Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဆုံးဖြတ်ချက်မှာ တရုတ်ရဲ့ထောက်ခံမှုလည်း အဓိက ပါတာပါပဲ။ တရုတ်ကလည်း ကျွန်တော်တို့ဘက် ရပ်လိုက်လို့ ရုရှားကလည်း မကန့်ကွက်တာပေါ့နော်”

သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ရရှိခြင်းနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကို People’s Spring – လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

NUGသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း
NUGသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း

NUGသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် Credentials Committee က လက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ အာဏာသိမ်းစစ်ကောင်စီအတွက် ကုလသမဂ္ဂမျက်နှာစာတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ချိုးဖောက်ကျူးလွန်မှုများကို ကမ္ဘာ့နိုင်ငံများသိရှိအောင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်မှ ဆက်လက်ပြောကြားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် ယခင်အတိုင်း ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ အသံကို နိုင်ငံတကာက ကြားအောင်၊ သိရှိအောင် ကုလသမဂ္ဂမှတဆင့် ဆက်လက်ပြောကြားသွားမည်ဟုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားသည်။ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ရရှိခြင်းနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကို People’s Spring – လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

လီလီယန်/People’s Spring

မေး – ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရတယ်လို့ Credentials Committee ရဲ့ဆုံးဖြတ်ချက်မှာ တွေ့ရတယ်။ သံအမတ်ကြီးကလည်း People’s Spring ကို အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားနဲ့မှတ်ချက် ပေးပါလား။

ဖြေ – ဒါကသတင်းကောင်းးတစ်ခုပါပဲ။ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျွန်တော်တို့ရဲ့ သံအမတ်၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရဖို့ Credentials Committee က အတည်ပြုတယ်ဆိုတာက အင်မတန်မှ ကောင်းတဲ့သတင်းတစ်ခုလို့ ပထမဆုံးပြောချင်ပါတယ်။ Credentials Committee ကနေ ကန့်ကွက်မယ့်သူမရှိ၊ မဲခွဲဆုံးဖြတ်တာတောင်မဟုတ်ဘူး။ အရင်အတိုင်းပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုတာ ဆက်လက်ထားရှိမယ်ဆိုတာမျိုး အတည်ပြုခဲ့တာပေါ။ အဲဒီမှာဆိုရင်လည်း အင်အားကြီးနိုင်ငံထဲက အမေရိကန်လိုမျိုး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံလိုမျိုး၊ ရုရှားလိုမျိုး တိုင်းပြည်တွေလည်းပါတယ်။ အဲဒီတိုင်းပြည်တွေ အကုန်လုံးက ဒီအတိုင်းပဲ ဆက်ရှိမယ်လို့ ဆုံးဖြတ်တာက အင်မတန်မှ ကောင်းမွန်တဲ့သတင်းကောင်းတစ်ခုပါ။ ရုရှားရော၊ တရုတ်ရောပါတာပေါ့နော်။ ဆုံးဖြတ်ချက်မှာ တရုတ်ရဲ့ထောက်ခံမှုလည်း အဓိက ပါတာပါပဲ။ တရုတ်ကလည်း ကျွန်တော်တို့ဘက် ရပ်လိုက်လို့ ရုရှားကလည်း မကန့်ကွက်တာပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေးအတွက်ဆိုရင်လည်း မြန်မာပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုပြီး ပြောနိုင်မယ့် သံအမတ်က ကုလသမဂ္ဂစင်မြင့်ပေါ်မှာ ဆက်လက်ပြီးတော့ ရှိနေတဲ့အတွက်ကြောင့် မြန်မာပြည်သူလူထုရဲ့အသံကို ပိုမိုပြီး ထိထိရောက်ရောက် ပြောကြားနိုင်မယ့် အနေအထားရှိပါတယ်လို့ သုံးသပ်ပြောကြားချင်ပါတယ်။

Public Service Announcement

Public Service Announcement

မေး – ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုက ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားခဲ့တယ််လို့ သိရတယ်။ ၂၀၂၁ မှာ မအောင်မြင်ခဲ့ဘူး။ ၂၀၂၂ မှာလည်း မအောင်မြင်ခဲ့ဘူး။ အခု ၂၀၂၃ မှာလည်း ဆက်လက်အရေးနိမ့်တယ်၊​ကျရှုံးတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ ဒါက မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်တဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ သဘောထားတွေ၊ မူဝါဒတွေကိုထင်ဟပ်ပြီး ပြောကြားနေတဲ့ သံအမတ်ကြီး ကိုယ်စားပြုခွင့်ရတာက စစ်အုပ်စုအတွက် ဘယ်လောက်အထိ ထိုးနှက်ချက်ဖြစ်သွားစေလဲ။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ – စစ်အုပ်စုက နိုင်ငံတကာမှာ ဖယ်ကြဥ်ခံနေရတာ ကြာပြီပေါ့။ ဒါက ဆက်လက်ပြီး ဖယ်ကြဥ်ခံထားရတာ။ သူတို့ သုံးနှစ်ဆက်တိုက်ကြိုးစားတယ်။ သူတို့ကိုယ်စားပြုခွင့်ရဖို့အတွက် သူတို့မအောင်မြင်ဘူး။ ကျွန်တော်တို့ရဲ့ သံအမတ်ကြီးပဲ ကိုယ်စားပြုခွင့်ရတယ်။ စစ်အုပ်စုအတွက်က ရှက်စရာကောင်းတဲ့အရှုံးတစ်ခုဖြစ်လာတာပေါ့။ စစ်အုပ်စုအတွက်ကတော့ မြန်မာနိုင်ငံမှာလည်း နေရာမရှိတော့ဘူး။ နိုင်ငံတကာမှာလည်း နေရာမရှိတော့ဘူး။ အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရဘူး။ အားလုံးလည်း မြန်မာပြည်သူတွေ သိတယ်။ သူတို့ဟာ တရားမဝင်အာဏာသိမ်းဖို့ ကြိုးစားတဲ့ အုပ်စုတစ်ခု၊​လက်နက်ကိုင်အုပ်စုတစ်ခုသာဖြစ်တယ်။ အဲဒါကို နိုင်ငံတကာကလည်း၊ ကမ္ဘာ့ကုလသမဂ္ဂလို နိုင်ငံတကာစင်မြင့်မှာ အမြင့်မားဆုံး ကုလသဂ္ဂအဖွဲ့ကြီးကလည်း မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးဘူးဆိုတာ သူတို့အတွက် အင်မတန်မှ အရှက်ရစရာ၊ ထိခိုက်စရာဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ အခွင့်ရတိုင်း ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတာကိုပဲ သူတို့ပဲ အသိအမှတ်ပြုခံရတယ်ဆိုတာမျိုး ပြပြပြီး ပြောနေတယ်။ အဲဒါဟာ ရှင်းရှင်းပြောရရင် ရှက်စရာကောင်းနေပြီ။ ကုလသမဂ္ဂကိုယ်စားလှယ်တွေက သူတို့နဲ့တွေ့တယ်၊ ဆွေးနွေးတယ်ဆိုတာက မြန်မာနိုင်ငံ ထဲမှာ humanitatrian assistance လိုမျိုးပေးဖို့၊ သူတို့နဲ့တွေ့တာရှိတယ်။ အဲဒါကိုပဲ သူတို့ကို အသိအမှတ်ပြုသယောင်ယောင်နဲ့ သူတို့က လုပ်တာ။ အဲဒါ လုံးဝမဟုတ်ဘူးဆိုတာ ဒီဆုံးဖြတ်ချက် ပြသလိုက်တာပဲ။ သူတို့ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်ဘူး။

မေး – ပြည်တွင်းမှာဆိုလည်း လက်ရှိမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေ ၊ စစ်ဆင်ရေးတွေကြောင့် ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီစခန်းပေါင်း ရာနှင့်ချီဆုံးရှုံးတယ်။ မြန်မာနိုင်ငံတဝှမ်းမှာလည်း ပြည်တွင်း စစ်မျက်နှာမှာ စစ်အုပ်စုက အရေးနိမ့်ကျရှုံးနေတာ တွေ့ရတယ်။ အခုလိုအချိန်မှာ ကုလသမဂ္ဂမှာ၊ နိုင်ငံတကာ မျက်နှာစာမှာ ထပ်ပြီးတော့ ကျရှုံးမှု တစ်ခု၊ ဆုံးရှုံးမှုတစ်ခုပေါ့။ ဒီအပေါ်မှာရော NUG အနေနဲ့ ဘာများ ပြောကြားလိုပါလဲ။

ဖြေ – ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီနဲ့ ထိုးစစ်တွေ ဆင်နွှဲပြီးတော့ အောင်ပွဲတွေ ဆင်နေကြတယ်။ စစ်အုပ်စုရဲ့ဗျူဟာအခြေစိုက် စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၃၀၀ ကျော်ကို အချိန်ကာလ တစ်လကျော်ကျော် နှစ်လအတွင်းမှာ သိမ်းတယ်။ မြို့တွေ သိမ်းတယ်။ ရွာတွေ သိမ်းတယ်။ ဗျူဟာမြောက်တဲ့ မြို့တွေ သိမ်းတယ်။ အဲဒီလို အချိန်မှာ ကုလသမဂ္ဂကလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲနဲ့ ကျွန်တော်တို့ သံအမတ်ကြီး၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုလိုက်တာက အင်မတန်မှ ကောင်းမွန်တဲ့ လက္ခဏာ၊ စစ်အုပ်စုအတွက် အင်မတန်မှ ဆိုးရွားတဲ့ လက္ခဏာ၊ တော်လှန်ရေး အင်အားစုတွေအတွက် မင်္ဂလာရှိတဲ့ သတင်းလေးပေါ့။ အဲဒီတော့ ဒီဟာက ဒီအချိန်မှာ တော်လှန်ရေး စစ်ရေးကဏ္ဍမှာ အရှိန်အဟုန်တွေမြှင့်တင်ပြီးတဲ့အချိန်မှာ အရေးကြီးတဲ့ အချိန်မှာ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ မြန်မာပြည်သူလူထုတွေရဲ့ တော်လှန်ရေး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ အခုအချိန်မှာဆိုရင် စစ်အုပ်စုက သူတို့ ခံနေရတာနဲ့ လူတွေကို သတ်တာ ပိုများတယ်။ လေကြောင်းက တိုက်တယ်။ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ရွာတွေ မြို့တွေကို မီးရှို့တယ်။ ဒီတစ်လကျော်ကာလအတွင်းမှာ စစ်ရှောင်ဒုက္ခသည် ၅ သိန်းကျော် တိုးလာတယ်။ နောက်ပြီးတော့ တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ ဓာတုလက်နက်တွေ သုံးလာတဲ့ အထောက်အထားတွေလည်း တွေ့ရတယ်။ ကလက်စတာဗုံးလို့ခေါ်တဲ့ ပိတ်ပင်တားမြစ်ထားတဲ့ ဗုံးတွေ သုံးပြီး လူအမြောက်အများ၊​အရပ်သားအမြောက်အများ သေကြေအောင် လုပ်တာတွေ ၊ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေကို သတ်တာတွေ တွေ့ရတယ်။ အဲဒီအချိန်မှာ သံအမတ်ကြီးအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂမျက်နှာစာမှာ ဒီအဖြစ်မှန်တွေကို တစ်ကမ္ဘာလုံးက သိအောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေ သိအောင် ပြောပြခွင့်ရနိုင်တယ် ဆိုတာ တော်လှန်ရေးအတွက် အင်မတန်မှ ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ပြောကြားချင်ပါတယ်။ စစ်အုပ်စုအတွက်ကတော့ ဘယ်လိုမှ အဖက်ဆယ်လို့ မရတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။

မေး – ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ပြီးတော့ ကိုယ်စားပြုခွင့်ရဖို့အတွက် ပြည်ပရောက်မြန်မာတွေရော၊ ပြည်တွင်းက သပိတ်အင်အားစုတွေ၊ ပြည်သူတွေက ‘ငါတို့ သံအမတ်၊ ငါတို့ အသံ’ လှုပ်ရှားမှုတွေ၊​ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ဒါတွေက အခုလို သံအမတ်ကြီး ဆက်လက်ရရှိရေးအတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းစေခဲ့သလဲ။ ပါဝင်ခဲ့တဲ့ မြန်မာပြည်သူတွေကို ဘာများ သတင်းစကားပါးလိုပါလဲ။

ဖြေ – ဒါက အင်မတန်အရေးကြီးဆုံးအချက်ပါ။ သံအမတ်ကြီးဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံပြည်သူလူထုကို ကိုယ်စားပြုတယ်။ မြန်မာပြည်သူလူထုရဲ့ အသံဟာ အင်မတန်အရေးကြီးပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သံအမတ်ကြီးရဲ့ credentials campaign မှာ တခဲနက် ဦးကျော်မိုးထွန်းသည်သာ ကျွန်တော်တို့၊ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို အတိအလင်းပြောကြားတာ၊ အဲဒါဟာာ အင်မတန်မှ အရေးကြီးတဲ့အချက်ပါ။ အဲဒီအသံတွေက ဒီဆုံးဖြတ်ချက်တွေ အပေါ်မှာ ရောင်ပြန်ဟပ်စေပါတယ်။ ကျွန်တော်တို့ အမြဲပြောပါတယ်။ တိုင်းရင်းသားပြည်သူလူထုတွေရဲ့ အင်အားသည်သာ အဓိကဖြစ်တယ်။ အခုနိုင်ငံတကာမျက်နှာစာမှာရော၊ စစ်ရေးမျက်နှာစာမှာရော၊ ဒီပြည်သူလူထုရဲ့ အင်အားတွေကြောင့် အောင်ပွဲတွေရနေတာ။ အောင်ပွဲတွေ ဆက်လက်ခံပြီးတော့၊ ပိုမိုကြီးမားတဲ့ အောင်ပွဲတွေ ရပြီးတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက်ကလည်း မြန်မာပြည်သူလူထုရဲ့ အင်အားနဲ့ အမြစ်ဖြုတ်နိုင်မှာ။ အဲဒီကာလသည်လည်း ပြည်သူလူထုရဲ့ ညီညွတ်မှု အင်အား၊ ဟန်ချက်ညီညီနဲ့ဆောင်ရွက်မှုကြောင့် အချိန်တိုတိုအတွင်းမှာ ဖြစ်ရပါလိမ့်မယ်လို့ ပြောကြားချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။