Connect with us
close

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

တရုတ် နယ်စပ်ကနေ ထိုင်းနယ်စပ်ဆီ ရွှေ့ပြောင်း ခြေကုပ်ယူလာတဲ့ ကျားဖြန့် ဒုစရိုက် ကွန်ရက်များ

(မြန်မာ-ထိုင်းနယ်စပ်တစ်​နေရာ ။ဓါတ်ပုံ-Adam Dean/The New York Times)
A camp for people displaced by fighting between military government forces along the Moei River, which separates Thailand, left, from Myanmar, March 7, 2022. Myanmar’s newest rebels have abandoned cafes and professions to join longstanding ethnic militias in a near-daily battle with long odds against the country’s military junta. (Adam Dean/The New York Times)

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။

People’s Spring

တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး အမြဲတမ်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံသာ မကဘဲ ဘယ်နေရာမှာမှ ခိုင်ခိုင်မာမာ အခြေချနေလို့ မရနိုင်ဘူး ဆိုတာကို အဲဒီ ဒုစရိုက် အသိုက်အဝန်းက အခြေခံကျကျ သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ကို အကာအကွယ် ပေးနိုင်တဲ့ ဒေသခံ အင်အားစုတွေ ယိုင်နဲ့လာပြီဆိုရင် အန္တရာယ် အငွေ့အသက်လို့ သဘောပေါက်ပြီး ပြည်တွင်း၊ ပြည်ပ ဘယ်နေရာကိုမဆို လွတ်လမ်းရှာဖို့ အဲဒီ ဒုစရိုက် ဂိုဏ်းတွေက ကြိုတင် ပြင်ဆင်ထားလေ့ ရှိပါတယ်။

ကျားဖြန့်လို့ခေါ်တဲ့ တရုတ် ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေဟာ အဲဒီလို အန္တရာယ် အငွေ့အသက်မျိုးကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ သေသေချာချာ အာရုံခံစားမိလာကြပါတယ်။ အခုတစ်ကြိမ်မှာ သူတို့ကို အဓိက ခြိမ်းခြောက်လာတဲ့ အကြောင်းရင်းတွေအဖြစ် အဂတိ လှိုက်စားမှုတွေကြောင့် နဂိုကတည်းက ယိုင်နဲ့နေတဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီဟာ ပိုမို အားကောင်းလာတဲ့ လက်နက်ကိုင် တော်လှန်ရေးတွေကြောင့် ယိမ်းယိုင်လာခြင်း၊ တရုတ် အာဏာပိုင်တွေဖက် အင်တိုက်အားတိုက် ဖိအားပေးလာနေခြင်း ဆိုတာတွေကို ကောက်နုတ်ယူရမှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေဆီက သည်းကြီးမည်းကြီး ဖိနှပ်လာမှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်မှာ သာသာယာယာ ရှိခဲ့ဖူးတဲ့ ကျားဖြန့် လုပ်ငန်းတွေ အတော်များများဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်နားက ကရင်ပြည်နယ်ဖက်ဆီ သုတ်ခြေတင် ရွှေ့ပြောင်းလာကြပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျားဖြန့် ခေါင်းဆောင်တွေနဲ့ ဝန်ထမ်းတွေ စုစုပေါင်း ၄၅၀၀၀ လောက်ဟာ ကရင်ပြည်နယ်ထဲက ထိုင်းနယ်စပ်နားဆီ အုံနဲ့ကျင်းနဲ့ ရွှေ့ပြောင်းနေတယ် ဆိုတာကို တရုတ်ကလည်း သိထားပြီးသားပါ။

Public Service Announcement

Public Service Announcement

တရုတ် ထောက်လှမ်းရေးတွေဟာ အကျိုးအမြတ် ထုထည်ပမာဏ အင်မတန် များပြားတဲ့ ကျားဖြန့် ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ မြန်မာ စစ်ကောင်စီ ထိပ်တန်း အရာရှိတွေ ဘယ်လို ဆက်နွှယ် ပတ်သက်နေသလဲ ဆိုတာကိုလည်း အချိန်နဲ့ တပြေးညီ နားစွင့်နေခဲ့ပါတယ်။

ဒီလိုနဲ့ အဲဒီလို ဒုစရိုက်အဝန်းအဝိုင်းခေါင်းဆောင်တွေနဲ့ အချိတ်အဆက်ရှိတဲ့ စစ်ကောင်စီ အရာရှိတွေကို အရေးယူပေးဖို့ တရုတ်ဆီက တောင်းဆိုတာ ခံလာရတဲ့အခါ အာဏာသိမ်း မြန်မာ စစ်ကောင်စီ အတွက်လည်း သိက္ခာကျစရာ ဖြစ်ခဲ့ပါတယ်။တရုတ်ကျားဖြန့်လုပ်ငန်းတွေရဲ့ ဒုစရိုက်ခေါင်းဆောင်ပိုင်းကလည်း အရင်လိုမျိုး မြန်မာစစ်ဗိုလ်ချုပ်တွေဟာ သူတို့ကို ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်တော့ဘူးဆိုတဲ့ အရှိတရားကို သိမြင်လာပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့်ဒေသမှာ အရင်လိုမျိုး ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်လည်ပတ်ဖို့မလုံခြုံတော့မှန်း သေချာသွားတဲ့အတွက် တချို့တရုတ် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေက လာအို နဲ့ ကမ္ဘောဒီးယားတို့လို ဒေသတွင်း နိုင်ငံတွေဆီ ကူးသွားကြပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံထဲမှာပဲ နေရာပြောင်းရွှေ့ အခြေစိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်နဲ့ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) မိုင်းလားအဖွဲ့တို့ ထိန်းချုပ်ထားရာ နယ်မြေတွေထဲမှာ ကျားဖြန့်သမားတချို့ လုပ်ငန်း ဆက်လည်ပတ်နေကြဆဲပါပဲ။

ရာခိုင်နှုန်း အများစုကတော့ ကရင်ပြည်နယ်ဆီ ရွှေ့ပြီး ထိုင်းနိုင်ငံ နယ်စပ်နဲ့ ထိစပ်တဲ့ ဧရိယာတွေမှာ လုပ်ငန်းကိုင်ငန်း ပြန်ထူထောင်လာကြပါတယ်။ အထူးသဖြင့် ကရင်နယ်ခြားစောင့်တပ် (ကရင်BGF)က စစ်ကောင်စီရဲ့ အထောက်အပံ့ခံ သဘောမျိုး ရပ်တည်နေရာကနေ ခွဲထွက်ပြီး တသီးတခြား ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာက ပူးပေါင်း အလုပ်လုပ်နေတဲ့ ဒုစရိုက် အင်ပါယာတွေကို ပိုပြီး ထိရောက် အားကောင်းတဲ့ ကာကွယ်နိုင်စွမ်းမျိုး ထောက်ပံ့ပေးနိုင်မယ်ဆိုတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်သလို ဖြစ်လာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျားဖြန့်လုပ်ငန်းတွေ ကရင်ပြည်နယ်ဖက် ပြောင်းရွှေ့ အခြေစိုက်လာပြီး မကြာခင်မှာ ထိုင်း-မြန်မာ နယ်စပ်နားမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့ပါတယ်။ ကရင်ပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) တချို့ဟာ ကျားဖြန့်လို ဒုစရိုက် လုပ်ငန်းတချို့နဲ့ အရင်ကတည်းက ဆက်စပ်မှု ရှိခဲ့ပြီး အခုတော့ စစ်ကောင်စီဟာ အဲဒီ လုပ်ငန်းတွေကို မားမားမတ်မတ် အကာအကွယ် ပေးနိုင်ဖို့ထက် ဒုက္ခဆိုးတွေ ဖိတ်ခေါ်ဖို့ ပိုပြီး ဖြစ်လာနိုင်တယ်လို့ ယူဆလာပါတယ်။ ထူးခြားချက် တစ်ခုကို ပြောရရင် ကရင်ပြည်နယ်ထဲက ကျားဖြန့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေဆီက အပြင်းအထန် ဖိအားပေး အရေးယူခိုင်းတာမျိုးတွေ သိပ်မရှိသေး

တာပါပဲ။ ကရင်မှာ အဲဒီလုပ်ငန်းတွေနဲ့ အချိတ်အဆက်ရှိတဲ့ EAOတွေ ကိုယ်တိုင်ကလည်း တရုတ်နဲ့ ထိုင်းဆီက အဲဒီလို တောင်းဆိုလာမှုတွေကို ဆန့်ကျင် အာခံနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။

အခုဆိုရင် နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေက အမေရိကန်နိုင်ငံသားတွေကိုပါ သားကောင်အဖြစ် ပိုမို ပစ်မှတ်ထားလာနေတာကြောင့် အမေရိကန် အစိုးရဟာ မြန်မာ၊ ပြီးတော့ အိမ်နီးချင်း နိုင်ငံတွေရဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကရင်ပြည်နယ်ကကျားဖြန့်နဲ့ ဒုစရိုက်ဂိုဏ်းတွေကို ဟန့်တားနိုင်မယ့် နိုင်ငံတကာ Task Forceမျိုး ပေါ်ထွန်းလာအောင် တွန်းအားပေးသင့်နေပြီ ဖြစ်ပါတယ်။

▪︎နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေနဲ့ တရုတ်ရဲ့ ဖြိုခွင်းမှုတွေ

အမေရိကန် ငြိမ်းချမ်းရေး သုတေသနဌာန (USIP)ရဲ့ အရင်တစ်ခေါက် အစီရင်ခံစာထဲမှာတော့ ၂၀၂၃ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ်ဇန်နဝါရီလအတောအတွင်းရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တလျှောက်မှာရှိတဲ့ ကိုးကန့်၊ မိုင်းလားနဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေမှာ ဖြန့်ကျက်ထားတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အရေးယူ ဖြိုခွင်းနိုင်ဖို့ တရုတ်အစိုးရက အားထည့် လုပ်ဆောင်လာမှုတွေအကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

တရုတ်အစိုးရဟာ BGF နဲ့ EAOတွေက သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ တရုတ် ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက် လည်ပတ်ဖို့ ခွင့်ပြုပေးထားတာတွေကို ရပ်တန်းကရပ်စေဖို့ အပြင်းအထန် ဖိအားပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလုပ်ငန်းတွေမှာ အပြင်းအထန် ဖိနှိပ် ခိုင်းစေခံထားရတဲ့ တရုတ်နိုင်ငံသားတွေ အတော်များများကိုပါ ကယ်ထုတ်ခဲ့ပါတယ်။

ကျားဖြန့်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ ဖိဖိစီးစီး ကိုင်တွယ်လာမှုက မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းကိုပါ ဂယက်ရိုက်ခတ်စေခဲ့ပါတယ်။ ကိုးကန့်ရဲ့ မြန်မာ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)ဟာ တခြား EAOတွေနဲ့ ပူးပေါင်းပြီး အဲဒီ အခြေအနေကို ကောင်းကောင်း အသုံးချခဲ့ပါတယ်။ MNDAA နဲ့ မဟာမိတ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီနဲ့ နီးစပ်ပြီး ကိုးကန့်ဒေသမှာ ကျားဖြန့် ဒုစရိုက်ရာဇာတွေကို ပျော်ပျော်ကြီး လက်ခံထားတဲ့ ကိုးကန့် BGF အရေးနိမ့်သွားခဲ့ပါတယ်။

တရုတ် အစိုးရနဲ့ အရမ်းနီးစပ်တဲ့ MNDAAက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အောင်ပွဲတွေ ဖော်ဆောင်နိုင်တဲ့ ထိုးစစ်ကို ဆင်နွှဲခဲ့ခြင်းဟာ နောက်ထပ် လပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသ အသီးသီးမှာ EAOတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေကပါ စနစ်ကျတဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေ ဆင်နွှဲစေဖို့ သော့ချက် ဖြစ်လာစေပါတယ်။ အခုဆိုရင် စစ်ကောင်စီရဲ့ ရာနဲ့ချီ များပြားတဲ့ စစ်စခန်းတွေဟာ EAOတွေနဲ့ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်တာကို ခံခဲ့ရပါပြီ။

မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို အာဏာသိမ်း စစ်ကောင်စီက လက်လွှတ်လိုက်ရသလို မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တရုတ်၊ ထိုင်းတို့နဲ့ ထိစပ်နေတဲ့ ကုန်သွယ်ရေးဂိတ် တချို့လည်း EAOတွေ လက်ထဲကို ရောက်လာခဲ့ပါတယ်။

တရုတ်က ကိုးကန့်မှာ ကျားဖြန့်ဂိုဏ်းတွေနဲ့ အချိတ်အဆက် ရှိခဲ့တဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို အတော်လေး ပစ်မှတ်ထားနေတာ တွေ့ရပါတယ်။ ကိုးကန့်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေရဲ့ အဓိက ဦးစီးအရာရှိ BGF ခေါင်းဆောင်တွေကို တရုတ်က ဖမ်းဆီးခဲ့တဲ့နောက် သူတို့က ထွက်ဆိုခဲ့တဲ့ ကြံရာပါ မြန်မာ စစ်တပ် ထိပ်တန်း အရာရှိတွေကိုပါ ဖမ်းဆီး အရေးယူဖို့ တရုတ်က အာဏာသိမ်း စစ်တပ်ကို ဖိအားပေးလာခဲ့ပါတယ်။

ကရင်ပြည်နယ်ဖက်မှာလည်း ခြံနဲ့ဝင်းနဲ့ ခိုင်ခိုင်မာမာ အခြေစိုက် လှုပ်ရှားနေတဲ့ ကျားဖြန့် ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေ ခံထားရတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော် လွတ်မြောက်နိုင်ရေးအတွက် တရုတ် အာဏာပိုင်တွေက စစ်ကောင်စီရယ်၊ ထိုင်းအာဏာပိုင်တွေရယ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မှာလိုမျိုး ကျားဖြန့်ဂိုဏ်းတွေကို အမြစ်ကနေ ဖြိုနိုင်တဲ့ အဆင့်ထိတော့ တရုတ်က ကရင်ပြည်နယ်ထဲမှာ လှုပ်ရှားလို့ မရပါဘူး။ အခုအချိန်ထိ ကျားဖြန့် လုပ်ငန်းတွေရဲ့ ပင်မထောက်တိုင်ဖြစ်တဲ့ ကရင်BGFနဲ့ တခြား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တချို့ကို တရုတ်က ဖမ်းဝရမ်း မထုတ်သေးပါဘူး။

▪︎ထိုင်းနယ်စပ်က ဒုစရိုက်ဂိုဏ်းတွေနဲ့ နှိမ်နင်းနိုင်ဖို့ အဟန့်အတားများ

တရုတ်နယ်စပ်မှာ ကျားဖြန့် လုပ်ငန်းတွေ တစ်စခန်း ရပ်သွားခြင်းရဲ့ အကျိုးဆက်ကတော့ ထိုင်းနိုင်ငံနဲ့ နယ်စပ်၊ ကရင်ပြည်နယ် ပိုင်နက်ထဲမှာ နောက်ထပ် ကျားဖြန့်လုပ်ငန်း လည်ပတ်ရာ အခြေစိုက် ခြံဝင်းကြီးတွေ အလျှိုအလျှို ထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ကိုးကန့်မှာ အခြေစိုက်တဲ့ ကျားဖြန့် လုပ်ငန်း ခေါင်းဆောင်တွေကို ဖမ်းဆီးပေးဖို့ စစ်ကောင်စီကို နားပူနားဆာလုပ်ပြီး တင်းတင်းမာမာ တောင်းဆိုခဲ့တဲ့ တရုတ် အစိုးရဟာ စောချစ်သူ ဦးဆောင်တဲ့ ကရင်BGFနဲ့ ပတ်သက်ရင်တော့ ပိုပြီး သတိထားပြီး ခြေလှမ်းနေရပုံ ပေါ်ပါတယ်။ စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။

အရင် မြန်မာ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့အတူ ၂၀၁၀ ပြည့်နှစ်မှာ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တင်မတော် (DKBA)ဟာ ကရင်BGFနဲ့ ပူးပေါင်းခဲ့ပါတယ်။ အခုနှစ်ဆန်းပိုင်းမှာတော့ ကရင်BGFဟာ စစ်ကောင်စီရဲ့ ဩဇာခံအဖြစ် ဆက်မနေဘဲ သီးခြား ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အားပြိုင်မှုတွေမှာ ဘက်မလိုက် ရပ်တည်ချင်ပါတယ်လို့ အကြောင်းပြပြီး အာဏာသိမ်း စစ်တပ်နဲ့ ခွာပြဲဖို့ ကရင်BGFက ရွေးချယ်လိုက်တာပါ။ နောက်တော့ အဖွဲ့အစည်း နာမည်ကိုပါ ကရင်အမျိုးသား တပ်မတော် (KNA)လို့ ပြောင်းလဲလိုက်ပါတယ်။ ဒါပေမဲ့လည်း စောချစ်သူ ဆက်လက် ဦးဆောင်နေတဲ့ KNAဟာ စစ်ကောင်စီနဲ့ လုံးလုံးလျားလျား စိမ်းကား ပြတ်တောက်သွားပုံတော့ မပေါ်ပါဘူး။ မြင်သာတာ တစ်ခုကို ပြောရရင် မတ်လတုန်းက စစ်ကောင်စီနဲ့ ထိုင်းအစိုးရ ပူးပေါင်းပြီး နယ်စပ်ကနေ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပို့ဆောင်ရာမှာ BGF၊ တနည်းအားဖြင့် KNAက အတော်လေး ထဲထဲဝင်ဝင် ပံ့ပိုးပေးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အင်အားဆုတ်ယုတ်မှုကို တခြား EAOတွေနည်းတူ ကရင် အမျိုးသား အစည်းအရုံး (KNU)ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ကလည်း အခွင့်အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဧပြီလဆန်းမှာ KNLAဟာ မြဝတီမှာ ဖြန့်ကျက်ထားတဲ့ စစ်ကောင်စီ တပ်တွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ပါတော့တယ်။ ဧပြီလလယ်လောက်မှာတော့ KNLAဟာ မြဝတီမှာရှိတဲ့ စစ်ကောင်စီရဲ့ အဓိက တပ်ရင်းအခြေစိုက် စခန်းကို ထိန်းချုပ်ထားလိုက်နိုင်တယ်။ ပြီးတော့ မြို့နယ် အုပ်ချုပ်ရေး ယန္တရားနဲ့ နယ်စပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေ လည်ပတ်အောင် အကောင်အထည် ဖော်သွားမယ်လို့လည်း KNUက ဧပြီ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။

KNLAနဲ့ စစ်ကောင်စီတို့ မြဝတီမှာ ပွဲကြီးပွဲကောင်း ရင်ဆိုင်တိုက်နေတဲ့ အချိန်မှာ KNAက တိုက်ရိုက်ကျကျ ဝင်မပါခဲ့ပေမယ့် KNAကူမှ အထမြောက်မယ့် ထောက်ပံ့ပို့ဆောင်ရေးနဲ့ မဟာဗျူဟာရေးရာ အကူအညီတွေကို စစ်ကောင်စီဆီ ပံ့ပိုးတာမျိုး မရှိခဲ့တာကို တွေ့ရပါတယ်။ ဒီတော့ မြဝတီမှာ တန်ပြန်ထိုးစစ် အခင်းအကျင်းအတွက် စစ်ကောင်စီမှာ ကန့်သတ်ချက်တွေ ရင်ဆိုင်လာရပြီး လေကြောင်းကနေ ဗုံးကြဲတာတွေကို အဓိက လုပ်နေရပါတယ်။ KNAက စစ်ရှောင်တွေကို ကူညီတာမျိုး ကိစ္စတွေမှာ KNLAကို ကူညီတာတွေ ရှိခဲ့ပြီး KNLA ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို KNA စခန်းတွေထဲမှာ ထိန်းသိမ်းပေးထားတာမျိုး ကိစ္စတွေလည်း ရှိခဲ့ပြန်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် စောချစ်သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ သူ့ရဲ့ ဒုစရိုက် အင်ပါယာရဲ့ လုံခြုံရေး ပိုအားကောင်းဖို့၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား သွယ်တန်းမှုတို့လို အရေးပါတဲ့ အခြေခံ အဆောက်အအုံ အထောက်အပံ့တွေ ရရှိရေးကိုသာ ဦးစားပေး အာရုံစိုက်ထားမှာ ဖြစ်ပါတယ်။ ထိုင်းနဲ့ တရုတ် အစိုးရကတွေကလည်း လက်ရှိ အချိန်ထိ သူနဲ့ တခြား BGF (KNA) ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဗိုလ်မုတ်သုံ နဲ့ ဗိုလ်တင်ဝင်း ကို ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်ပါတယ်လို့ တိုက်ရိုက် စွပ်စွဲပြီး ဝရမ်းထုတ်တာမျိုး လုပ်လာနိုင်ခြေ မရှိသေးဘူး။ စစ်ကောင်စီ ကိုယ်တိုင်ကလည်း ခပ်ယဲ့ယဲ့ဖြစ်ပြီး မြဝတီမှာ ဩဇာမလွှမ်းမိုးနိုင်တော့တာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာလိုမျိုး တရုတ်က စစ်ကောင်စီကို ခိုင်းစေတာမျိုး လုပ်လို့လည်း မရတော့ပြန်ဘူး။

နောက်ပြီး ကရင်ပြည်နယ်က နောက်ခံအခြေအနေတွေကို ကြည့်မယ်ဆိုရင် အကျိုးစီးပွားဆိုင်ရာ အရှုပ်အထွေးတွေက တရုတ်နယ်စပ်တဝိုက်မှာနဲ့ ယှဉ်လိုက်ရင် ပိုများပြားပါတယ်။ တရုတ်နယ်စပ်မှာ ကျားဖြန့်လုပ်ငန်းတွေ ခြေကုပ်ယူနေချိန်တုန်းက အဲဒီ လုပ်ငန်းတွေကို တရုတ်စကားပြောတဲ့ တရုတ်နိုင်ငံသားတွေနဲ့ လက်နက်ကိုင် အင်အားစုတွေက အဓိက မောင်းနှင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ကရင်ပြည်နယ်ထဲက လုပ်ငန်းတွေကျတော့ ပြည်တွင်းပြည်ပက ကွဲပြားတဲ့ အချိတ်အဆက်တွေ ရှိနေပြီး တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူတွေ ဝင်ရောက် စီမံကိုင်တွယ်ဖို့ အကန့်အသတ်တွေက အများကြီး ပိုကြီးမားလာပါတယ်။ ဒီတော့ ထိုင်းနယ်စပ်မှာ ကျားဖြန့်နဲ့ တခြား ဒုစရိုက် လုပ်ငန်းတွေကို တရုတ်နိုင်ငံသားတွေရော၊ နယ်မြေခံ EAO ခေါင်းဆောင်တချို့ပါ တရိပ်ရိပ် ဆက်လက် ဖြန့်ကျက်နေဦးမှာ ဖြစ်ပါတယ်။ ။

(USIPက ဧပြီ ၂၂ ရက်မှာ​ဖော်ပြခဲ့တဲ့ China Forces Myanmar Scam Syndicates to Move to Thai Borderဆောင်းပါးကို ဘာသာပြန်ဆိုသည်)

(မြန်မာ-ထိုင်းနယ်စပ်တစ်​နေရာ ။ဓါတ်ပုံ-Adam Dean/The New York Times)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။