မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရတနာပုံမြို့သစ်စီမံကိန်း (Yadanapone New City Project) အနီးရှိ သုံးတောင်ကျေးရွာမှ ဈေးဆိုင်ခန်းများနှင့်လူနေအိမ်များကို ဇွန်လ ၉ ရက်မှ စတင်၍ သုံးရက်အတွင်း ဖယ်ရှားပေးရန် စီမံကိန်းကော်မတီက အမိန့်ထုတ်ထားသဖြင့် အလျင်အမြန် ရွှေ့ပြောင်းပေးနေရကြောင်း စုံစမ်းသိရှိရသည်။
ပြင်ဦးလွင်မြို့အနောက်တောင်ဘက် ၁၂ မိုင်ကျော်အကွာ ပြင်ဦးလွင်- မန္တလေးလမ်းပေါ်ရှိ ပြင်စာကျေးရွာနှင့် သုံးတောင်ကျေးရွာအကြား၊ မြေဧက တစ်သောင်းပေါ်တွင် အကောင်အထည်ဖော်နေသော ရတနာပုံမြို့သစ်စီမံကိန်းမြောက်ဘက် သုံးတောင်ကျေးရွာမှ ဆိုင်ခန်းနှင့်နေအိမ်အချို့ကို စီမံကိန်း ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီက ရက် ၁၀၀ စီမံချက်ဟု ဆိုကာ ဖယ်ရှားခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
ရက် ၁၀၀ စီမံချက်ဆိုသည်မှာ အာဏာသိမ်းစစ်တပ်ဦးဆောင်သော ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် စစ်အစိုးရ တက်လာပြီးနောက် ဧပြီလ ၂၀ ရက်မှစတင်၍ လုပ်ဆောင်နေသော စီမံချက်ဖြစ်ပြီး PDF များ လက်နက်ချရန်၊ ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ ပညာရေး၊ စီးပွားရေး အပါအဝင် ကိစ္စရပ်များကို ခေါ်ဆိုခြင်းဖြစ်သည်။
“ဒီမနက် မြင်ခဲ့တာ ကားကြီးကားငယ်တွေနဲ့ရွှေ့ပေးနေရတာ။ ကုန်စုံဆိုင်တွေအပါအဝင်၊ စားသောက်ဆိုင် တွေရော၊ သုံးရက်အတွင်းမဖယ်ရင် ဖမ်းမှာဆိုလို့ ကြောက်ပြီးရွှေ့ပေးနေကြတာ။ စိတ်ထဲမကောင်းဘူး”ဟု စီမံကိန်း၏ တောင်ဘက်ကပ်လျက် ပြင်စာကျေးရွာနေထိုင်သူအမျိုးသားတစ်ဦးက ယနေ့ ပြောသည်။
ဖယ်ရှားခံရသည့်ဆိုင်ခန်းများမှာ ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေး၊ ငွေလွှဲငွေထုတ်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ အလှပြင်ဆိုင်၊ ထမင်းဆိုင်နှင့်အဝတ်အထည်အရောင်းဆိုင်များဖြစ်ကြပြီး ယင်းဆိုင်များအပါအဝင် နေအိမ်အချို့နှင့်စုစုပေါင်းနေရာ ၃၀ ကျော် ဖယ်ရှားခံရခြင်းဖြစ်သည်ဟု ထိုအနီးအနား နေထိုင်သူများထံက သိရသည်။
ထိုသို့ ဖယ်ရှားရာတွင် ရက် ၁၀၀ စီမံချက်ဟု ဆိုသလို ရတနာပုံစီမံကိန်းဧရိယာပိုင်၊ ထိုအနီးစက်ရုံများမှ မြေပိုင်နက်ဆိုကာ ဖယ်ရှားနေခြင်းများလည်းရှိသည်ဟု အထက်ပါအမျိုးသားက ပြောသည်။
“စီမံကိန်းနဲ့ ရက် ၁၀၀ စီမံချက်အနေနဲ့ဖယ်တာတွေရှိတယ်။နောက်ပြီး အဲဒီနားမှာ မှန်ဘီလူးစက်ရုံ၊ ဖုန်း Bill Card စက်ရုံတွေရှိတယ်။ အဲဒီစက်ရုံပိုင်မြေတွေအတွင်းမှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖယ်ရှားနေ တာတွေလည်းရှိတယ်”ဟု ထိုသူက အခြေအနေကို ပြောပြသည်။
ထွက်ခွာပေးရန် အမိန့်ထုတ်ထားသည့်နေအိမ်ခြံဝင်းများလည်း ကျန်ရှိနေသေးပြီး မြေသိမ်းခံရသူများထဲတွင် ဓားမဦးချနေလာသူများလည်းပါသလို စီမံကိန်းမြေအတွင်း အရောင်းအဝယ် လုပ်ထားသူများ၏ မြေများလည်း ပါဝင်သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
“ဓားမဦးချနေလာတာကိုမှ အသိမ်းခံလိုက်ရတာ။ နောက်ပြီး အစောပိုင်းကတည်းက ဒီမြေတွေက မခိုင်ဘူး။ သူတို့ စီမံကိန်းရှိလို့ သိမ်းမှာ သိရက်နဲ့ အဲဒါကို ရောင်းကြဝယ်ကြပြီး နေထိုင်ကြတာတွေလည်း ရှိတယ်။ အခုတော့ ဈေးကြီးပေးဝယ်မိတဲ့လူတွေ နစ်နာတာပေါ့”
အဆိုပါစီမံကိန်းဧရိယာအတွင်း မည်သည့်မြေအမျိုးအစားမဆို ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းနှင့် အုတ်တံတိုင်းခြံစည်းရိုးများခတ်ကာ နေအိမ်ဆောက်လုပ်ခြင်းများ လုံးဝခွင့်မပြုကြောင်း ဗီနိုင်းအနီရောင် သတိပေးဆိုင်းဘုတ်များချိတ်ဆွဲထားသည်ကို တွေ့ရကြောင်း ဆိုကြသည်။
ဖယ်ရှားခံရသည့်ဆိုင်ခန်းရှင်တစ်ဦးကမူ မြေရှင်ထံမှ နှစ်ချုပ်ဖြင့်ငှားရမ်းကာ ဆိုင်ဆောက်လုပ်ရောင်းချခဲ့ ကြောင်း၊ ယခုအခါဖျက်သိမ်းပေးခဲ့ရပြီး မည်သည့်အတွက်ကြောင့် ဖယ်ရှားခိုင်းသည်ကိုမူ သဲကွဲသည့် အဖြေကိုမသိရဟု ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးသားထားသည်။
“ရက် ၁၀၀ လို့လည်းပြောတယ်။ စီမံကိန်းထဲပါလို့လည်းပြောတယ်။ ဘာမှန်းမသိတော့ပါဘူး။ ပြန် တည်ဆောက်ဖို့က ခက်တယ်။ အားတင်းထားရုံပါပဲ”ဟု ထိုသူက ရေးသားထားသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နှင့် ၁၇ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြင်ဦးလွင်သို့ လာရောက်ခဲ့စဉ် ရက် ၁၀၀ စီမံချက်အနေဖြင့် အဆင်မြှင့်နေသည့် ပြင်ဦးလွင်မြို့နယ်အတွင်း လမ်းများ၊ ဈေးများ၊ အချို့နေရာများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး၊ ပြင်ဦးလွင်ကို ကျန်းမာရေးမြို့တော်အဖြစ် လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။
နည်းပညာတိုးတက်ရေးအတွက် ရည်ရွယ်ကာ အကောင်အထည်ဖော်နေသော ရတနာပုံမြို့သစ်စီမံကိန်း အတွင်း ယခုနှစ် နှစ်ဆန်းမှစတင်၍ မြေဧကများပေါ်တွင် ဘတ်ဟိုးများဖြင့် မြေညှိခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်နေပြီး စီမံကိန်းများရှိနေသည့်အတွက် သုံးတောင်ရွာအနီးတဝိုက် မြေဈေးများ အဆမတန် မြင့်တက်နေသည် ဟု ဒေသခံများက ပြောကြသည်။
“ပြင်ဦးလွင်မှာအရင်တုန်းက ရွာမြေကို သိန်း၂၀၀ ဝန်းကျင်ဆိုရင် ဝယ်နေလို့ရပြီ။ အခုဒီ ငါးနှစ်အတွင်းကို မြေဈေးက ကြောက်စရာကြီး။ ပေ၄၀ x ၆၀ မြေတစ်ကွက်ကို သိန်းနှစ်ထောင်အောက် မလျော့တော့ဘူး”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပြသည်။
ရတနာပုံစီမံကိန်းဖော်ဆောင်နေသည့် သုံးတောင်ကျေးရွာသည် မန္တလေးနှင့်ပြင်ဦးလွင် လမ်းပိုင်းပေါ်တွင် တည်ရှိပြီး၊ အိမ်ခြေထောင်ချီရှိပြီး ဖွံ့ဖြိုးသည့်ရွာကြီးတစ်ရွာဖြစ်သည်။
ထိုကျေးရွာအနီး ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်၊ မှန်ဘီလူးစက်ရုံ၊ ဖုန်းဘေကဒ်စက်ရုံများ တည်ရှိသည့်အတွက် လူစည်ကားပြီး၊ စက်ရုံများနှင့်တက္ကသိုလ်ကို အမှီပြုကာ ဒေသခံများက လုပ်ကိုင်စား သောက်ကြသည်။
ယခင် ၂၀၁၀ ခုနှစ်က ရတနာပုံဆိုက်ဘာစီးတီး အဖြစ်လျာထားခဲ့သော အဆိုပါစီမံကိန်းကို ယမန်နှစ် နှောင်းပိုင်းမှစ`i ပြန်လည်လုပ်ကိုင်ရန် စစ်တပ်က ကြိုးပမ်းလာခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာလ လဆန်းတွင် စစ်ခေါင်းဆောင် သွားရောက်ခဲ့သေးသည်။
အဆိုပါစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူ၊ ပါဝင်သူများကို အသေးစိတ်တရားဝင်ထုတ်ပြန်ထားခြင်း မရှိဘဲ စစ်ခေါင်းဆောင်၏ သားဖြစ်သူ အောင်ပြည့်စုံက ကြီးကြပ်ကာ စီမံကိန်းအတွင်းလမ်းပိုင်းများ၊ အဆောက်အအုံများ ဖော်ဆောင်နေခြင်းဖြစ်သည်ဟု အတည်မပြုနိုင်သော သတင်းများထွက်နေသည်။
စစ်ခေါင်းဆောင်က မကြာသေးခင်က သွားရောက်ခဲ့သော ၎င်း၏ အိန္ဒိယခရီးစဉ်တွင် ပြင်ဦးလွင်အိုင်တီစီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သေးသည်။

မန္တလေးမြို့နှင့်မိုင် ၂၀ ကျော်အကွာ အေးမြသောရာသီဉတု၊ လှပသောရှုခင်းတို့ဖြင့် နာမည်ကျော်သည့် မေမြို့(ခေါ်)ပြင်ဦးလွင်သည် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကင်းစင်သည့်မြို့တစ်မြို့ဖြစ်သည့် အတွက် စစ်ဘေးရှောင်သူတို့ ခိုလှုံရာ နေရာတစ်ခုဖြစ်လာသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် မတ်လ၂၈ ရက်နေ့ ငလျင်ကြီးဒဏ်ကိုခံစားခဲ့ကြရသော မန္တလေးမြို့ကို စွန့်ခွာသူများက အလုံးအရင်းဖြင့်ခိုလှုံလာကြရာ ပြင်ဦးလွင်မြို့၏ အိမ်ခြံမြေအငှားနှင့်ရောင်းဝယ်ရေးဈေးကွက်သည် အဆမတန်မြင့်တက်ခဲ့သည်။
စစ်တက္ကသိုလ်ကြီးများနှင့်စစ်ဗိုလ်ချုပ်များတည်ရှိ၍ လုံခြုံရေးတင်းကျပ်လေ့ရှိသော ပြင်ဦးလွင်မြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် သဘောကျပြီး မကြာခဏလာရောက်လေ့ရှိသလို သားဖြစ်သူ နှင့်နီးစပ်ရာများကို လုပ်ပိုင်ခွင့်များချထားပေးမှုများရှိသည်ဟု သတင်းမီဒီယာအချို့တွင် မကြာခဏဖော်ပြလေ့ရှိသည် ။
၎င်းလက်ထက် အနီးစခန်းလေယာဉ်ကွင်းအဆင့်မြှင့်တင်ခြင်း၊ အထူးကုဆေးရုံစီမံကိန်းများ၊ ဈေးဝယ် စင်တာများကို စစ်အုပ်စု မန္တလေးတိုင်းဝန်ကြီးချုပ်ဦမျိုးအောင်က ဦးဆောင်အကောင်အထည် ဖော်နေခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြို့အဆင့်မြှင့်တင်ရေးဆိုကာ ဒေသခံများ၏မြေယာများကို သိမ်းပိုက်ခြင်းများ ရှိသလို၊ ပြင်ဦးလွင်မြို့လယ်ရှိ ညံတောဈေး(ခေါ်)ဈေးလေးကိုလည်း အတင်းအဓမ္မ ဖယ်ရှားခဲ့ပြီး၊ အထပ်မြင့်သုမင်္ဂလာဈေးဝယ်စင်တာအဖြစ် အကောင်အထည်ဖော်ခဲ့သည်။ ထိုစဉ်က ညံတောဈေးမှ ဈေးဆိုင်ခန်းများနှင့်ပျံကျစျေးသည်များကို နေရာအစားထိုး ပေးခြင်းမရှိသည့် အတွက် မြို့ခံများကဝေဖန်ခဲ့ကြသည်။
မင်းအောင်လှိုင်၏ ယခင်လ ပြင်ဦးလွင်ခရီးစဉ်တွင် အဆိုပါသုမင်္ဂလာဈေး(ညံတောဈေး) ဈေးသစ်ကို လာရောက် ကြည့်ရှုခဲ့သေးသည်။
အာဏာသိမ်းစစ်တပ်လက်ထက် အတင်းအဓမ္မ ဆိုင်ခန်းနေရာများ ဖယ်ရှားမှုများ ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် မန္တလေးတိုင်းတွင် လေးခုထက်မနည်း ဖယ်ရှားခဲ့သည်။
၂၀၂၂ ခုနှစ် မတ်လဆန်း၌ နိုင်ငံတော်လိုအပ်ချက်ကြောင့်ဟုဆိုကာ အာဏာသိမ်းစစ်တပ်လက်ထက် မန္တလေးတိုင်းအတွင်း ဗထူးအားကစားကွင်းရှိဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာကွင်းရှိ ဆိုင်ခန်း ၉၅ ခန်း၊ ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းတို့ကိုလည်း ဖယ်ရှားခဲ့သည်။
အလားတူ မန္တလေးမြို့၏စီးပွားရေး အချက်အချာနေရာတစ်ခုဖြစ်သော ဒေးဝန်းအရှေ့ရပ်ကွက်၊ မဟာအောင်မြေ ကျောက်ဝိုင်း၏ မြောက်ဘက် မဟာအောင်မြေအားကစားကွင်းဘေးပတ်လည်ရှိ ဆိုင်ခန်း ၁၇၂ ခန်းကို ယခုနှစ် မေလကုန်နောက်ဆုံးထား၍ ဖယ်ရှားခဲ့သည်။



