ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်စဉ် ဒေသခံအချို့ သတ်ဖြတ်ခံရသည့်အပြင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည်ဟု ဒေသတွင်းလှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတစ်ရင်းမှ ရဲဘော်များနှင့် စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
စစ်တပ်စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံအများအပြားသည်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။
ရန်ကုန်- ပြည်ကားလမ်း၏ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ၊ ပဲခူးရိုးမတောင်ခြေအနီးရှိ ကျေးရွာများကို မေလ ၁၈ ရက်နေ့မှစတင်၍ အုတ်ဖိုမြို့နယ်အခြေစိုက် တိမ်မြုပ်ရွာ အမှတ် (၆) ခြေမြန်တပ်ရင်းမှ အင်အားရာချီပါဝင်သည့် စစ်ကြောင်းနှစ်ကြောင်းဖြင့် အရပ်မျက်နှာအနှံ့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ဇွန်လ ၁ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သည် အုတ်ဖိုမြို့နယ်ရှိ ချောင်းခွ (ကေ)၊ ချောင်းဆုံလေး၊ ကျွဲတဲကုန်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ချောင်းခွကျေးရွာကြီးသည်လည်း မေလ ၃၁ ရက်တွင် မီးရှို့ခံခဲ့ရသည်။ လက်ရှိအခြေအနေတွင် စစ်ကြောင်းထိုးမှုများ ဆက်တိုက်ရှိနေသဖြင့် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေအရေအတွက် အတိအကျကို မသိရသေးသော်လည်း ရာနှင့်ချီရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကြောင်းဝင်စဉ် လမ်းတွင်တွေ့သည့် အမျိုးသားများကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိရာ ချောင်းခွ (ကေ) ရွာမှ ခုနစ်ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများကဆိုသည်။
ထို့အပြင် ဇွန်လ ၁ ရက်တွင် ချောင်းခွရွာအတွင်း၌ အရပ်သားအမျိုးသား ရုပ်အလောင်း ငါးလောင်းကို မျက်မြင်တွေ့ရှိခဲ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါရုပ်အလောင်းများသည် ယခင်ရက်ပိုင်းတွင် ဖမ်းဆီးခံထားရသည့် ရွာသားများဖြစ်နိုင်ပြီး အမည်နှင့် အသက်အရွယ်တို့ကို မသိရသေးပေ။
မေလ ၂၆ ရက်တွင်လည်း စစ်ကြောင်းပြန်ထွက်သွားပြီအထင်ဖြင့် ကိုင်းကြီးရွာသို့ ပြန်လာသည့် အသက် ၅၀ ကျော်အရွယ် ဦးဖိုးဇော်နှင့် ဦးအေးကြီးတို့ကို ရွာတွင် ကင်းပုန်းဝပ်ကျန်ခဲ့သည့် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင် ချောင်းခွ (ကေ)၊ ကျွဲတဲကုန်း၊ ကြိုးကြာကွင်း၊ စမ်းကြီးကုန်း၊ စံပြ၊ ထွက်တိုး၊ ကိုင်းကြီး၊ ကိုင်းလေးနှင့် ဝင်းသရက် အပါအဝင် ကျေးရွာ ၂၅ ရွာမှ စစ်ဘေးရှောင်များသည် အုတ်ဖိုမြို့ပေါ်ရှိ ဆွေမျိုးအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ပဲခူးရိုးမတောထဲတွင် ယာယီတဲများဖြင့် ခိုလှုံနေကြရသည်။
လတ်တလောတွင် အလှူရှင်နည်းပါးသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်လုနီးပါး ကြုံတွေ့နေရပြီး တောထဲရှိ တော်လှန်ရေးရဲဘော်များက ၎င်းတို့တပ်စခန်းအတွက် စုဆောင်းထားသည့် ရိက္ခာများကို ခွဲဝေပံ့ပိုးပေးနေရကြောင်း သိရသည်။ စစ်ကောင်စီဘက်ကမူ ပဲခူးတိုင်းအတွင်းစစ်ရေး အခြေအနေများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
ပဲခူးရိုးမအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များသည် ၂၀၂၅ ခုနှစ် ဧပြီလမှစတင်၍ ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ တက်ရောက်၍ စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ စစ်ကြောင်းထိုးမှုများ ပြင်းထန်လာခြင်း ဖြစ်သည်။
မေလ ၂၀ ရက်မှ၂၂ ရက်အထိ ထွက်တိုးရွာနှင့် ကြီးပျက်ရွာတို့တွင် ဖြစ်ပွားသည့် သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းဦးဆောင်သူ ဗိုလ်ကြီးစိုးပြည့်ကျော် အပါအဝင် ၁၈ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ (၄) က ထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲကို သာယာဝတီခရိုင်၊ ရန်ကုန်တိုင်း ပကဖ နှင့် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သုံ့ပန်းဖမ်းဆီးရမိမှု အနေဖြင့် မေလ ၃၁ ရက်တွင် ရိက္ခာလာပို့သည့် နေပြည်တော်တပ်ရင်း (၁၇) မှ ရဲကွန်မန်ဒို ကိုမင်းမင်းထွန်းကို ချောင်းခွရွာအနီး၌ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) က ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။



