စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ကျော်လွှားရန်နှင့် တုံ့ပြန်ရန်များ အပါအဝင် စွမ်းအင်၊ နည်းပညာနှင့် ဆက်သွယ်ရေး၊ အာကာသနှင့် ဂြိုဟ်တုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားသမ္မတနှင့် သဘောတူ လက်မှတ်ထိုးခဲ့သည် ဟု ရုရှားသမ္မတရုံးက ဩဂုတ်လ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
အရေးယူပိတ်ဆို့မှုများကို ကျော်လွှားရန်နှင့်တုံ့ပြန်ရန် နှစ်နိုင်ငံ ပူးတွဲကြေညာချက်နှင့် ပတ်သက်၍ အသေးစိတ်မထုတ်ပြန်သေးပေ။ သို့သော် ထိုသို့သောကြေညာချက်ကို ရုရှားနှင့် အီရန်နိုင်ငံတို့ ၂၀၂၃ ခုနှစ်အတွင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။
ထိုကြေညာချက်၏ အဓိကရည်ရွယ်ချက်မှာ အမေရိကန်၊ ဥရောပနိုင်ငံများက နိုင်ငံတစ်နိုင်ငံကို ချမှတ် ထားသည့် ပိတ်ဆို့အရေးယူမှုများကို တရားမဝင်ဟု သတ်မှတ်ရန်ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများ ကြောင့် သက်ရောက်လာသည့် စီးပွားရေး၊ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများကို ကျော်လွှားရန် လမ်းညွှန်ချက်များလည်း ထိုကြေညာချက်တွင် ပါရှိသည်။
ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ ရှာဖွေရန်၊ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရန်၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်ပို့ရန် ဆန္ဒရှိသည်ဟု ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အနျူမြူ ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် သဘောတူထားပြီး မြန်မာနိုင်ငံ တောင်ပိုင်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် စီမံကိန်းကိုလည်း ဆွေးနွေးသွားမည်ဟု ဗလာဒီမာ ပူတင်က ပြောဆိုသည်။
ရုရှား- မြန်မာ စစ်ရေးပူးတွဲလေ့ကျင့်မှုများနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုများကို လုပ်ဆောင်နေပြီး ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုများအတွက် အချိန်တိုင်း ကန့်ကွက်ခဲ့သည်ဟုလည်း ပူတင်က ဆိုသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က နောင်အနာဂတ် နိုင်ငံတကာ စာမျက်နှာများတွင် နှစ်နိုင်ငံ နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောဆိုပြီး နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါများပြီး စိုက်ပျိုးမြေဧက ၃၃ သန်းကျော်နှင့် မိုင် ၁၃၀၀ ကျော် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းတစ်ခု ရှိနေခြင်းကြောင့် ရုရှားစီးပွားရေး လုပ်ငန်းရှင်များ ကဏ္ဍပေါင်းစုံမှ လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း မြန်မာဘက်က ဖိတ်ခေါ်ခဲ့သည်ဟု စစ်အုပ်စုထိန်းချုပ် မီဒီယာများတွင် ဖော်ပြသည်။
ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင်မူ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ရုရှားနိုင်ငံ၏ စိတ်ချ အားထားရသော မိတ်ဖက်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသည် ရုရှားအတွက် အမြဲတမ်း အသင့်ရှိနေသည်ဟု ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြောင်းဖော်ပြထားသည်။
ဦးမင်းအောင်လှိုင်၏ ယခုအကြိမ် ရုရှားနိုင်ငံသို့ သွားရောက်မှုသည် ခုနစ်ကြိမ်မြောက်ခရီးဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ၏ စီးပွားရေးနှင့် လက်နက် ပိတ်ဆို့ ဒဏ်ခတ်မှုများ ရင်ဆိုင်နေရချိန် စစ်အုပ်စုသည် ပြည်တွင်းစစ်အတွက် လိုအပ်သော လက်နက်ခဲယမ်း များ၊ တိုက်ခိုက်ရေးလေယာဉ်များနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများအတွက် ရုရှားကို အဓိက မှီခိုနေရသည်။
အပြန်အလှန်အားဖြင့် ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့ခြင်းခံထားရသော ရုရှားအတွက် မြန်မာသည်အရှေ့တောင်အာရှတွင် ၎င်း၏ ဩဇာလွှမ်းမိုးမှု တည်ဆောက်ရန် ခြေကုပ်ယူထားနိုင်မည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။
ယခု ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ ၁၂ ခုအား လက်မှတ်ရေးထိုးခဲ့သည်ဟု စစ်တပ်ဘက်က ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင်သည် ရုရှားခရီးစဉ်အပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင် ခရီးစဉ် အဖြစ် ဆက်လက်သွားရောက်မည်ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ရုရှားသို့ စစ်ခေါင်းဆောင်သွားရောက်ခဲ့သည့် ခရီးစဉ်များ
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ရုရှားသို့ သွားရောက်ခဲ့ကာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုဂူနှင့် တွေ့ဆုံခဲ့သည်။ အာဏာသိမ်းပြီးနောက် ရုရှား- မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်သည့်ပထမဆုံး ခရီးစဉ်လည်းဖြစ်သည်။
ကမ္ဘာပေါ်တွင် စစ်ဘက်ဆိုင်ရာ ဘတ်ဂျက်၊ လက်နက် ရောင်းဝယ်မှုနှင့် လွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များ စုစည်းထားသည့် SIPRI Arms Transfers Database တွင် ဖော်ပြချက်အရ ရုရှားထံမှ ၂၀၁၈ ခုနှစ်အတွင်း မှာယူခဲ့ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်တန်ဖိုးရှိ Su-30MK (Su-30SME) တိုက်လေယာဉ် ခြောက်စီးကို ၂၀၂၂၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင်ရုရှားက စစ်အုပ်စုထံသို့ခြောက်စီးလုံး ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြသည်။
ထို့ပြင် ၂၀၂၀ ခုနှစ်တွင် မှာယူခဲ့သည့် Mi-38 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သုံးစီးကို ၂၀၂၅ ခုနှစ် အတွင်း ပို့ဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သုံးစီး ထပ်မံ မှာယူခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း ရုရှားက မြန်မာစစ်အုပ်စုထံသို့ ပို့ဆောင်ပေးခဲ့သည်ဟု SIPRI Arms Transfers Database က ဖော်ပြသည်။
အလားတူ ၂၀၁၉ ခုနှစ်အတွင်းမှာယူခဲ့သည့် BRDM-2 သံချပ်ကာ ကင်းထောက်ယာဉ် ၁၀ စီးကို ၂၀၂၂ ခုနှစ်အတွင်း ရုရှားက ပေးပို့ခဲ့သည်ဟုလည်း SIPRI Arms Transfers Database က ဖော်ပြသည်။
စစ်ခေါင်းဆောင်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရုရှားသို့ ဒုတိယအကြိမ်သွားရောက်ခဲ့ပြီး ထိုခရီးစဉ် အပြီး စွမ်းအင်၊ နျူကလီးယားနည်းပညာဆိုင်ရာများ ရုရှားနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်လာသည်ကို တွေ့ရသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ခရီးစဉ်အတွင်း ရုရှားအစိုးရပိုင် Rosatom ကော်ပိုရေးရှင်းနှင့် နျူကလီးယား နည်းပညာဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) စတင်လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့၌ “နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာ” (Nuclear Technology Information Center) ကို ရုရှားနှင့် ပူးပေါင်း၍ တရားဝင် စတင်ဖွင့်လှစ်ခဲ့ သည်။
ထို့ပြင် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ (SMR) သဘောတူညီချက်: ထိုမှတဆင့် ရုရှား- မြန်မာ အစိုးရချင်းစာချုပ်များ အဆင့်ဆင့်ချုပ်ဆိုခဲ့ပြီး အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ (Small Modular Reactor – SMR) တည်ဆောက်ရန်အထိ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ရုရှားသို့ စစ်ခေါင်းဆောင် တတိယအကြိမ်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်တွင် သမ္မတ ဗလာဒီမီယာ ပူတင်နှင့်တိုက်ရိုက် တွေ့ဆုံခွင့်ရခဲ့သည်။ ထိုခရီးစဉ်အတွင်း ရုရှား သမ္မတက မြန်မာနိုင်ငံသည် အာရှဒေသတွင်း စိတ်ချရသော မဟာမိတ်ဖြစ်သည်ဟုဆိုပြီး စစ်အုပ်စုကို ပေါ်ပေါ်ထင်ထင် အသိအမှတ်ပြုပေးခဲ့သည်။
၂၀၂၅ ခုနှစ် မတ်လအတွင်း စတုတ္ထအကြိမ်မြောက် ရုရှားသို့သွားရောက်ခဲ့ပြီး ရုရှား အစိုးရ /စစ်တပ်/ လွှတ်တော် ထိပ်သီးခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ ထိုခရီးစဉ်တွင် ပညာရေးဒီဂရီများ အပြန်အလှန် အသိအမှတ်ပြုရေး၊ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အာကာသနည်းပညာဆိုင်ရာ သဘောတူညီချက်များစွာကို လက်မှတ်ထိုးခဲ့သည်။
ထိုသို့စီမံကိန်းများတွင် ထားဝယ် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်နှင့် အကြီးစား စွမ်းအင် စီမံကိန်းများ ပြုလုပ်ရန်လည်းပါဝင်သည်။ သို့သော် ပြည်တွင်းစစ်ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ထိုစီမံကိန်း များ အမှန်တကယ် အကောင်အထည်ပေါ်ရန်မှာ လက်တွေ့ဖြစ်မလာနိုင်သေးပေ။
၂၀၂၅ ခုနှစ် မေလတွင်မူ ရုရှားနိုင်ငံ မော်စကို၌ ပြုလုပ်သည့် ဒုတိယကမ္ဘာစစ် နှစ် (၈၀) ပြည့် အောင်ပွဲနေ့ အခမ်းအနားသို့ စစ်ခေါင်းဆောင်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်တွင် ရုရှားနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိသော ကာဇက်စတန်နိုင်ငံသမ္မတ Kassym-Jomart Tokayev နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလတွင်မူ ရုရှားသို့ ဆဋ္ဌမ အကြိမ်မြောက် သွားရောက်ခဲ့ပြီး ရုရှား နိုင်ငံပိုင် အနျုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် အနျုမြူစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုးခဲ့သည်။
ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား အပြင်းအထန် ပြတ်လပ်ခြင်း၊ အခြေခံ စီးပွားရေး ပြိုလဲခြင်းနှင့် စစ်ရေး မတည်ငြိမ်မှုများဖြစ်နေချိန်တွင် ရုရှားနှင့် ပူးပေါင်း၍ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု ရုရှားသို့ ခြောက်ကြိမ်မြောက်သွားရောက်စဉ် စစ်ခေါင်းဆောင် က ပြောဆိုခဲ့သည်။
ဘဏ္ဍာငွေအမြောက်အမြားနှင့် နည်းပညာ အလွန်လိုအပ်သည့် နျူကလီယား စီမံကိန်းများကို ဦးစားပေးနေခြင်းသည်လက်တွေ့ကျသည့် ပြည်သူ့အကျိုးထက် စစ်ရေးစွမ်းရည် ပြသရန်နှင့် ဝါဒဖြန့်ရုံသာရှိနေသေးပြီး မည်သည့်အချိန်တွင် အကောင်အထည်ပေါ်လာမည်ကို မသိနိုင်သေးပေ။



