ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ KIA ဂိတ်စခန်းတစ်ခုတွင် ကုန်တင်မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်မပေးသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ယင်းဖြစ်စဉ်ကို မကျေနပ်သည့် ဒေသခံများက အဆိုပါဂိတ်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံရွာသားများထံက သိရသည်။
မူဆယ်မြို့နှင့် နမ့်ခမ်းမြို့အကြား နမ့်လိုင်းကျေးရွာအနီး ကားလမ်းပေါ်တွင် ဂိတ်ဖွင့်ထားသည့် KIA တပ်ဖွဲ့နှင့် ဒေသခံများအကြား ယမန်နေ့ ( (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုန်တင်ယာဉ်မောင်းနှင်လာသည့် အသက် ၃၀ ကျော်အရွယ် နမ့်စန့်ရွာသား စိုင်းလိုင်ဆိုင် ထိခိုက်ဒဏ်ရာ ရသွားသည်ဟု ဒေသခံများက ပြောသည်။
“သူတို့ပြောတာတော့ ကားက ရပ်မပေးလို့ ပစ်လိုက်တာ ကျွန်တော်တို့ရွာသား (ဒေသခံ) ကို မတော်တဆထိတာလို့ ပြောတယ်။ အဲဒီမှာ ဂိတ်ဖွင့်ထားတာကိုလည်း ရွာသားတွေ လက်မခံဘူး။ အခုလို ဖြစ်တော့ သူတို့ဂိတ်ကို ဖျက်ဆီးလိုက်တာ” ဟု နမ့်လိုင်းရွာသားတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရသည့် ယာဉ်မောင်းအမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် မူဆယ်ဆေးရုံသို့ ပို့ဆောင်ထား သည်ဟု သိရသည်။
“ရင်ဘတ်မှာရော ချိုင်းအောက်မှာရော ထိသွားတာ။ အခုမနက်တော့ ကျည်ဆန်တွေ ဘာတွေ ထုတ်လိုက်ပြီ ။ ဒဏ်ရာက တော်တော်ပြင်းတယ်” ဟု ဒေသခံအခြားတစ်ဦးက ပြောသည်။
KIA ဘက်ကမူ ယခုဖြစ်စဉ်အတွင်း ပစ်ခတ်မှုကျူးလွန်ခဲ့သည့် ၎င်းတို့၏ တပ်သားကို ထိန်းသိမ်းထားသည်ဟု ယနေ့ နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။
“ဂိတ်မှာ စစ်ဆေးဖို့တားတာကို ကားသမားက မရပ်ဘဲ မောင်းပြေးလို့ ခြိမ်းခြောက်တဲ့ပုံစံနဲ့ လိုက်ပစ်တာ။ လိုက်ပစ်တော့ အခြားကားသမား တစ်ယောက်ကို ထိသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲဘော်ကိုလည်း စည်းမျဉ်းစည်းကမ်းအတိုင်း စစ်ဆေးဖို့ ကျွန်တော်တို့ ခေါ်ထားတာရှိပါတယ်” ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ထွက်ပြေးသွားသည့်ကားနှင့် ယာဉ်မောင်းဖြစ်သူကို KIA ဘက်က လိုက်လံရှာဖွေနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။
နမ့်လိုင်းရွာမှာ မူဆယ်မြို့နယ် နောင်စိုင်ကျေးရွာအုပ်စု၌ ပါဝင်ပြီး ယခုနှစ်ဆန်းမှစတင်၍ KIA တပ်ဖွဲ့ဝင်များက ကျေးရွာအဝင်တွင် ဂိတ်ဖွင့်၍ ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုကြသည်။
“ကားသေးတစ်စီးကို တစ်သိန်းကောက်တယ်။ ဈေးပတ်ကားတွေ၊ ကုန်နည်းနည်းပါးပါး တင်လာတဲ့ကား တွေကိုလည်း ကောက်တာပဲ။ ဒီမှာက အဖွဲ့တွေက စုံနေတာဆိုတော့ အကုန်ပေးရတာ။ မကျေနပ်လို့ သွားပြောတော့လည်း သူတို့က အထက်အမိန့်အရ လာဖွင့်တာဆိုပြီး မဖယ်ဘူး” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါဂိတ်ကို ဒေသခံများက မီးရှို့ပြီးဖယ်ရှားလိုက်သော်လည်း KIA တပ်ဖွဲ့များအားလုံး ထိုအနီးအနားမှ ဆုတ်ခွာသွားခြင်း မရှိသေးကြောင်း နမ့်လိုင်းရွာသားများထံက သိရသည်။
“လမ်းမပေါ်ကတော့ သူတို့ဖယ်ပြီ။ ကုန်းပေါ်မှာ သူတို့အရာရှိတွေနေတဲ့နေရာကနေတော့ မဖယ်သေးဘူး။ ရွာသားတွေကတော့ ထပ်စောင့်ကြည့်နေတုန်းပဲ” ဟု အထက်ပါနမ့်လိုင်းရွာသားက ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများဘက်မှ မကျေလည်မှုများရှိပါက KIA တပ်ဖွဲ့တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်ပြီး လူအုပ်စုဖြင့် စခန်းများဖျက်ဆီးခြင်းက ဒေသခံများနှင့် ၎င်းတို့တပ်ဖွဲ့ကြား ရေရှည်ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့မှာ KIA ၏ တပ်မဟာ(၄) နှင့် တပ်မဟာ (၆) တပ်ရင်းများ အဓိကလှုပ်ရှားသည့် ဒေသများဖြစ်သည်။ မူဆယ်-နမ့်ခမ်း လမ်းပိုင်းတစ်လျှောက်တွင် KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းများ အဓိကလှုပ်ရှားသည်။
ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) သည် စစ်တပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ပယ်ချထားသည့် အင်အားကြီး တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည်။
ယခုလ ၁၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ KIA တပ်မဟာ (၄) တပ်ဖွဲ့လှုပ်ရှားသည့် တီးမာကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အတူ ရှမ်းမြောက်ဒေသအတွင်း မိုးမိတ်မြို့နယ်၌လည်း စစ်တပ်နှင့် KIA ကြား တိုက်ပွဲများရှိနေသည်။
“၁၀၂၇ စစ်ဆင်ရေး” ရလဒ်များအရ မူဆယ်မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ထိန်းချုပ်ထားနိုင်သော်လည်း မူဆယ်-နမ့်ခမ်းလမ်းနှင့် နမ့်ခမ်းမြို့ကို တအာင်းတပ် (TNLA) က သိမ်းပိုက်နိုင်ခဲ့သည်။ ယခုနှစ် မတ်လတွင် ကိုးကန့်တပ် (MNDAA) က မဟာမိတ် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်အပါအဝင် မူဆယ်- နမ့်ခမ်းလမ်း ပေါ်ရှိ စယ်လန့်ရွာအထိ ပြန်လည် သိမ်းပိုက်ခဲ့သည်။
မူဆယ်- နမ့်ခမ်းလမ်းမှာ မိုင်း ၂၀ ကျော် ကွာဝေးပြီး မူဆယ်အထွက် ပန်ခမ်းတံတားအထိ စစ်တပ်က ထိန်းချုပ်ထားသည်။ ထို့နောက် မူဆယ်မြို့နှင့် ခုနစ်မိုင်အကွာ စယ်လန့်ရွာတွင် MNDAA တပ်ဖွဲ့က စခန်း ဖွင့်လှစ်ထားသည်။
နမ့်လိုင်းရွာနှင့် နောင်လောင်းရွာတို့တွင် KIA နှင့် ရှမ်းတပ် SSPP တို့က ထိန်းချုပ်ထားပြီး နမ့်ခမ်းမြို့အဝင်တွင် TNLA တပ်ဖွဲ့က ထိန်းချုပ်ထားကြောင်း၊ အဆိုပါအဖွဲ့များကို ခရီးသွားများနှင့် ဒေသခံများက အခွန်အခများ ပေးနေရကြောင်း ဒေသခံများက ဆိုကြသည်။



