အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG ထိန်းချုပ်သည့် ပင်လည်ဘူးကို ၃ ရက်ဆက် ဗုံးကြဲ၊ ရွှေလုပ်ကွက်တွင် ၆ ဦးသေဆုံး 

BNRA တပ်မှူးနှစ်ဦး ထွက်ပြေးသွားသည့် နောက်ရက်မှစတင်၍ သုံးရက်ဆက် ဗုံးကြဲမှုအတွင်း ရွှေလုပ်ကွက်ရှိ လုပ်သားများ အပါအဝင် အရပ်သား ၁၀ ဦးသေဆုံး၊ ၂၀ ဦးခန့် ဒဏ်ရာရခဲ့ကြသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်သည့် စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်ရှိ ရွှေလုပ်ကွက် တစ်ခု ယမန်နေ့( ဩဂုတ်လ ၁၈ ရက်) က သုံးရက်မြောက် ဗုံးကြဲခံရပြီး ရွှေလုပ်သားများ အပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ပြီး  ရှစ်ဦးခန့် ဒဏ်ရာရခဲ့သည်။ 

မြို့အရှေ့မြောက်ဘက် ၂၂ မိုင်ခန့်အကွာ မိုင်းတုံးတာကြီးကျေးရွာအနီးရှိ ရွှေလုပ်ကွက်ကို ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးရင်းမြစ်များထံက သိရသည်။

အဲဒီ (ရွှေ) လုပ်ကွက်နဲ့ ခုနက မိုင်းတုံးကြီးရွာကြားကို ကျလိုက်တာပေါ့။ ဗုံးကျပြီးတော့ စက်လက်တွေနဲ့လည်း ဆွဲသွားတာပေါ့” ဟု ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ စားခမ်းရွာဒေသခံများဖြစ်သော မရွှေဇင်ဦး၊ မစံပယ်ဖြူ၊ နန့်ဆင်းကျွန်းတောရွာမှ ကိုထွန်းပေါ်၊ ကိုစိန်သွေး၊ မိုင်းတုံးတာကြီးရွာမှ ဒေါ်သန်းသန်းနှင့် ဒေါ်ချစ်မေတို့ဖြစ်သည်ဟု သိရသည်။ ထို့အပြင် နန့်ဆင်းကျွန်းတော၊ စီးမော်၊ နောင်ကန်၊ ဒီးဒေါက်စသည့် ကျေးရွာတို့မှ လာရောက်လုပ်ကိုင်သော ရွှေလုပ်သား အမျိုးသား ရှစ်ဦးလည်း ဒဏ်ရာရခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်ညပိုင်းတွင် ကင်းပန်းရွာဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော် (BNRA)မှ လက်နက်ချထားသည့် တပ်ရင်းမှူးနှစ်ဦး ထွက်ပြေးသွားပြီး နောက်တစ်နေ့မှစ၍  ပင်လည်ဘူးနယ်အတွင်း သုံးရက်ဆက် ဗုံးကြဲနေခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြို့၏တောင်ဘက် ၁၂ မိုင်ခန့်အကွာ ကင်းပန်းရွာကို ဩဂုတ်လ ၁၆ ရက်က ဗုံးကြဲစဉ် ကလေးတစ်ဦး အပါအဝင် လေးဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရခဲ့သည်။ ဩဂုတ် ၁၇ ရက်ကလည်း မြို့မြောက်ဘက် ၁၃ မိုင်အကွာ မံစီလေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများက ကြိုတင်တိမ်းရှောင်ထားကြသည့်အတွက် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

မိုင်းတုံးတာကြီးရွာ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ။ (ဓာတ်ပုံ-ပေးပို့) 

ထို့ကြောင့် NUG ထိန်းချုပ်သည့် ပင်လည်ဘူးမြို့နယ်တွင် သုံးရက်ဆက် ဗုံးကြဲမှုအတွင်း အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရခဲ့ကြသည်။

ပင်လည်ဘူးမြို့နယ်ရှိ PDF စခန်း ဗုံးကြဲခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်အချို့ကလည်း ဖော်ပြထားကြသည်။

BNRA တပ်မှူးနှစ်ဦး ထွက်ပြေးပြီးနောက် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရင်းမြစ်အချို့က ယူဆကြသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။ 

ထို တပ်မှူးနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားမှု၊ ပင်လည်ဘူးကို လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။ 

၂၀၂၄ ခုနှစ် စက်တင်ဘာလကတည်းက NUG ထိန်းချုပ်ထားသည့် ပင်လည်ဘူးဒေသအတွင်း တိုက်ပွဲများ မရှိသော်လည်း အနီးဝန်းကျင်ရှိ ဝန်းသို၊ ကောလင်းအပြင် ဗန်းမောက်၊ အင်းတော်၊ ကနိ့်ဘလူတို့တွင် စစ်တပ်က နယ်မြေထိန်းချုပ်ထားသည်။ 

လက်ရှိတွင် NUG အနေဖြင့် စစ်ကိုင်းတိုင်းရှိ ပင်လည်ဘူး၊ မြို့သစ်၊ ရွှေပြည်အေး မြို့တို့ကိုသာ ဆက်လက်ထိန်းချုပ်ထားနိုင်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles