ရန်ကုန်မြို့ရှိ တရုတ်သံရုံးနှင့် တရုတ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ လက်နက်ချခဲ့သည့် နှစ်ပတ်လည်နေ့ကို အကြောင်းပြု၍ မြန်မာပြည်သူများကြား ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်များဖြစ်လာအောင် လှုံ့ဆော်ခဲ့ကြသော်လည်း ဆိုရှယ်မီဒီယာ အသုံးပြုသူများက မြန်မာစစ်တပ်ကို ကျားကန်ပေးထားသည့် တရုတ်နိုင်ငံကိုသာ ဒေါသထွက်ကြောင်း ဖွင့်ဟခဲ့ကြသဖြင့် အဆိုပါ ကြိုးပမ်းမှုမှာ ခုတ်ရာတခြား ရှရာတလွဲဖြစ်ခဲ့ရသည်။
ဒုတိယကမ္ဘာစစ်တွင် ဂျပန်နိုင်ငံ လက်နက်ချခဲ့သည့် (၈၁) ကြိမ်မြောက် နှစ်ပတ်လည်ဖြစ်သော ယခုလ ဩဂုတ်လ ၁၅ ရက်နေ့ တဝိုက်တွင် တရုတ်နိုင်ငံတကာရေဒီယို (CRI Myanmar) ၏ မြန်မာပိုင်းအစီအစဉ်က စစ်အတွင်း ဂျပန်၏ ရက်စက်မှုများကို အနာဟောင်းပြန်ဆွသည့် မြန်မာဘာသာ ပို့စ်များကို Facebook တွင် ဆက်တိုက်ဖော်ပြခဲ့သည်။ CRI Myanmar သည် “တရုတ်အစိုးရထိန်းချုပ်မီဒီယာ (Chinese State-Controlled Media)” ဖြစ်ကြောင်း ၎င်းတင်သည့်ပို့စ်များတွင် Facebook က အသိပေးထားချက် ထည့်သွင်းခံရသည့် မီဒီယာဖြစ်သည်။
အဆိုပါ ပို့စ်များတွင် မြန်မာ- ထိုင်း သေမင်းတမန် ရထားလမ်း၊ တိုကျို စစ်ရာဇဝတ်မှု ခုံရုံးများ၊ ယာဆူကူနီ စစ်သူရဲကောင်းဗိမာန်သို့ ဂျပန်ခေါင်းဆောင်များ သွားရောက်လည်ပတ်မှုများ၊ စစ်အတွင်း ဂျပန်၏ စစ်ဝါဒဆိုင်ရာ အခြားအကြောင်းအရာများကို အဓိကထား ဖော်ပြခဲ့ကြသည်။
မြန်မာနိုင်ငံရှိ တရုတ်သံရုံးကလည်း ဂျပန်နိုင်ငံ လက်နက်ချသည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုမှတ်တမ်းတင်ရင်း သမိုင်းကို မမေ့ကြရန် စာဖတ်သူများကို တိုက်တွန်းသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။
သို့သော်လည်း Facebook အသုံးပြုသည့်မြန်မာပြည်သူ အမြောက်အမြား၏ ဒေါသသည်ဂျပန်ထံဦးမတည်ဘဲ တရုတ်ဘက်သို့သာ စုပုံကျရောက်ခဲ့သည်။
Myanmar Now က စိစစ်ကြည့်ရှုခဲ့သည့် မှတ်ချက် (comment) များတွင် ပေကျင်းကိုယ်တိုင်က လက်ရှိ ကြမ်းကြုတ်သော မြန်မာစစ်အာဏာရှင်ကို ထောက်ခံနေပါလျက် လွန်ခဲ့သော စုစုပေါင်း နှစ်ပေါင်း ၈၀ ကျော်က ကျူးလွန်ခဲ့သည့် ဂျပန်၏ရက်စက်မှုများကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုနေသနည်းဟု မေးခွန်းထုတ်ထားကြသည်။
Facebook သုံးစွဲသူ မြန်မာတဦးက တရုတ်၏ ဂျပန်စစ်အတွင်း လုပ်ရပ်များ ထုတ်ဖော်ပြောဆိုမှုကို ပယ်ချခဲ့ပြီး ယနေ့ မြန်မာပြည်သူများ၏ တရုတ်နှင့်ပတ်သက်သည့် အမြင်ကိုသာ ပေကျင်းအနေဖြင့် ပိုမိုစိတ်ပူသင့်ကြောင့် မှတ်ချက်ရေးထားသည်။ ၎င်းသည် မှတ်ချက်စာသားနှင့်အတူ အော့အန်ပုံအီမိုဂျီ (vomiting emoji) များကိုလည်း ပူးတွဲဖော်ပြခဲ့သည်။
“ဂျပန်ကို မုန်းဖို့ ငါတို့ကို ဘာလို့ လာပြောနေတာလဲ။ မြန်မာပြည်သူတွေက တရုတ်ကိုရော ကြိုက်လို့လား” ဟု အခြားအသုံးပြုသူတဦးက သံရုံး၏ ပို့စ်အောက်တွင် ရေးသားထားသည်။
တရုတ်သံရုံး၏ ပို့စ်တခုတွင် တုံ့ပြန်မှု (reactions) ၃၈၁ ခုနှင့် မှတ်ချက် ၁၁၀ ခု ရရှိခဲ့ပြီး၊ မြင်တွေ့ရသည့် တုံ့ပြန်မှုများတွင် တရုတ်ကို ဝေဖန်မှုများ အဓိက ပါဝင်နေသည်။ ဂျပန်လက်နက်ချမှုကို မှတ်တမ်းတင်ထားသည့် အခြားပို့စ်တခုတွင် တုံ့ပြန်မှု ၂,၀၀၀ ကျော်နှင့် မှတ်ချက် ရာပေါင်းများစွာ ရရှိခဲ့ကာ ယင်းအနက် ဟားတိုက်ရယ်ပုံ (ha ha) အီမိုဂျီ တုံ့ပြန်မှုများစွာ ပါဝင်ခဲ့သည်။
ဂျပန်ကုမ္ပဏီများနှင့် လုပ်ကိုင်နေသည့် ရန်ကုန်အခြေစိုက် မြန်မာစီးပွားရေးလုပ်ငန်းရှင် တဦးက တရုတ်၏ ဂျပန်ဆန့်ကျင်ရေးလှုံ့ဆော်မှုများသည် ပြည်သူ့သဘောထားအပေါ်ကို သက်ရောက်မှု အနည်းငယ်သာ ရှိနိုင်သော်လည်း ၎င်းတို့၏ ဝါဒဖြန့်ချက်များကို မြန်မာစစ်ကောင်စီက ထပ်မံအသုံးချနိုင်သည်ဟု ပြောသည်။
“မြန်မာပြည်သူတွေဟာ မြန်မာနိုင်ငံအပေါ်ထားတဲ့ တရုတ်ရဲ့ မူဝါဒအပေါ် မကျေမနပ်ဖြစ်နေခဲ့တာ ကြာပါပြီ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်မှာတော့ ဂျပန်နဲ့ ပတ်သက်ပြီး ဒီလိုပြဿနာမျိုး မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
တိုကျိုမြို့ရှိ ဆိုဖီယာတက္ကသိုလ် (Sophia University) မှ ဂုဏ်ထူးဆောင်ပါမောက္ခနှင့် ခေတ်သစ် မြန်မာသမိုင်းပညာရှင် မစ္စတာ ကဲအိ နဲမိုတို (Kei Nemoto) ကမူ တရုတ်နှင့်မြန်မာတို့သည် ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နှင့်ပတ်သက်၍ အတွေ့အကြုံချင်းမတူကြောင်း ပြောသည်။
“ဂျပန်က တရုတ်ကို ကျူးကျော်ချိန်မှာ တရုတ်ဟာ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သတိရသင့်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဂျပန်က ဗမာပြည်ကို ကျူးကျော်ချိန်မှာတော့ ဗမာပြည်ဟာ ဗြိတိသျှကိုလိုနီဖြစ်ပြီး အင်္ဂလိပ်ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှု အားအလွန်ကောင်းနေချိန်ပါ” ဟု မစ္စတာ နဲမိုတို က Myanmar Now ကို အီးမေးလ်မှ တဆင့် ဖြေကြားသည်။
“ဂျပန်ဟာ ဗမာပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူခဲ့တာ မှန်ပေမယ့် တချိန်တည်းမှာပဲ ဂျပန်ဟာ ဗမာပြည်ကနေ အင်္ဂလိပ်တွေကို မောင်းထုတ်ပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ခဲ့ပါတယ်။ ဒီကွဲပြားချက်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်အတွက်ကတော့ ဂျပန်ဆီကနေ ရနိုင်တာ ဘာမှမရှိခဲ့ပေမယ့် ဗမာပြည်ကတော့ အနည်းဆုံး အင်္ဂလိပ်တွေ မရှိတော့တဲ့ နိုင်ငံရေး အခြေအနေသစ်တခုကို ခံစားခဲ့ရပြီး နယ်ချဲ့ဆန့်ကျင်ရေးသမားတွေအနေနဲ့ လွတ်လပ်ရေးရအောင် ပိုပြီး လက်တွေ့ကျကျ ကြိုးပမ်းနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြင့်တက်လာသည့် တရုတ်ဆန့်ကျင်ရေးစိတ်
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုခါးသီးခဲ့သော်လည်း ဂျပန်သည် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်တွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဖွံ့ဖြိုးရေး အကူအညီပေးသည့် နိုင်ငံ၊ အဓိက စီးပွားရေးမိတ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း နဝတ၊ နအဖ စစ်အစိုးရခေတ်တွင် နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးအကူအညီ (ODA) ကို ဂျပန်က အဓိကအားဖြင့် လျှော့ချခဲ့သည်။
တချိန်တည်းမှာပင် တရုတ်သည် စစ်အစိုးရ၏ အရေးအကြီးဆုံး မိတ်ဆွေအဖြစ် လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။ ၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ်များအတွင်း မြန်မာစစ်အစိုးရသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများနှင့် နိုင်ငံတကာ၏ဖယ်ကြဉ်မှုကို ရင်ဆိုင်ခဲ့ရစဉ် တရုတ်သည် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး မျက်နှာစာအရပ်ရပ်တွင် အားကိုးစရာ ဖြစ်လာခဲ့သည်။ “တရုတ်က မြန်မာအပေါ် ကျေးဇူးရှိ” သည် ဟုပင် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဝန်ကြီးလည်းဖြစ်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းက ထုတ်ဖော်ပြောခဲ့ဖူးသည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာစစ်တပ်ကို ကျောထောက်နောက်ခံပေးသည့် ပေကျင်းအပေါ်ကို မြန်မာပြည်သူတို့၏ မကျေနပ်မှု ပိုမိုကြီးမားလာခဲ့သည်။ တရုတ်သည် စစ်ကောင်စီနှင့် သံတမန်ရေးအရရော စီးပွားရေးအရပါ ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ရုံသာမက လက်ရှိ မြန်မာပြည်တွင်းစစ်ကိုပါ လိုသလို ကစားရင်း နိုင်ငံရေးလမ်းကြောင်းကို ပုံဖော်လျက်ရှိသည်။
အထူးသဖြင့် ပေကျင်းသည် တရုတ်- မြန်မာနယ်စပ်ရှိ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ်ကို ၎င်း၏ ဩဇာအာဏာအသုံးပြု၍ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပေးခဲ့ပြီး စစ်တပ်ကို တိုက်ခိုက်နေသည့် ထိုးစစ်များကို ရပ်တန့်ရန် ဖိအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်၏ ဖိအားပေးမှုကြောင့် ကိုးကန့်တပ် (MNDAA) သည် ၎င်းတို့သိမ်းယူထားသည့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။
ထိုအချက်များကြောင့် ဂျပန်မုန်းတီးရေး တရုတ်က မည်မျှပင်ကြိုးပမ်းပါစေ မြန်မာလူငယ်မျိုးဆက်များ အတွက်မူ ဂျပန်ထက် တရုတ်ကိုသာ ပိုမိုမုန်းတီးကြလိမ့်မည်ဟု မစ္စတာနဲမိုတိုက ပြောသည်။
“လက်ရှိ မြန်မာပြည်သူတွေအတွက်တော့ မင်းအောင်လှိုင်ရဲ့ အစိုးရဟာ ဂျပန်စစ်အုပ်ချုပ်ရေး ခေတ်ထက် အများကြီး ပိုမိုရက်စက်တယ်လို့ အသိအမှတ်ပြုထားကြပါတယ်။ ဒီလိုအခြေအနေမှာ တရုတ်က မင်းအောင်လှိုင်အစိုးရကို အခိုင်အမာ ထောက်ခံနေတဲ့ အချက်ဟာ ဂျပန်ရဲ့ စစ်အတွင်း ရက်စက်မှုတွေကို ပြန်လည်ဖော်ထုတ်ဖို့ ကြိုးပမ်းတာကို ပြောင်းပြန်အကျိုးဆိုးတွေပဲ ဖြစ်ပေါ်စေမှာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာပြည်သူအများအပြားက “ဟုတ်ပါပြီ တရုတ်ရယ်၊ မင်းပြောတာ မှန်ချင်မှန်ပါလိမ့်မယ်။ စစ်အတွင်းတုန်းက ဂျပန်ဟာ ရက်စက်ခဲ့တာ ငြင်းစရာမလိုပါဘူး။ ဒါပေမဲ့ အတိတ်က ဖက်ဆစ်ဂျပန်ထက် ပိုဆိုးတဲ့ လက်ရှိ မင်းအောင်လှိုင်အစိုးရကိုကျ မင်းတို့က ဘာလို့ ထောက်ခံနေရတာလဲ” ဟု ပြန်လည်မေးခွန်းထုတ်ကြလိမ့်မည်ဟု ၎င်းက ပြောသည်။
မီဒီယာကိုလွှမ်းမိုးရန် ပေကျင်း၏ ကြိုးပမ်းမှု
စစ်တပ်ကို တရုတ်၏ ထောက်ခံမှုသည် သတင်းအချက်အလက် နယ်ပယ်အထိ ပါဝင်သည်။ တရုတ်အစိုးရ မီဒီယာများသည် စစ်အုပ်စုအတွက် အကျိုးရှိမည့် အကြောင်းအရာများကို မှန်မှန်ဖော်ပြလေ့ရှိပြီး ပေကျင်းသည် စစ်အုပ်စု၏ ဝါဒဖြန့် မီဒီယာများနှင့် ဆက်ဆံရေး ခိုင်မာစေရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့တဖွဲ့ ယူနန်ရှိ တရုတ်မီဒီယာ အဖွဲ့အစည်းများထံ သွားရောက်လည်ပတ်သည့် သတင်းကို တရုတ်သံရုံးက ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသည် အသစ်အဆန်းမဟုတ်ပါ။ တရုတ်အစိုးရ၏ လက်တံမကင်းသော အဖွဲ့အစည်းများသည် ဒေသတွင်း မြန်မာမီဒီယာများအား ရေးစရာသတင်းများ အဆင်သင့် ခူးခပ်ပေးကာ ပံ့ပိုးပေးခြင်း၊ သတင်းထောက်များအတွက် တရုတ်ခရီးစဉ်များ စရိတ်ငြိမ်းခေါ်ယူခြင်းနှင့် ပြည်တွင်းမီဒီယာများတွင် တရုတ်နှင့် ၎င်း၏ အကျိုးစီးပွားများအကြောင်း သတင်းဖော်ပြမှုကို ပိုမိုဩဇာလွှမ်းမိုးနိုင်ရန် မီဒီယာမိတ်ဖက်များ ထူထောင်ခြင်း စသည်တို့နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင် Myanmar Now က သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ဖူးသည်။
ပေကျင်းအနေဖြင့် ဂျပန်နိုင်ငံနှင့် ကျောင်းတော်က ရန်စကို ပြန်မီးမွှေးရန် ယင်းနည်းကို အသုံးပြုခဲ့ခြင်းမှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပါ။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ထိုင်ဝမ်နှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် မစ္စ ဆာနာအဲ တာကာအိချိ (Sanae Takaichi) ၏ ပြောကြားချက်များကို တိုက်ခိုက်သည့် ပို့စ်တခုကို တရုတ်သံရုံးက မြန်မာဘာသာဖြင့် ရေးသားခဲ့သည်။ Myanmar Now က စိစစ်ခဲ့သည့် စခရင်ရှော့အရ အဆိုပါ ပို့စ်သည် တုံ့ပြန်မှု ၂,၀၀၀ ခန့်နှင့် မှတ်ချက် ၇၈၅ ခု ရရှိခဲ့သည်။ မှတ်ချက်တခုတွင် အင်္ဂလိပ်ဘာသာဖြင့် “ငါတို့ က ဂျပန်နဲ့ ထိုင်ဝမ်ဘက်က ရပ်တည်တယ်” ဟု ရေးသားထားသည်။
မြန်မာစစ်အာဏာပိုင်များကလည်း ပေကျင်းနှင့်အတူ တဖက်တည်း ရပ်ခဲ့ကြပြီး မြန်မာနိုင်ငံသည် တရုတ်တနိုင်ငံတည်း မူဝါဒ၊ ၎င်းတို့၏ နယ်မြေပိုင်စိုးမှုနှင့် အချုပ်အခြာအာဏာတို့ကို “ခိုင်မာစွာ” ထောက်ခံကြောင်း ကြေညာခဲ့သည်။
တရုတ်၏ ဂျပန်ဆန့်ကျင်ရေးလှုံ့ဆော်မှုများနှင့် မြန်မာစစ်အာဏာပိုင်များအပေါ်ကို ထောက်ခံသည့် ဝေဖန်မှုများနှင့် ပတ်သက်၍ Myanmar Now က ရန်ကုန်ရှိ တရုတ်သံရုံးကို မှတ်ချက်တောင်းခံခဲ့သော်လည်း သတင်းထုတ်ပြန်ချိန်အထိ အကြောင်းမပြန်ပါ။



