အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာ့အရေး သုတေသီ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အား သူလျှိုမှုဖြင့် ဖမ်းဆီးထားကြောင်း တရုတ်အစိုးရ အတည်ပြု

ပေကျင်းမြို့တွင် ယနေ့(ဇွန်လ ၁၂) ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက "တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် သူလျှိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမှု” ကြောင့် ဦးမင်းဇင်အား ထိန်းသိမ်းကာ “ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှု” ပြုလုပ်ထားသည်ဟု ပြောသည်။

မြန်မာ့အရေးကို အဓိကထားလေ့လာနေသည့် ထင်ရှားသော သုတေသနအဖွဲ့အစည်းတစ်ခု၏ အမှုဆောင်ဒါရိုက်တာ အမေရိကန်နိုင်ငံသားခံယူထားသူ နိုင်ငံရေးသိပ္ပံပညာရှင် ဦးမင်းဇင် တရုတ်နိုင်ငံအတွင်း အဖမ်းခံထားရကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်လာပြီးနောက် ထိုသတင်းဟုတ်မှန်ကြောင်း တရုတ်အစိုးရက ယနေ့တွင် အတည်ပြုလိုက်သည်။ 

၎င်းအား သူလျှိုလုပ်မှု၊ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု သံသယများဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

ပေကျင်းမြို့တွင် ယနေ့(ဇွန်လ ၁၂) ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက “တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် သူလျှိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမှု” ကြောင့် ဦးမင်းဇင်အား ထိန်းသိမ်းကာ “ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှု” ပြုလုပ်ထားသည်ဟု ပြောသည်။ ထို့ပြင် ပေကျင်း အနေဖြင့် အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ကွမ်ကျိုးမြို့အခြေစိုက် အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးသို့ တရားဝင်အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောသွားသည်။

ဦးမင်းဇင်သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း မြန်မာနှင့်နယ်နိမိတ်ထိစပ်နေသော ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့ရှိ လေဆိပ်သို့ ရောက်ရှိပြီး မကြာမီ ဇွန်လ ၃ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့ကြောင်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ် (The New York Times) သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

၎င်းသည် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုသို့ တက်ရောက်ရန် ကူမင်းမြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနကရေးသားသည်။

ဦးမင်းဇင်အား ဖမ်းဆီးထားကြောင်း အတည်ပြုပြီး နာရီပိုင်းအကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဏာသိမ်းစစ်ဗိုလ်ချုပ်ဟောင်း သမ္မတရာထူး ရယူထားသူ မင်းအောင်လှိုင်သည် ယခုလ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဟု ကြေညာခဲ့သည်။

အဆိုပါ နိုင်ငံတော်အဆင့် ခရီးစဉ်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ တိုက်ရိုက်ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း မင်းအောင်လှိုင်သည် သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ကျောက်လဲ့ကျိ တို့နှင့် တွေ့ဆုံကာ ကုန်သွယ်ရေးဆက်ဆံမှု မြှင့်တင်ရန်နှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြသည်။

တရုတ်အစိုးရအနေဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးကို အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမှာ ဖြစ်ခဲလှသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြကြသည်။ ယခုဖြစ်ရပ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် တစ်လအကြာတွင် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ဦးမင်းဇင်သည် ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ထင်ရှားသည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။ ISP-Myanmar သည် မြန်မာ့ပြည်တွင်းပဋိပက္ခများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် အထူးသဖြင့် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ၊ ဘက်စုံနိုင်ငံရေးဩဇာလွှမ်းမိုးမှုများနှင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် မြေရှားသတ္တု (Rare Earth) အကြောင်းများကို စောင့်ကြည့်လေ့လာခြင်း အပါအဝင် တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို အချက်အလက်အခြေပြု သုတေသနပြုလုပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

၎င်း ဖမ်းဆီးခံထားရသည့် အခြေအနေနှင့်ပတ်သက်၍ ISP-Myanmar အဖွဲ့ထံမှ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဦးမင်းဇင်သည် အသက် ၁၄ နှစ် အရွယ်မှာပင် သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီ အထွေထွေသပိတ်ကြီးအတွင်း အထက်တန်းကျောင်းသား ခေါင်းဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။​ ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရမည့်အန္တရာယ်မှ လွတ်မြောက်ရန် ပုန်းအောင်းခဲ့ရပြီး၊ ၁၉၉၇ ခုနှစ် ထိုင်း-မြန်မာနယ်စပ်သို့ မတိမ်းရှောင်မီအထိ ၉ နှစ်တိုင်တိုင် မြန်မာ့မြေအောက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ရှိနေစဉ်အတွင်း ပြည်ပအခြေစိုက် တက်ကြွလှုပ်ရှား မီဒီယာတစ်ခုဖြစ်သည့် ဧရာဝတီ (The Irrawaddy) သတင်းဌာနတွင် အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချကာ အမေရိကန်နိုင်ငံသား ခံယူခဲ့ပြီး The New York Times နှင့် Foreign Policy ကဲ့သို့သော ဩဇာတိက္ကမရှိသည့် မီဒီယာများတွင် မြန်မာ့အရေး သုံးသပ်ချက်နှင့် ဝေဖန်ချက် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။

၎င်းသည် လက်ရှိတွင် ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေ (University of California, Berkeley) တွင် နိုင်ငံရေးသိပ္ပံပညာရပ်အတွက် ပါရဂူဘွဲ့ (Ph.D.) အတွက် သုတေသနပြုနေသူဖြစ်သည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ဦးမင်းဇင်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နောက်ခံသမိုင်းကြောင်း ရှိသော်လည်း၊ လက်ရှိတွင် ပညာရပ်ဆိုင်ရာ သုတေသနနှင့် မူဝါဒပိုင်းဆိုင်ရာ ဆန်းစစ်ချက်များကိုသာ အဓိကထား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။ 

၎င်းတည်ထောင်ထားသည့် ISP-Myanmar သည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။ 

ဦးမင်းဇင်ကို ဖမ်းဆီးထိန်းသိမ်းမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ မပြုလုပ်သေးပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button