှုများကြောင့် ပညာရေး၊ ကျန်းမာရေးစနစ်တို့သည် အဘက်ဘက်မှ ဆုတ်ယုတ်လာခဲ့ရသည်။ 

၁၉၉၀ ပြည့်လွန်နှစ်များအရောက်တွင် တက္ကသိုလ်များသည် အမည်ခံမျှသာ စတင်လည်ပတ်လာသည်။ 

နိုင်ငံရေး လှုပ်ရှားသူများ၊ တိုင်းရင်းသား လူနည်းစုများ၊ စစ်ဘေးဒုက္ခသည်များနှင့် ဆင်းရဲနွမ်းပါးသူများအတွက်မူ အဆင့်မြင့်ပညာသင်ယူခွင့် ရရှိရေးမှာ လုံးဝမဖြစ်နိုင်သလောက်အထိ အခြေအနေ ဆိုးလာခဲ့သည်။ 

အခြားတစ်ဖက်တွင် စစ်ဗိုလ်ချုပ်များက ၎င်းတို့၏ သားသမီးများကိုမူ နိုင်ငံရပ်ခြားတွင် ပညာသင်ရန် အဆက်မပြတ် စေလွှတ်လာသည်။ 

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှိုနာသည် ထိုင်းမြန်မာနယ်စပ်၌ သပြေပညာရေးဖောင်ဒေးရှင်းကို ၁၉၉၆ ခုနှစ်တွင် ထူထောင်ပြီး မြန်မာနိုင်ငံရှိ အဖိနှိပ်ခံလူငယ် ထောင်သောင်းချီ အဆင့်မြင့်ပညာရေးရရှိရန် ကြိုးပမ်းပေးခဲ့သည်။ 

သပြေဖောင်ဒေးရှင်း နှင့် ဆက်စပ်အစီအစဉ်များမှ တဆင့်၊ ၎င်းသည် ဒုက္ခသည်စခန်းများ၊ နယ်စပ်ဒေသများနှင့် ပဋိပက္ခဇုန်များမှ ကျောင်းသူကျောင်းသားများအတွက် ပညာရေးလမ်းကြောင်းများကို ဖန်တီးပေးခဲ့သည်။ 

ထိုအစီအစဉ်များမှနေ၍ ပညာရေး အကျိုးခံစားခွင့်ရရှိခဲ့သူ အများအပြားသည် နောင်တွင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ မီဒီယာ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသတွင်း အင်စတီကျူးရှင်းများနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသည်ကို တွေ့ရှိရသည်။

ကျွန်တော်ကိုယ်တိုင်၏ ပညာရေးကိစ္စနှင့် ပတ်သက်ပြီးဆိုရပါလျှင် လွန်ခဲ့သောအနှစ် ၂၀ ခန့်က အကျဉ်းထောင်မှ လွတ်မြောက်လာပြီး နှစ်အနည်းငယ်အကြာတွင် ရှိုနာ၏ အဖွဲ့အစည်းက ကျွန်တော့်ကို ဟောင်ကောင်တွင် တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရန် ကူညီပေးခဲ့ပါသည်။

ကျွန်တော်နှင့် သိကျွမ်းသူ ကရင်နီဒုက္ခသည်စခန်းတစ်ခုမှ ကျောင်းသား တစ်ဦးဆိုလျှင် နိုင်ငံရပ်ခြားတွင် တက္ကသိုလ်ပညာဆက်လက်ဆည်းပူးလိုသော်လည်း ၎င်း၏ ဒုက္ခသည်စခန်းတွင် တက်ရောက်ထားသော ပညာရေးမှတ်တမ်းများကို တက္ကသိုလ်များက အသိအမှတ်ပြုမှုမရှိသဖြင့် အခက်ကြုံနေရသူဖြစ်သည်။  

သို့သော်လည်း ရှိုနာသည် ထိုအခြေအနေကို လက်မလျှော့ဘဲ ထိုကျောင်းသားလိုအပ်သော တရားဝင် အသိအမှတ်ပြုမှုရရှိရေးအတွက် နည်းလမ်းပေါင်းစုံ ရှာဖွေ၍ နောက်ဆုံးအောင်မြင်အောင် ကူညီခဲ့သည်။ 

ထိုကျောင်းသားသည် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ပညာ သင်ယူခွင့်ရရန် တံခါးများ ပွင့်သွားခဲ့ပြီး၊ နောက်ပိုင်းတွင် သပြေဖောင်ဒေးရှင်းနှင့် ချိတ်ဆက်ထားသော ကွန်ရက်များမှတဆင့် ဟောင်ကောင်တွင် ဥပဒေပညာကို ဆက်လက် ဆည်းပူးနိုင်ခဲ့သည်။ နောင်တွင် သူသည် အောင်မြင်သော ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ 

ရှိုနာ၏ မိတ်ဆွေ Open Society Foundation ၏ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်း မန်နေဂျာဟောင်းဖြစ်သူ Liz Tydeman က ရှိုနာ ကို “သူမတူအောင် ထူးခြားသူ” ဟု ချီးကျူးသည်။ 

“မဆုတ်မနစ် ပြင်းပြတဲ့ စိတ်အားထက်သန်မှုရှိပေမယ့် တချိန်တည်းမှာပဲ အလွန်ကြင်နာတတ်တယ်၊ သိမ်မွေ့တယ်၊ နွေးထွေးတဲ့ နှလုံးသားရှိပြီး အင်မတန် ရက်ရောသူပါ” ဟု Tydeman က ဆိုသည်။ “သူဟာ မရေမတွက်နိုင်တဲ့ လူများစွာကို ပိုကောင်းလာအောင် ပြောင်းလဲပေးခဲ့ပါတယ်” ဟု သူက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ရှိုနာ ထက်ပိုပြီး ပံ့ပိုးကူညီပေးနိုင်ခဲ့တဲ့ နိုင်ငံခြားသား တစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်” ဟု Tydeman က ပြောသည်။

“သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ တွန်းအားတွေကြောင့် လူငယ်ထောင်ပေါင်းများစွာဟာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးကို သင်ယူခွင့်ရခဲ့ပြီး၊ သူတို့ရဲ့ နိုင်ငံဆီ ပြန်လာကာ အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းတွေနဲ့ နိုင်ငံကို ပြန်လည်အကျိုးပြုနေကြပါပြီ” 

သပြေဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာဟောင်း ဦးစောကပိ ကလည်း၊ ရှိုနာသည် နောက်ခံအခြေအနေ အမျိုးမျိုးမှ မြန်မာကျောင်းသားများ အတွက် ပညာရေးအခွင့်အလမ်းများ ချဲ့ထွင်ပေးရာတွင် ပါဝင်ခဲ့ရာ၊ ထိုအခန်းကဏ္ဍအတွက် သူသည် ကျယ်ကျယ်ပြန့်ပြန့် လေးစားခံရသူဖြစ်ကြောင်း ဆိုသည်။

“သပြေမှာ ကျွန်တော် တာဝန်မထမ်းဆောင်ခင် ကတည်းက၊ မြန်မာက ကျောင်းသားတွေအတွက် ပညာရေးနဲ့ ပညာသင်ဆု အခွင့်အလမ်းနယ်ပယ်မှာ ရှိုနာဟာ လေးစားရတဲ့ ခေါင်းဆောင်တစ်ဦးဆိုတာကို သိခဲ့ပါတယ်” ဟု သူက ဆိုသည်။

“အဲဒီအချိန်က သပြေဟာ ရန်ပုံငွေထောက်ပံ့တဲ့ ပညာသင်ဆု အခွင့်အလမ်း အများအပြားကို စီမံခန့်ခွဲခဲ့ပြီး၊ ရှိုနာဟာ မြန်မာကျောင်းသားတွေအတွက် ပညာရေးအခွင့်အလမ်းတွေ ပိုပြီး ချဲ့ထွင်ပေးဖို့ အားတက်သရော တိုက်တွန်းပြောဆိုပေးသူ တစ်ဦးအဖြစ် သူ့ကို ကျွန်တော် မှတ်မိနေပါတယ်။ သူဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုပေါင်းစုံက ကျောင်းသားတွေကို ထိထိရောက်ရောက် ကူညီခဲ့သူ တစ်ယောက်ပါ”

ရှိုနာသည် ၂၀၁၂ ခုနှစ်တွင် သပြေဖောင်ဒေးရှင်းမှ ထွက်ခွာခဲ့ပြီး၊ ထို့နောက်တွင် ကမ္ဘာ့ဘဏ်တွင် ဆက်လက်လုပ်ကိုင်ခဲ့သည်။ ထိုအလုပ်တွင် ၎င်းသည် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ (Myanmar Extractive Industries Transparency Initiative Leading Committee) အတွက် ထောက်ပံ့ကြေးများကို စီမံခန့်ခွဲခဲ့ပြီး၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုများသော သဘာဝသယံဇာတ ကဏ္ဍတွင် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးကူညီပေးခဲ့သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သဖြင့် ထိုစီမံကိန်းရပ်တန့်သွားခဲ့သည်။  

ရှိုနာသည် ဦးနှောက်ကင်ဆာ ရောဂါဝေဒနာကို နှစ် နှစ်ကြာ အန်တုရင်ဆိုင်ခဲ့ရပြီးနောက် ချင်းမိုင်မြို့တွင် ကွယ်လွန်ခဲ့သည်။ ခင်ပွန်းနှင့် သားသမီးသုံးဦးတို့ ကျန်ရစ်ခဲ့သည်။ 

Related Articles

Back to top button