အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၂၀၂၆ ကမ္ဘာ့ဖလားဘောလုံး ရုပ်သံထုတ်လွှင့်ခွင့် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီရရှိ 

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံသုံးနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ မြန်မာနိုင်ငံအတွက် ရုပ်သံထုတ်လွှင့်ပြသခွင့်ကို အမေရိကန်၏ဒဏ်ခတ်မှုခံထားရသည့် မြန်မာစစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီက ရရှိထားသည်။

ရက်ပိုင်းအတွင်း စတင်ကျင်းပတော့မည့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ မြန်မာနိုင်ငံအတွက် ရုပ်သံထုတ်လွှင့်ပြသခွင့်ကို အမေရိကန်၏ဒဏ်ခတ်မှုခံထားရသည့် မြန်မာစစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီက ရရှိသွားကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဇွန်လ ၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ အမေရိကန်၊ ကနေဒါ၊ မက္ကစီကို သုံးနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၄၈ နိုင်ငံမှ လက်ရွေးစင်ဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

လေးနှစ်တစ်ကြိမ်သာ ကျင်းပ၍ တစ်ကမ္ဘာလုံး စိတ်ဝင်စားမှုအကြီးဆုံး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏  ပွဲစဉ်အားလုံးကို Mytel ၏ အွန်လိုင်းရုပ်ရှင်ပလက်ဖောင်းတစ်ခုဖြစ်သည့် TV360 Application တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး သီးသန့်ထုတ်လွှင့်ခွင့်နှင့် မူပိုင်ခွင့်အကျိုးစီးပွားကို ထိခိုက်စေမည့် ပြန်လည်ကူးယူထုတ်လွှင့်မှုကို တားမြစ်ကြောင်း စစ်တပ်ပိုင်ဆက်သွယ်ရေးကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။  

မြန်မာနိုင်ငံအတွင်း ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲအကြောင်းအရာများ ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်းနှင့် စီးပွားဖြစ်အသုံးပြုခြင်းနှင့်ပတ်သက်၍ ရပိုင်ခွင့်အားလုံးကို Mytel ကသာ တစ်ဦးတည်းမူပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်များအပါအဝင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုများကြောင့် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအများအပြား၏ ပြစ်တင်ရှုတ်ချမှုကို ခံနေရသည့် မြန်မာစစ်တပ်၏ အကျိုးစီးပွားဖြစ်သော Mytel တယ်လီကွန်းကုမ္ပဏီကို ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ချထားပေးမှုနှင့်ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ Myanmar Now က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ယခု သတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပါ။ 

ထို့အတူ Mytel ထံ ဆက်သွယ်မေးမြန်းထားရာတွင်လည်း ကုမ္ပဏီဘက်က အကြောင်းပြန်ခြင်းမရှိသေးပါ။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုအများအပြားကို ပြည်သူလူထုက သပိတ်မှောက်ရာတွင် Mytel ဆက်သွယ်ရေးကွန်ရက်ကို မသုံးစွဲရန်လည်းပါဝင်ခဲ့ပြီး ယခင်နှင့်ယှဉ်လျှင် အားပျော့သွားသော်လည်း တပ်ထုတ်ကုန်များကို ဆက်လက်သပိတ်မှောက်နေသူများစွာရှိနေကြောင်း သိရသည်။ 

ကမ္ဘာ့ဖလားဘောလုံးပွဲများကြည့်ရန် စီစဉ်နေသော်လည်း စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ TV360 ကို အသုံးပြုမည်မဟုတ်ဟု ရန်ကုန်မြို့ သာကေတမြို့နယ်မှ အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် ဘောလုံးပွဲဝါသနာရှင် အမျိုးသားတစ်ဦးက ဆိုသည်။

လူကြိုက်များသည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို တစ်ဦးတည်းမူပိုင်ခွင့်ယူ၍ Mytel ဝန်ဆောင်မှုကို ဈေးကွက်မြှင့်တင်ရန် ကြိုးပမ်းမှုကို စစ်အာဏာသိမ်းမှုဆန့်ကျင်သော စိတ်ဓာတ်ပြင်းပြသူများက အသုံးပြုမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ 

“(စစ်တပ်နဲ့) ဆက်စပ်မှုမလုပ်ချင်ဘူး။ ဆက်စပ်မှုမလုပ်ဘဲ ဘောလုံးပွဲကြည့်ချင်သူတွေပေါ့။ ခက်ခက်ခဲခဲကြည့်ရမယ်ဆိုပါစို့။ စစချင်းပွဲတွေ ကြည့်မှာမဟုတ်ဘူး။ ကိုယ်အားပေးတဲ့အသင်းကို ကွာတားဖိုင်နယ်တို့ ဆီမီးဖိုင်နယ်တို့လောက်ပဲကြည့်ကြမယ်။ နောက်ဆုံးရွေးချယ်လို့မရဘူးဆိုရင် စိတ်ထဲမှာ တစ်ခုခုနဲ့ နေထိုင်တဲ့သူတွေက ကြည့်ဖြစ်မှာမဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးနေတဲ့သူတွေကတော့ ကြည့်မှာပေါ့” ဟု ၎င်းက ဆိုသည်။

Mytel ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံ Star High ကုမ္ပဏီ၊ ဗီယက်နမ်စစ်တပ်ပိုင် Viettel နှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီများ ပူးပေါင်းထားသည့် MNTH ကုမ္ပဏီတို့ ပူးပေါင်း၍ Telecom International Myanmar Company အမည်ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး သုံးလအတွင်း သုံးစွဲသူ နှစ်သန်းခန့် လျော့ကျသွားသည့် Mytel အနေဖြင့် ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ခဲ့ကြောင်း စစ်တပ်၏ ဝင်ငွေရလမ်းများကို စောင့်ကြည့်နေသော အရပ်ဘက်အဖွဲ့ Justice For Myanmar က ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ပြန်ဖူးသည်။

ထို့အပြင် လက်လုပ်မိုင်း၊ အမြောက်၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရန် တော်လှန်ရေးအင်အားစုများက Mytel ဆက်သွယ်ရေးတာဝါတိုင်များကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။

လူထုက သပိတ်မှောက်ထားသော်လည်း Mytel သည် စစ်အုပ်စု၏ စိတ်တိုင်းကျခြယ်လှယ်မှုအောက် လုပ်ပိုင်ခွင့်အသစ်များရနေသည်။ ၎င်းကိုယ်ပိုင်ချန်နယ်နှင့် ရုပ်မြင်သံကြားထုတ်လွှင့်ခွင့် မရှိထားသော်လည်း ကမ္ဘာဖလားပွဲအတွက် Application မှ ဘောလုံးပွဲပြသခွင့်ကို ရရှိခဲ့သလို ၂၀၂၃ ဇွန်လအတွင်း အောင်ဘာလေထီကို အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင်လည်း ထိုကုမ္ပဏီက နည်းပညာဝန်ဆောင်မှုပေးခွင့်ရရှိခဲ့သည်။ 

လူ့အခွင့်အရေးနှင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသော စစ်အုပ်စုကို ဘဏ္ဍာငွေနှင့် ထောက်လှမ်းစောင့်ကြည့်ရေး ဝန်ဆောင်မှုများ အကူအညီပေးခြင်း၊ ဆန့်ကျင်တော်လှန်နေသူများကို ပစ်မှတ်ထားခြေရာခံကာ ဖိနှိပ်ရာတွင်ပါဝင်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများအတွက် Mytel ကို ယမန်နှစ် ဇွန်လတွင် အမေရိကန်က အရေးယူပိတ်ဆို့ခဲ့သည်။

စစ်အုပ်စုပိုင် Mytel ကုမ္ပဏီအား ကမ္ဘာ့ဖလားပွဲစဉ်များ ပြသခွင့်ကို ယခုကဲ့သို့ တစ်ဦးတည်း လက်ဝါးကြီးအုပ် ပြသခွင့်ပေးလိုက်ခြင်းမှာ နိုင်ငံတကာကုမ္ပဏီများဘက်က ကျင့်ဝတ်ရှိသော စီးပွား‌ရေးနှင့် လူ့အခွင့်အရေး       ဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာခြင်းမရှိကြောင်း ညွှန်ပြနေသည်ဟု စစ်တပ်ဝင်ငွေရလမ်းကြောင်းများကို ပိတ်ဆို့ရန် လှုပ်ရှားနေသည့် Blood Money အဖွဲ့ပြောခွင့်ရသူ တစ်ဦးက မှတ်ချက်ပြုသည်။

“Mytel ဟာ အမေရိကန်ကနေ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ကုမ္ပဏီလည်း ဖြစ်တယ်။ ဗီယက်နမ် စစ်တပ်နဲ့ မြန်မာစစ်တပ်အကျိုးတူ ပေါင်းလုပ်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်တယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုရဲ့ ကုမ္ပဏီ၊ ဝါဒဖြန့်ချန်နယ်မှာ ထုတ်လွှင့်ခွင့် ပေးတယ်ဆိုတာ မြန်မာစစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ထောက်ပံ့နေတာနဲ့ အတူတူပါပဲ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button