Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရက္ခိုင်ဒေသရှိ မည်သည့်လူမျိုးဘာသာခွဲခြားခြင်းမပြုဘဲ ကာကွယ်စောင့်ရှောက်မည်ဟု AA ရှင်းလင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

(ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းအနီးတွေ့ရသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
Rohingya Muslim men ride their bicycles pass a railway line near a refugee camp outside Sitttwe, Rakhine state November 7, 2015. Myanmar heads to the polls on Nov. 8. REUTERS/Sai Aung Min

▪️တကျော့ပြန်စစ်ပွဲအတွင်း စစ်ကောင်စီကမူဆလင်များထက် ရက္ခိုင်လူမျိုးများအား ပစ်မှတ် ထား တိုက်ခိုက်လျက်ရှိဟု ပြော

ရှိုင်း/People’s Spring

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)အစိုးရအဖွဲ့အနေဖြင့် အာရက္ခဒေသတွင်း မည်သည့် လူမျိုး၊ ဘာသာဝင် နောက်ခံရှိသည်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဘဲ ကာကွယ်စောင့်ရှောင်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကUN လူ့အခွင့်အရေးကော်မရှင်နာ၏ ပြောကြားချက်အား တုန့်ပြန်စဉ် သတင်းစကားပါးခြင်းဖြစ်သည်။

ဧပြီ ၁၉ရက်က ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ Volker Türk မှ ရက္ခိုင်ပြည် စစ်ရေး၊ နိုင်ငံရေးနှင့် အသိုင်းအဝိုင်းများကြား ဆက်ဆံရေး အခြေအနေများနှင့် ဆက်စပ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာတွင် ထုတ်ပြန်ချက်၌ ပါသည့် အချက်များ မှားယွင်းနေကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းခဲ့ပြီး ဘက်လိုက်သော စွပ်စွဲချက်များအပြင် အဖြစ်မှန်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းများ ရှိနေသည်ဟု ပြန်လည်ရှင်းလင်းသည်။

ရက္ခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင် ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသော ဆုံးရှုံးမှုကို ပေးဆပ်နေရပြီး၊ ‘မူဆလင်များသည် ပို၍အန္တရာယ်ကျရောက် နေသည်ဆိုသည့် အချက်တွင် ‘အဖွဲ့အစည်းများစွာ’ဟူသည်ကို ကော်မရှင်နာအနေဖြင့် ပို၍ ထင်ရှားစွာဖော်ပြရန် လိုအပ်ကြောင်း ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်စစ်ပွဲများတွင် AAနှင့် စစ်ကောင်စီတပ်တို့ကြားသာ ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မူများသည် ယခုအခါ စစ်ကောင်စီ၏ ပြဿနာဖန်တီးမှုကြောင့် မူဆလင်အဖွဲ့များဖြစ်သော ARSA (Arakan Rohingya Salvation Army), ARA (Arakan Rohingya Army), RSO (Rohingya Solidarity Organization) အပြင် တခြားသော မူဆလင်လက်နက်ကိုင်များ ခေါင်းထောင်ပေါ်ထွက်လာကြောင်း AA တာဝန်ရှိသူက ပြောသည်။ ထိုသို့ ပြောကြားရာ၌ အထက်ပါအဖွဲ့များကို အစွန်းရောက် အဖွဲ့များဟု ဖော်ပြထားသည်။

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

တဖက်တွင် စစ်ပွဲ၏ဒဏ်ကို ခံစားရသူများထဲတွင် မူဆလင်အသိုင်းအဝိုင်းကိုသာ ပိုအလေးပေးဖော်ပြထားခြင်းသည်လည်း တခြားသော ဒုက္ခခံစားနေကြရသူများအား လှစ်လျှူရှုရာ ရောက်ကြောင်း ထောက်ပြသည်။

ULA/AA၏ မှတ်တမ်းများအရ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က တကျော့ပြန်စစ်ပွဲများ စတင်သည်မှ မတ်လ ၂၁ရက်အထိ စစ်ပွဲကြောင့် သေဆုံးသူ ၁၇၉ဦး ၊ ဒဏ်ရာရာသူ ၄၆၈ ဦးတို့အနက်တွင် မူဆလင်အသိုင်းအဝိုင်းထဲမှ ၂၅ရာခိုင်နုန်းအောက်တွင်သာရှိပြီး၊ ရက္ခိုင်နှင့် တခြားလူမျိုးစုများမှ ၇၀ ရာခိုင်နုန်းအထက်ရှိသည်ဟု အသိပေးသည်။

ယင်းသည် စစ်ကောင်စီမှ မူဆလင်များထက် ရက္ခိုင်လူမျိုးများကို ဦးတည်တိုက်ခိုက်နေခြင်းကြောင်း ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

ထိုနည်းအတူပင် ‘၁၀၂၇ အော်ပရေးရှင်း’ စတင်သည်မှ ယခုဘူးသီးတောင်နယ်တိုက်ပွဲမပြင်းထန်မှီ အချိန် မတ်လ ၂၁ရက်အထိ တိုက်ပွဲများကြောင်းထွက်ပေါ်ခဲ့သော စစ်ဘေးဒုက္ခသည် (IDP) အရေအတွက် သုံးသိန်း (၃၀၀,၀၀၀)ကျော်တွင် မူဆလင် အရေအတွက် ၁၅ ရာခိုင်နန်းသာ ပါဝင်ပြီး ၈၅ ရာခိုင်နှန်းမှာ ရက္ခိုင်လူမျိုးများနှင့် မူဆလင်မဟုတ်သော ကျန်ဒေသခံလူမျိုးများသာဖြစ်ကြောင်း ဦးခိုင်သုခက ပြောကြားသည်။

ထို့ကြောင့် ကုလကော်မရှင်နာ၏ ထိုကဲ့သို့ ညွန်းဆိုချက်သည် မြေပြင်ပကဓိအခြေအနေ၊ အချက်အလက်များနှင့် လွဲချော်နေပြီး၊ တဖက်သက် ဘက်လိုက်မှုသာ ဖြစ်နေသည်ဟု ဦးခိုင်သုခက ပြောသည်။

“ပို၍ အခြေအနေဆိုးနေသည်မှာ မူဆလင်များအား ၂၀၁၇ တွင် အဖွဲ့အစည်းတစ်ခုတည်းမှသာ ဦးတည် တိုက်ခိုက်ပြီး၊ ယခုအချိန်တွင်တော့ မူဆလင်များအား သတ်ဖြတ်ခဲ့သော မှတ်တမ်းရှိသည့် လက်နက်ကိုင်အုပ်စုနှစ်ခုကြားတွင် ပိတ်မိနေပေသည်။ ကျနော်တို့အနေဖြင့် မူဆလင်များကို နောက်တစ်ကြိမ် ဦးတည် တိုက်ခိုက်မှုကို ခွင့်မပြုနိုင်ပေ” ဆိုသည့် ဖော်ပြချက်သည် AA ကို စစ်ကောင်စီ နှင့် ‘ကျင့်ဝတ်ဂုဏ်သိက္ခာအရ’ တစ်တန်းတည်းထား ပြောကြားခြင်းသည် လွန်စွာ လွဲမှားသော စဥ်းစားချက်ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ရက္ခိုင်လူမျိုးများအပါအဝင် ဒေသရှိ မူဆလင်များကို လူမျိုးရေး၊ ဘာသာရေးအရ ပစ်မှတ်ထားက အပြစ်မဲ့ပြည်သူများအား ရာထောင်ချီအောင် သတ်ဖြတ်ခဲ့သော အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့ သတ်ဖြတ်မှုများထဲတွင် ၂၀၁၇တွင် အဆိုးရွှားဆုံးဖြစ်ခဲ့ပြီး၊ ယနေ့တိုင် ‘နိုင်ငံတကာရာဇဝတ်ရုံး’ (ICJ) တွင် ‘လူမျိုးတုံးသတ်ဖြတ်မှု’ စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

လက်ရှိကာလတွင်လည်း ICJ မှ ချမှတ်ထားသော ‘ကြားဖြတ်အမိန့်များ’ (provisional measures) ကို လိုက်နာရန် ပျက်ကွက်နေသည့်အပြင် မူဆလင်များအား ပစ်မှတ်ထား သတ်ဖြတ်နေဆဲလည်းဖြစ်သည်သည်ဟု ထောက်ပြသည်။

တစ်ဖက်တွင် AAသည် ရက္ခိုင်ပြည်ရှိ လူမျိုး၊ ဘာသာ အုပ်စုတိုင်းကို အကာအကွယ်ပေးရန် ရပ်တည်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ မည်သည့် အပြစ်မဲ့ မူဆလင်အရပ်သားကိုမျှ ရည်ရွယ်ချက်ရှိရှိ ဦးတည်သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ဦးခိုင်သုခက ပြောကြားပြီး

နောက်နောင်တွင်လည်း မူဆလင်များအပါအဝင် ရက္ခိုင်ပြည်တွင်း ပြည်သူများအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်ဟု ထပ်လောင်း အသိပေးသည်။

ထို့အပြင် ကုလကော်မရှင်နာ၏ အထက်ပါ ပြောကြားချက်ထဲတွင် ARSA၊ARA၊ RSO ကဲ့သို့ အစွန်းရောက် မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ အပြစ်မဲ့ ရက္ခိုင်၊ မူဆလင်နှင့် လူနည်းစု ပြည်သူများအား သတ်ဖြတ်မူများ ဆက်တိုက်ကျူးလွန်နေသည်ကို ဖော်ပြမထားသည်မှာ အံ့ဩဖွယ်ဖြစ်သော လိုအပ်ချက်ဖြစ်သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

ရက္ခိုင်ပြည်မြောက်ဖက်၊ ဘူးသီးတောင်မြို့နယ် နှင့်မောင်တောမြို့နယ် ဆက်စပ်နယ်မြေတဝိုက်၏ လက်ရှိအခြေနေမှာ ARA၊ARSA၊ RSO တို့အပြင် တစ်ခြားသော ဒေသခံလက်နက်ကိုင် မူယစ်ဂိုဏ်များမှ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ အမြဲဖြစ်ပျက်နေပြီ ဒေသတွင်းတည်ငြိမ်မှုကိုခြိမ်းခြောက်လျှက်ရှိနေသည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။