လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေကို အစ္စရေးဘက်က တိုက်ခိုက်တာ ရပ်တန့်ပေးမယ်ဆိုရင် တုံ့ပြန်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟစ်ဇဘိုလာအဖွဲ့က လက်ခံလိုက်ပြီလို့ လက်ဘနွန်အစိုးရက ဇွန်လ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။
လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန် နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ ဖုန်းပြောပြီးနောက်မှာ ထွက်ပေါ်လာတဲ့ ဒီသဘောတူညီချက်ကို ဝါရှင်တန်ဒီစီမှာရှိတဲ့ လက်ဘနွန်သံရုံးက X လူမှုမီဒီယာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုလည်း သဘောတူထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ နေတန်ယာဟုကတော့ အမေရိကန်ရဲ့ အဆိုပြုချက်ကို သူ သဘောတူ၊ မတူ ဆိုတာ အတိအလင်း မပြောဘဲ အစ္စရေးစစ်တပ်အနေနဲ့ “လက်ဘနွန်တောင်ပိုင်းမှာ စီစဉ်ထားတဲ့အတိုင်း ဆက်ပြီး စစ်ဆင်ရေးလုပ်သွားမယ်” လို့ပဲ အခိုင်အမာ ပြောနေပါတယ်။
လက်ဘနွန်အစိုးရကတော့ ပိုပြီး ရေရှည်ခံမယ့် အပစ်အခတ်ရပ်စဲရေး ရရှိဖို့ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အစ္စရေးနဲ့ ဆွေးနွေးပွဲတွေကို ဒီနေ့နဲ့ မနက်ဖန် ဇွန်လ ၃ ရက်နေ့တွေမှာ ပြန်စဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့တုန်းက အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သတ်ဖြတ်ခံရမှုအပေါ် မကျေနပ်လို့ ဟစ်ဇဘိုလာအဖွဲ့တွေက အစ္စရေးကို တိုက်ခိုက်ခဲ့ရာကနေ လက်ဘနွန်ဟာ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား ဖြစ်ပွားတဲ့ စစ်ပွဲထဲကို ပါဝင် ပတ်သက်လာခဲ့တာ ဖြစ်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



