အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲကို အဆုံးသတ်ဖို့အတွက် သဘောတူညီချက်ရဖို့ နီးစပ်နေပြီဖြစ်ကြောင်း၊ အီရန်ဘက်ကလည်း သဘောတူညီချက်ရဖို့ အရမ်းလိုလားနေကြောင်း ပြောခဲ့တာဟာ ဇွန်လ ၉ ရက်အထိဆိုရင် ၃၈ ကြိမ်ထက်မနည်း ရှိခဲ့ပြီဖြစ်ပေမယ့် အခုအခါမှာတော့ နှစ်ဖက် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ကြမယ့် အခြေအနေကို ရောက်နေပါတယ်။
ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အခုနောက်ဆုံး ကြိုးပမ်းနေကြတဲ့ ဆွေးနွေးမှုတွေ ပျက်ပြားသွားပြီးနောက် အီရန်က ဟော့မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘော နှစ်စင်းကို တိုက်ခိုက်ခဲ့သလို အဲဒီရေလက်ကြားကို ဖြတ်သန်းမယ့် ဘယ်သင်္ဘောကိုမဆို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ အီရန်စစ်ဌာနချုပ်က ဇွန်လ ၁၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
အီရန်ဒေသစံတော်ချိန် ဒီနေ့ ဇွန်လ ၁၁ ရက် မနက်စောစောပိုင်းမှာ အမေရိကန်က အီရန်ကို လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အီရန်ဘက်ကလည်း ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေမှာရှိတဲ့ အမေရိကန် လေတပ်စခန်းတွေက စစ်ရေးပစ်မှတ် ၁၈ ခုကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာကြောင့် နှစ်ဖက်တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြန်ဖြစ်မယ့် အခြေအနေကို ရောက်နေတာ ဖြစ်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



