အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထန်တလန်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ဌာနချုပ်  ဗုံးကြဲခံရ

နယ်မြေများ လက်လွှတ်ထားရသည့် ချင်းပြည်နယ်ကို ပြန်ရရန် စစ်တပ်က မြေပြင်ထိုးစစ်၊ လေကြောင်းပစ်ကူဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေရာ ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့- ဇိုဖေ (CDF- Zophei) ဌာနချုပ်ကိုလည်း ယနေ့ နံနက်တွင် ဗုံးကြဲခဲ့သည်။

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်ရှိ ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့  – ဇိုဖေ (CDF- Zophei) ဌာနချုပ်ကို ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်တွင် လေကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံကသိရသည်။ 

နံနက် ၈ နာရီခွဲဝန်းကျင်မှစ၍ ဇိုဖေ ဌာနချုပ်စခန်းကို တိုက်လေယာဉ်များ၊ Y 12 သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်မျိုးသမီးတစ်ဦး ကျဆုံးသည်သာ သိရပြီး အခြေအနေ အသေးစိတ် မသိရသေးကြောင်း စစ်ရေးရင်းမြစ်များက ဆိုသည်။

“ဒီမနက် ၈ နာရီ ၄၀ လောက်ကနေ  စပြီးတော့ လေယာဉ်ခုနစ်စီးနဲ့ ဇိုဖေ CDF ဌာနချုပ်ကို ကြဲသွားတာ။ အထိအခိုက်တော့ရှိတယ်။ ဒါပေမဲ့ သတင်းအတိအကျတော့ မသိရသေးဘူး”ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးကပြောသည်။ 

ထန်တလန်မြို့နယ်၊ ဇိုဖေဒေသဘက်ကို ယနေ့ နံနက်တွင် တိုက်လေယာဉ်ဖြင့် ကနဦး ဗုံး ၁၀ လုံး ကြဲခဲ့ပြီး၊ Y 12 ဖြင့် ထပ်မံတိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF ထန်တလန်မှ ပြောရေးဆိုခွင့်ရှိသူကလည်း အတည်ပြုသည်။ 

CDF ဇိုဖေစခန်း လေကြောင်းတိုက်ခိုက်ခံရသည့်အခြေအနေနှင့်ပတ်သက်ပြီး CDF ဇိုဖေ၊ ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနှင့် ချင်းပြည်ကောင်စီ၏ ဦးဆောင်အဖွဲ့အစည်းဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF / CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။ 

ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်တပ် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ယနေ့ နံနက် ၈ နာရီမှ ၉ နာရီဝန်းကျင်အတွင်း ထန်တလန်မြို့နယ်၊ ဇိုဖေဒေသအခြေစိုက် CDF ဇိုဖေဌာနချုပ်စခန်းကို လေကြောင်းမှ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ 

စစ်တပ်နှင့် ချင်းတော်လှန်ရေးအင်အားစုများက ခြေကုပ်ယူထားသည့် ထန်တလန်မြို့ကို စစ်တပ်က ဟားခါးမြို့ဘက်မှ အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလာပြီး ထန်တလန်မြို့နယ်အား ယခုရက်ပိုင်း  လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေခြင်းဖြစ်သည်။ 

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းယူပြီးနောက် ထိုမှတဆင့် ဟားခါးမြို့သို့ တက်လာသည့် စစ်တပ်သည် ဇွန်လ ၄ ရက်တွင် ထန်တလန်မြို့ဘက်သို့ အင်အား ၂၀၀ ကျော်အပါအဝင် ကားလေးစီးဖြင့် မြေပြင် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။ 

ဟားခါးနှင့် ထန်တလန်ကြား စစ်ကြောင်းနှင့်ချင်းတော်လှန်ရေးအင်အားစုများကြား ငါးရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ ဇွန်လ ၉ ရက်တွင် ထန်တလန်မြို့အတွင်း စစ်တပ် ပြန်ဝင်သွားခဲ့ကြောင်း CDF ထန်တလန် ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ 

– ကျဆုံးသွားသည့် CDF Zophei တပ်ဖွဲ့ဝင် Van Dawt Chin။ (ဓာတ်ပုံ – ပေးပို့) 

“အင်အားအလုံးအရင်းနဲ့ထိုးလာတော့ လေကြောင်းလည်း သုံးတယ်။ ဒရုန်းလည်းသုံးတယ်။ လက်နက်ကြီး နဲ့လည်းထုတယ်။ အင်အားအပြင်းအထန်သုံးပြီးထုလာတော့ ခဏရှောင်ပေးပြီးတော့ ထန်တလန် မြို့ကို ၉ ရက်နေ့မှာ (စစ်တပ်က) ဝင်နိုင်တယ်”ဟု CDF ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

 စစ်တပ်က မြို့ပေါ်သို့ ရောက်ရှိသွားသော်လည်း မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ  ရဲစခန်းနှင့် မြို့ထက်ဝက်ကိုသာ ထိန်းချုပ်ထားနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ ထန်တလန်မြို့ကို ၅၀ – ၅၀ ထိန်းချုပ်တာပေါ့။ တဝက်စီခွဲပြီးထိန်းချုပ်တာပေါ့။ ….ကျွန်တော်တို့အနေနဲ့ (စစ်တပ်က) အတတ်နိုင်ဆုံး ထန်တလန်မြို့ထဲကနေ တခြားနေရာကိုမသွားနိုင်အောင်ဆိုပြီးတော့ အကောင်းဆုံးကြိုးစားပြီးတော့ ပြင်ဆင်နေတာပါ”

စစ်တပ်ဘက်ကမူ ဟားခါး- ထန်တလန်ကြားရှိ ပွိုင့် ၁၉၂၁ တောင်ကုန်း၊ ပွိုင့် ၂၀၆၉ တောင်ကုန်းနှင့် တာဝါတိုင်ကုန်းတို့ကို သိမ်းပိုက်ပြီးနောက် ဟားခါး – ထန်တလန်လမ်းပိုင်းကို ဇွန်လ ၉ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ 

ပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၂၀  ခန့်သာဝေးသည့် ထန်တလန်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီး မကြာမီ ၂၀၂၁ နှစ်ကုန်ပိုင်းတည်း စစ်ဘေးကြောင့် ရပ်ကွက်အများစု မီးရှို့ခံရပြီး မြို့လုံးကျွတ် စစ်ဘေးရှောင်နေရသည်မှာ လေးနှစ်ကျော်ရှိလာပြီဖြစ်သည်။ 

နယ်မြေထက်ဝက်ကျော် လက်လွှတ်ထားရသည့် ချင်းပြည်နယ်ကို ပြန်ထိန်းချုပ်ရန် စစ်တပ်ကအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ယခုနှစ် ဧပြီလနှင့်မေလအတွင်း ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့တို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။ 

CDF Zophei တပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် မေလ သင်တန်းဆင်းပွဲတွင်တွေ့ရစဉ်။  (ဓာတ်ပုံ- Zophei Information Center)

မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝ တို့ပါဝင်သည့် ချင်းပြည်တောင်ပိုင်းကိုလည်း စစ်တပ်က ပြန်လည်စိုးမိုးထိန်းချုပ်နိင်ရန်အတွက် ပြီးခဲ့သည့် မေလကစ၍ အင်အားနှစ်ထောင်ကျော်ဖြင့် နယ်မြေ ထိစပ်နေသော မကွေးတိုင်းဘက်မှတဆင့် ထိုးဖောက်စစ်ဆင်နေသည်။ 

မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်မှ ကန်ပက်လက်သို့ လည်းကောင်း၊ ကျောက်ထုမြို့မှ မင်းတပ်မြို့ ဘက်သို့လည်းကောင်း ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းများကို ချင်းညီနောင်နှင့် မဟာမိတ် ပူးပေါင်းတပ်များက ခုခံလျက်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။ 

ထန်တလန်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်တပ်က ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ထားစဉ် ။ (ဓာတ်ပုံ- CINCDS)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button