ရေဘေးသင့်နေသည့် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ်တို့အတွင်း ဩဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး တစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက် ၆ နာရီ ၄၅ မိနစ် ဝန်းကျင်တွင် ဝက်လက်မြို့နယ်အရှေ့တောင်ဘက် ကျေးရွာတို့ကို စစ်လေယာဉ်က သုံးကြိမ်ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးအတွင်းရှိ အသက် ၆၀ အရွယ် ဒေါ်မာရီ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်ခံရသည့်ကျေးရွာတို့မှာ စစ်ရေးလှုပ်ရှားမှုများ မရှိသလို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ အခြေချသည့် ကျေးရွာလည်း မဟုတ်ကြောင်း ဝက်လက်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၉၇၀၆) တပ်ရင်း၏ တပ်ရင်းမှူးက ပြောသည်။
အရာတော်မြို့နယ်ရှိ ရေဘေးသင့်နေသော ကောင်းတပ်ကျေးရွာကို ယမန်နေ့ညနေတွင် ရွှေဘိုမြို့ အခြေစိုက် အမှတ် (၈)လေ့ကျင့်ရေးတပ်မှ တက်လာသည့် အသေခံဒရုန်း နှစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။
ယမန်နေ့တစ်ရက်အတွင်းမှာပင် မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသည့် အသေခံဒရုန်းတစ်စီးက ရေဘေးသင့်နေသည့် အရာတော်မြို့နယ် ကြွေပုဂံကျေးရွာကိုလည်း တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်သည့် ရေဘေးသင့်ဆိုင်ရာ အစီရင်ခံစာ အချက်အလက်များအရ စစ်ကိုင်းတိုင်းတွင် ရေဘေးကြောင့် ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကောလင်း၊ အရာတော်၊ တန့်ဆည်၊ ခင်ဦး၊ ဝက်လက်၊ ရေဦး၊ ဗန်းမောက်၊ ကျွန်းလှ စသည့် ၁၁ မြို့နယ်တို့မှ လူဦးရေ နှစ်သိန်းကျော် ရေဘေးသင့်ပြီး ၂၃ ဦးထက်မနည်းသေဆုံးခဲ့သည်။
ဝက်လက်မြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ဝန်းကျင် ရေဘေးသင့်ခဲ့ရပြီး လက်ရှိအချိန်ထိ ကျေးရွာအချို့တွင် ရေကျန်နေဆဲဖြစ်ကြောင်း ဝက်လက်မြို့နယ်မှ ရေဘေးသင့်သူများကို ကူညီပေးနေသည့်အဖွဲ့များထံက သိရသည်။
ရေဘေးသင့်နေသည့် စစ်ကိုင်းတိုင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ လူသေဆုံး၊ ထိခိုက်မှုများလည်း ရှိနေသည်။
ဝက်လက်နယ်အတွင်း ရေဘေးသင့်နေချိန် ဩဂုတ်လ ၈ ရက်တွင် ဝက်လက်မြို့ ရေလယ်ဘုရားအနီးနှင့် ဩဂုတ်လ ၁၁ ရက် ညပိုင်းတွင် ရေလည်မော်ရွာကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
ဝက်လက်၊ ခင်ဦးမြို့နယ်၊ ဖောင်းပြင်နှင့်ချောင်းဦးမြို့နယ်တို့တွင်လည်း ရေဘေးသင့်ကာလအတွင်း တိုက်လေယာဉ်၊ ဂျိုင်ရိုကော်ပတာ၊ အသေခံဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။
တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုအားကောင်းသည့် စစ်ကိုင်းတိုင်းဒေသများတွင် ရေဘေးသင့် အကူအညီပေးမှုများကို စစ်တပ်က တင်းကျပ်ပိတ်ဆို့ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည်။
ရေဘေးသင့်နေသည့် ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုအခြေအနေ နှင့်ပတ်သက်၍ စစ်တပ်၏ စစ်ကိုင်းတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဆက်သွယ်သော်လည်း မရခဲ့ပါ။
စစ်ကိုင်းတိုင်းနှင့် ဧရာဝတီမြစ်တစ်ခုသာခြားသော မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ဩဂုတ်လ ၁၅ ရက်တွင် မြစ်ကို ဆန်တက်လာသော စစ်ရေယာဉ်များက သဖန်းဒေါင့်၊ ဒေါင်းကျွန်းနှင့် အေးကျွန်းရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
“(ဝက်လက်)ဘက်ခြမ်းမှာ (စစ်တပ်လှုပ်ရှားမှု)တွေကတော့ ငြိမ်နေတယ်။ မြစ်ကြောင်းအရှေ့ဘက် မတ္တရာ နဲ့ ဝက်လက်ချုပ်စပ်ဘက်မှာတော့ အလှုပ်အခတ်လေးတွေတော့ရှိတာပေါ့။ စဉ့်ကူး၊ သပိတ်ကျင်း ပတ်ချာလည်ကို တော်လှန်ရေးအဖွဲ့အစည်းတွေ ပြန်ဝင်ဖို့ဆိုတဲ့ ကောလာဟလတွေလည်း ကြားတော့ သူတို့ (စစ်တပ်) အဲ့ဒါအတွက်ကို ပြင်ဆင်တဲ့သဘောမျိုးလို့မြင်တာပဲ “ဟု အထက်ပါ တပ်ရင်းမှူးက မှတ်ချက် ပြုသည်။
ဧရာဝတီမြစ်အရှေ့ဘက် မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျဉ်း မြို့နယ်ကို စစ်တပ်က ပြီးခဲ့သည့် နှစ်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သဖြင့်တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေများ ပြန်လည်လက်လွှတ်ခဲ့ရသည်။



