အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

SRF ရဲဘော်ဟောင်းများ NUG တပ်ဖွဲ့အဖြစ်  တာဝန်ထမ်းမည်ဟု ထုတ်ပြန်

မင်းကင်းနယ်တွင် ကာလရှည်ကြာ ပွတ်တိုက်မှုဖြစ်နေသော ကျောင်းသားတော်လှန်ရေးတပ် SRF မှ ရဲဘော်ဟောင်းများက ပြည်သူ့ကာကွယ်ရေး (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ အဖြစ် ဝင်ရောက်လာသည်ဟု NUG ဘက်က ဆိုသည်။

စစ်ကိုင်းတိုင်းမင်းကင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)မှ ရဲဘော်ဟောင်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုခံယူပြီး ပြည်သူ့ကာကွယ်ရေး (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ် ဆက်လက်ရပ်တည်သွားမည် ဟု မင်းကင်းမြို့နယ် ပကဖ က ထုတ်ပြန်သည်။ 

ဩဂုတ်လ ၁၇ ရက်က မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မွမ်းမံသင်တန်းဆင်းပွဲကျင်းပပြီး ပကဖ ဘက်တံဆိပ် အပ်နှံသည့်အခမ်းအနား ပြုလုပ်ပြီးနောက် SRF ရဲဘော်ဟောင်းများက ပကဖ အထူး တိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းကင်းမြို့နယ် ပကဖ က ယနေ့ (ဩဂုတ်လ ၁၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။ 

မေလကုန်ပိုင်းတွင် SRF နှင့် မင်းကင်းပသုံးလုံးကြားသဘောတူညီချက်ရရှိခဲ့ပြီးနောက် လက်နက်ဖြုတ် သိမ်းအပ်နှံရေး၊ ကင်းပွိုင့်များ လဲလှယ်ရေးစသည့်တို့ကို  ရက်သတ္တပတ် သုံးပတ်အတွင်းမှာပင် စတင် လုပ်ဆောင်ခဲ့ပြီး COC အောက်ကူးပြောင်းလာသည့် SRF တပ်ဖွဲ့ဝင်များအား မွမ်းမံသင်တန်းပေးမှုများ အသုတ်လိုက်စတင်ခဲ့သည်ဟု မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဝင်းမင်းစိုးက ဆိုသည်။

“ရဲဘော်ကတော့ လက်ရှိအခြေအနေတော့ အင်အား ၆၀ ကျော်လောက်တော့ရှိမယ်။ ရဲဘော် အင်အား ၆၀ ကျော်လောက်က ကင်းပွိုင့်တွေမှာ နေရာယူပြီးတော့ သင်တန်းကိုအလှည့်ကျ တက်ကြတာပေါ့ဗျာ။ နောက်ထပ်လည်း မွမ်းမံသင်တန်း အပတ်စဉ် ၂၊ ၃ အဲဒီလိုတွေလုပ်ဖို့ရှိပါသေးတယ်။ အခုလောလောဆယ်တော့ နယ်မြေအနေအထားတည်ငြိမ်မှု ရယ်၊ နောက်တစ်ချက်က ဒီသတင်းထုတ်ပြန်လိုက်တာနဲ့ စနစ်တကျပြန်ပြင်ဆင်နိုင်တဲ့အခြေအနေရောက်မှ ရန်သူ့ရဲ့အခြေအနေကိုကြည့်ပြီးမှ သတင်းကို ထုတ်ပြန်တာ ဖြစ်ပါတယ်”ဟု ဦးဝင်းမင်းစိုးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်သို့ဝင်လာသည့် SRF တပ်ဖွဲ့ဝင်အရေအတွက် စုစုပေါင်း အတိအကျကိုမူ ၎င်းကထုတ်ဖော်ပြောကြားခြင်းမရှိပေ။ 

ဩဂုတ်လ ၁၇ ရက်က SRF တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို ပကဖဘက်တံဆိပ် တပ်ဆင်ပေးနေစဉ်။ (ဓာတ်ပုံ-ပကဖ၊ မင်းကင်းမြို့နယ်၊ NUG

“ SRF က ခေါင်းဆောင်ပိုင်းနဲ့ ပြစ်မှုကျူးလွန်တဲ့သူလောက်ပဲ အဝေးကိုထွက်သွားကြတာရှိတာလေ။ ကျန်တာတွေက ဒီမြို့နယ်သားတွေပဲ။ ဒီမြို့နယ်တွင်း တော်လှန်ရေးအဖွဲ့စည်းကလူတွေပါပဲ။ အဲ့ဒါကြောင့် ဒီဘက်မှာကျန်ခဲ့တာ။ တပ်ရဲ့ခေါင်းဆောင်ပိုင်းတွေ ပြစ်မှုကျူးလွန်ထားတဲ့သူတွေကသာ နယ်မြေမှာမနေရဲလို့ တခြားကိုထွက်သွားပြီးတော့ SRF နာမည်နဲ့ ပြန်ပြီးတော့ လုပ်နေကြတာပေါ့။ တကယ်တော့ အင်အားနဲ့ လက်နက်နဲ့အားလုံးက ကျွန်တော်တို့ COC အောက်ကိုရောက်ပြီ”ဟု မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမင်းစိုးက ပြောသည်။

မင်းကင်းမြို့နယ်အခြေစိုက်လှုပ်ရှားသည့် SRF တပ်သည် သီးခြားရပ်တည်ကာ စစ်အာဏာရှင်ကို တိုက်ခိုက်ခဲ့သည့်အဖွဲ့ဖြစ်သည်။ 

SRFနှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပသုံးလုံးယန္တရားကြား ပွတ်တိုက်မှုများ ယခုနှစ်ပိုင်းတွင် အရှိန်မြင့်လာခဲ့ပြီး ခေါင်းဆောင် ကိုစံတင်ထွန်းအပါအဝင် အဖွဲ့ဝင် တစ်ဒါဇင်နီးပါး ဖမ်းဆီးထိန်းသိမ်းခံရသည်။ 

SRF သည် ၎င်းတို့အခြေစိုက်ရာဒေသများတွင် ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်ကျေးရွာ အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)များအားဖမ်းဆီး သတ်ဖြတ်ခြင်း၊ ကိုယ်ပိုင်တရားစီရင်ရေးဖြင့် တရားစီရင်ခြင်း၊ အသက် ၁၈ နှစ်မပြည့်သေးသူများကို အဓမ္မစစ်မှုထမ်းခိုင်းခြင်း အပါအဝင် အမှု ရှစ်မှုဖြင့် တရားစွဲတိုင်ကြားခံထားရသည် ဟု  မင်းကင်း ပအဖ က စွပ်စွဲထားသည်။ 

ထို့နောက်နှစ်ဖက် ဆွေးနွေးညှိနှိုင်းပြီး NUG အောက်မှ တပ်တစ်ခုအနေဖြင့် သွားရန် မေလကုန်ပိုင်းတွင် သဘောတူခဲ့ကြပြီး  ကိုစံတင်ထွန်းမှအပ ကျန်သူများ လွှတ်ပေးခဲ့သည်။  ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်တွင် ကိုစံတင်ထွန်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ယင်းနောက် NUG ကွပ်ကဲမှုအောက်ဝင်ရန် သဘောတူခဲ့ရမှုမှာ  တဖက်သတ်ဖိအားပေးမှု ကြောင့်ဖြစ်ကြောင်း၊ SRF အနေဖြင့် ဆက်လက်ရပ်တည်ကာ မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထိုလကုန်၌ SRF က ကြေညာသည်။

ထို့နောက် အခြေအနေများ ငြိမ်သက်သွားရာမှ SRF ရဲဘော်ဟောင်းများသည် NUG ကွပ်ကဲမှုအောက်တွင်ရှိသည့် ပကဖ အထူးတပ်ရင်း ဖြစ်လာကြောင်း ထုတ်ပြန်ချက် ထွက်လာခြင်း ဖြစ်သည်။

အထက်ပါအခြေအနေနှင့်ပတ်သက်၍ တုံ့ပြန်ချက်ရရှိရန် SRF ပြောရေးဆိုခွင့်ရှိသူကို Myanmar Now ကဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပါ။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ တာဝန် ၄ ရပ်တွင် ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေးနှင့် ဒေသကာကွယ်ရေး၊ PDF အားကူညီထောက်ပံ့အားဖြည့်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လူထုစည်းရုံးရေး၊ အုပ်ချုပ်ရေးနှင့် လူထုဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles