ကိုယ့်လယ်ကိုယ် မစိုက်နိုင်လို့ ဆန်ဝယ်စားနေရတဲ့ စစ်ဘေးရှောင် တောင်သူတွေ
ရှမ်း-ကရင်နီအစပ်က မိုးဗြဲဆည်ရေသောက် လယ်ယာဧက ၂ သောင်းနီးပါးမှာ နှစ်အတန်ကြာ စိုက်ပျိုးခွင့်မရတာကြောင့် ဒေသခံတောင်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။
လယ်မြေတည်ရှိရာ အဲ့ဒီဒေသမှာ စစ်တပ်က အထိုင်ချထားပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်ဖြစ်မှာစိုးရိမ်လို့ ဒေသခံတွေဟာ ကိုယ့်လယ်ယာမြေပေါ်မှာ ပြန်လည်စိုက်ပျိုးခွင့် မရကြသေးတာ ဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လဆန်းမှာ စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့တာပါ။
လယ်ယာလုပ်ငန်းမလုပ်နိုင်တာနဲ့အတူ ဝင်ငွေမရှိတော့တဲ့အတွက် စစ်ဘေးရှောင်တောင်သူတွေဟာ ဆန်ကို ဈေးကြီးပေးဝယ်စားနေရပြီး အကြွေးနွံထဲ နစ်မြုပ်လာနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁ သိန်းကျော်အထိ ပေးဝယ်စားနေရတဲ့အတွက် မိသားစုစားဝတ်နေရေးအပြင် ကလေးပညာရေးအထိ ထိခိုက်လာနေပါတယ်။
ပုံမှန်ကာလမှာတော့ မိုးဗြဲဆည်ရေသောက် လယ်ဧက ၂ သောင်းနီးပါးကနေ နှစ်စဉ် စပါးတင်းရေ သိန်းနဲ့ချီပြီး ထွက်ရှိခဲ့ပေမယ့် အခုနှစ်တွေမှာ မစိုက်ပျိုးနိုင်တော့တာကြောင့် ဒေသတွင်း စားနပ်ရိက္ခာအခြေအနေပါ ထိခိုက်လာနေပါတယ်
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



