ရန်ကုန်မြို့တွင်သေဆုံးသွားသည့် အမေရိကန်သံရုံးဝန်ထမ်း၏ ရုပ်အလောင်းတွင် ဦးခေါင်းပြတ်ရှနှင့် လည်ပင်းထိုးသွင်းဒဏ်ရာများ တွေ့ခဲ့ရသည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက Myanmar Now ကိုပြောသည်။
သေဆုံးသူသည် အသက် ၄၁ နှစ်အရွယ် အမေရိကန်နိုင်ငံသားဖြစ်ပြီး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ၊ လုံခြုံရေးတာဝန်ခံဖြစ်ကြောင်း ရဲများ၏ ကနဦးစစ်ဆေးချက်ကို ကိုးကားပြီး အဆိုပါ ရဲသတင်းရင်းမြစ်က ပြောသည်။
ရုပ်အလောင်းကို မေလ ၁၁ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် Sakura Residence & Hotel ၏အခန်းတစ်ခု၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်းဆိုသည်။ Sakura Residence & Hotel သည် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးနှင့် တစ်မိုင်ခန့်အကွာတွင်ရှိပြီး သံတမန်များ ကာလရှည် အခန်းငှားရမ်းနေထိုင်ရာ နေရာဖြစ်သည်။
ကန်သံရုံးဝန်ထမ်းသည် မကွယ်လွန်မီ နာရီပိုင်းအလိုတွင် သူနေထိုင်ရာ Sakura Residence & Hotel တိုက်ခန်းပေါ်မှ ခုန်ချရန်ကြိုးပမ်းခဲ့သော်လည်း ဟိုတယ်ဝန်ထမ်းများက တားဆီးခဲ့ရသည့် သတင်းပေးချက်များလည်း ရရှိထားသည်ဟု ယင်းရဲသတင်းရင်းမြစ်ကဆိုသည်။
ယင်းဖြစ်ရပ်အပြီး မကြာခင်တွင် အမျိုးသမီးတစ်ဦး Sakura Residence & Hotel ၏ ဧည့်ကြိုကောင်တာသို့ ဆင်းလာ၍ လူနာတင်ကားခေါ်ပေးရန် အကူအညီတောင်းခဲ့ကြောင်းလည်း ကနဦးရဲစစ်ချက်များကို ကိုးကားပြီး ၎င်းကဆိုသည်။
လူနာတင်ကား အကူအညီတောင်းခံသည့် အမျိုးသမီးသည် အမေရိကန်သံရုံးဝန်ထမ်း၏ အသက် ၃၈ နှစ်အရွယ် ထိုင်းနိုင်ငံသူဇနီး ဖြစ်ကြောင်း ရဲများကအတည်ပြုထားသည်ဟုလည်း ယင်းရဲသတင်းရင်းမြစ်က ဆိုသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရန်ကုန်အခြေစိုက် အမေရိကန်နှင့်ထိုင်းသံရုံးတို့မှ တာဝန်ရှိသူများ လာကြည့်ခဲ့ကြသည်ဟုလည်း အထက်ပါရဲသတင်းရင်းမြစ်က ပြောသည်။
သံရုံးဝန်ထမ်းသေဆုံးသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သူ၏ဇနီးသည်ကို ရဲတပ်ဖွဲ့က အင်းစိန်ထောင်တွင် ထိန်းသိမ်းထားကြောင်းလည်းသိရသည်။ သို့သော်သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးဆဲသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှုဖွင့်ထားခြင်းမရှိသေးဟုလည်း ၎င်းကဆိုသည်။
အမေရိကန်နိုင်ငံသား၏ ရုပ်အလောင်းကို မြန်မာနိုင်ငံမှ အမေရိကန်သံရုံးက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြန်လည်သယ်သွားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
အထက်ပါရဲသတင်းရင်းမြစ်၏ ပြောဆိုချက်များနှင့်ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြား စုံစမ်းနိုင်ခြင်းမရှိသေးပေ။အမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သံရုံးထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ရန်ကုန်၌ သေဆုံးသူမှာ အမေရိကန် အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကအတည်ပြုကြောင်း၊ သို့သော် ကျန်ရစ်သူမိသားစုကို စာနာသည့်အနေဖြင့် သေဆုံးမှုဖြစ်စဉ် အသေးစိတ်အချက်အလက်ကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြောင်း APသတင်းဌာနက ဇွန်လ ၁၁ ရက်တွင် ရေးသားထားသည်။
အလားတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသူကို လိုအပ်သည့် အကူအညီများဖြင့် ပံ့ပိုးပေးနေသလို မိသားစုဝင်များကိုလည်း အကြောင်းကြားထားသည်ဟု ပြန်လည်တုံ့ပြန်သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း အထက်ပါ APသတင်းတွင် ဖော်ပြထားသည်။



