အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ရေယာဉ်များရန်ကြောင့် မင်းကင်းဒေသခံ နှစ်သောင်းကျော် တိမ်းရှောင်

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ထောက်ပို့စစ်ရေယာဉ်အုပ်စုက လမ်းတစ်လျှောက် ပစ်ခတ်နေသဖြင့် မင်းကင်းတွင် ရွာပေါင်း ၃၀ ကျော်မှ ဒေသခံများ ထွက်ပြေးနေရသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုက ယခုလ ပထမပတ်မှစ၍  မြစ်ကမ်း ဘေးဝဲယာမှ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်အတွက် မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော်မှ လူဦးရေနှစ်သောင်းနီးပါး  တိမ်းရှောင်နေရကြောင်း မင်းကင်းမြို့နယ် တော်လှန်ရေးအင်အားစုများထံက သိရသည်။

မန္တလေးမြို့မှ ထွက်ခွာလာသော စစ်ရေယာဉ်များအပါအဝင် ဖလက်သံခွံများပါဝင်သည့် ရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာရာ မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းအနီး ရောက်ရှိနေပြီး ဇူလိုင်လ ၆ ရက်တွင် အထက်ဘက်သို့ ဆက်လက်ထွက်ခွာလာရာ ဆားလင်းကြီး၊ ကနီမြို့နယ်တို့ကို ဖြတ်သန်း၍ ယမန်နေ့တွင် မင်းကင်းမြို့ကို ရောက်ရှိလာခြင်းဖြစ်သည်။ 

“မင်းကင်းနယ်ရောက်တော့ မင်းကင်းနယ်ကလူတွေ ရှောင်ရတယ်။  ဒီနေ့တော့ ပစ်ခတ်တိုက်ခိုက်မှု မရှိဘူးဗျ။ မနေ့က ပန်းဆက်က စတင်ဆန်တက်လာတော့ ပစ်ခတ်မှုအနည်းငယ်ရှိတယ်”ဟု မင်းကင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ 

အာဏာသိမ်းစစ်တပ်သည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းမှ မြို့နယ်များသို့ ရိက္ခာ၊ ခဲယမ်းများပို့ဆောင်ရန် မိုးရာသီရောက်ပါက ချင်းတွင်းမြစ်ကို အဓိက အားပြုလေ့ရှိသည်။ 

ကနီမြို့နယ်အတွင်း စစ်ရေယာဉ်များ ဖြတ်သန်းသွားစဉ်ကလည်း မြစ်ကမ်းနှစ်ဖက်ရှိ ၁၈ ရွာမှ ဒေသခံ တစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံကသိရသည်။ 

စစ်အင်အားများ၊ ဒရုန်းပစ္စည်းများနှင့်လက်နက်ခဲယမ်းများ၊ ရိက္ခာများပါဝင်သည့် ဖလက်သံခွံသင်္ဘော ၂၄ စီးနှင့် စစ်သင်္ဘော လေးစီးပါဝင်သည့် ထိုရေယာဉ်အုပ်စုသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အထိ ဆက်တက်လာနိုင်ခြေရှိကြောင်း တော်လှန်ရေးအဖွဲ့များက ယူဆကြသည်။

ချင်းတွင်းမြစ်ရေကြီးသည့်ကာလဖြစ်သည့်အတွက် စစ်တပ်က လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို မြစ်ကြောင်းအသုံးပြုသယ်ယူရာတွင် မြစ်ကမ်းဘေး ဝဲယာမှ ကျေးရွာများကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သလို၊ အင်ဂျင်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာများဖြင့်လည်း တိုက်ခိုက်လေ့ရှိသည်။

ထိုတိုက်ခိုက်မှုများအတွင်း အရပ်သား ဆယ်ချီသေဆုံးထိခိုက်မှုများရှိခဲ့သည့်အတွက် ရေယာဉ်များ  တက်လာသည်နှင့် လမ်းဘေးဝဲယာရှိကျေးရွာများမှာ ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်ရခြင်းဖြစ်သည်။

ထို့ကြောင့် စစ်တပ်ရေယာဉ်များ ဖြတ်သန်းချိန် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရန်၊ ပုန်းခိုကျင်းများ၊ ခိုင်ခံ့သည့် အဆောက်အအုံများတွင်နေထိုင်ကြရန် ဟုမ္မလင်းမြို့နယ် အရေးပေါ် ပြည်သူ့အုပ်ချုပ်ရေး ဗဟိုအဖွဲ့က ဇူလိုင်လ ၆ ရက်တွင် သတိပေးထားသည်။ 

ဒေသတွင်း အခြေစိုက်လှုပ်ရှားသည့်တော်လှန်ရေးအဖွဲ့များကလည်း အဆိုပါရေယာဉ်များကို ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်ကြသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ထိုရေယာဉ်အုပ်စုကို ကနီနှင့် မင်းကင်းမြို့နယ် နယ်စပ်၌ တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကြီးကြီးမားမား မရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့တိုက်ရတဲ့အဓိကရည်ရွယ်ချက်က ရန်သူတွေရဲ့ စခန်းတွေကို လက်နက်ခဲယမ်းတွေ မဖြည့် တင်းနိုင်အောင်၊ စားနပ်ရိက္ခာတွေ မဖြည့်တင်းနိုင်အောင် ဟန့်တားနိုင်သလောက် ဟန့်တားတာ၊  ကျွန်တော်တို့ သိရသလောက် ဒရုန်းပစ္စည်းတွေပါတယ်။ ခဲယမ်း ရိက္ခာတွေပါတယ်လို့ သတင်းရရှိထားပါတယ်”

“ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာကတော့ နာရီပိုင်းလောက်ပဲ ဖြစ်ပြီးတော့ အထက်ကိုပဲ ဆက်လက် ဆန်တက်သွားပါတယ်။ ထိခိုက်ပျက်စီးဆုံးရှုံးမှုကတော့ ကြီးကြီးမားမား မရှိဘူး။ စက်ချို့ယွင်းတဲ့  အနေအထားလောက်ပဲ ရှိပါတယ်”ဟု ချင်းတွင်းနွေဦးတော်လှန်ရေး အင်အားစုအဖွဲ့ (CSRAF)အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင် ရဲဘော်အဲကြီးကပြောသည်။  

တော်လှန်ရေးအင်အားစုများ အားကောင်းရာစစ်ကိုင်းတိုင်းကို စစ်တပ်က စစ်ရေးအရှိန်မြှင့်တင်နေပြီး မြေပြင်စစ်ကြောင်းများ ဆက်တိုက်ထိုးကာ လက်လွှတ်ထားရသည့်နယ်မြေများနှင့် အရေးပါသည့် လမ်းပိုင်းများ ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေသည်။  

ပြီးခဲ့သည့်လပိုင်းအတွင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတစ်လျှောက်ကို စစ်ကြောင်းထိုးပြီး တစ်လကျော်အကြာတွင် ထိုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်တပ်ကထုတ်ပြန်ကြေညာခဲ့သည်။ 

လူအင်အား၊ ဒရုန်းအပါအဝင် လက်နက်အင်အားသာလွန်သည့် စစ်တပ်၏ထိုးစစ်ကြောင့် မန္တလေးတိုင်းမှ စိုးမိုးနယ်မြေများကို ပြန်လည်လက်လွှတ်ခဲ့ရပြီး ထိုစစ်ကြောင်းသည် စစ်ကိုင်းတိုင်းကို ထိုးဖောက်ဝင်ရောက်ကာ စစ်ကိုင်းနှင့် ကချင်ပြည်နယ်စပ်ရှိ နယ်မြေများကို နယ်မြေပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည်။

လတ်တလောတွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ထိစပ် ဒေသများ၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မန္တလေး- ရွှေဘို- မြစ်ကြီးနားကားလမ်း၌ ကုန်တင်ကား အများအပြား သီတင်းတစ်ပတ်နီးပါးကြာ ပိတ်မိနေသည်။  

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ရေယာဉ်တစ်စီးပေါ်တွင် တွေ့ရသော စစ်သားများ။ (ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button