ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ မေလ ၃၁ ရက် နေ့လယ်ပိုင်းက အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
ကြီးမား၊ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဒေသခံ ၅၅ဦး သေဆုံးပြီး၊ ၇၀ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းပြည်ကောင်စီ – TLC က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာသုံးဖို့ သိုလှောင်ထားတဲ့ ယမ်းတွေ မတော်တဆ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအတွင်း TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကောင်းတပ်ကျေးရွာဟာ လူနေထူထပ်ပြီး တအာင်းနဲ့ ကချင် တိုင်းရင်းသား အများအပြား နေထိုင်ကြတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ ရွာထဲမှာ ယမ်းသိုလှောင်တဲ့ စက်ရုံရှိနေတာကို သူတို့အနေနဲ့ မသိရှိရဘူးလို့ ပြောကြပါတယ်။
ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေအရ နေအိမ်အဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မြေပြင်ကူညီကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေပြောပြတဲ့ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ အခြေအနေကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



