close
Connect with us

Hi, what are you looking for?

ဆောင်းပါး

သာယာဝတီထောင်ငရဲခန်းမှ လွတ်မြောက်လာတဲ့ PDF တဦး

အထက်အညာမှာအာဏာရှင်တော်လှန်ရေးအတွက်လက်နက်ကိုင်တော်လှန်ခဲ့တဲ့​ဒေသကာကွယ်​ရေးရဲ​ဘော်(LDF)တဦးဟာ တော်လှန်ရေးတာဝန်တစ်ခုနဲ့ ပြည်နယ်တစ်ခုကို သွားရင်းစစ်ကောင်စီရဲ့ဖမ်းဆီးမှုခံလိုက်ရပါတယ်။ဒီဆောင်းပါးဟာသူဖြတ်သန်းခဲ့ရတဲ့ အကျဥ်းထောင်အတွင်းကညှင်းပန်းနှိပ်စက်မှုတွေအကြောင်းဖြစ်ပါတယ်။

သာယာဝတီအကျဥ်းထောင်ရှေ့တနေရာအား အာဏာမသိမ်းမီကာလက တွေ့ရစဥ်။ ဓာတ်ပုံ-CJ

Scorpio/People’s Spring

အထက်အညာမှာအာဏာရှင်တော်လှန်ရေးအတွက်လက်နက်ကိုင်တော်လှန်ခဲ့တဲ့​ဒေသကာကွယ်​ရေးရဲ​ဘော်(LDF)တဦးဟာ တော်လှန်ရေးတာဝန်တစ်ခုနဲ့ ပြည်နယ်တစ်ခုကို သွားရင်းစစ်ကောင်စီရဲ့ဖမ်းဆီးမှုခံလိုက်ရပါတယ်။ဒီဆောင်းပါးဟာသူဖြတ်သန်းခဲ့ရတဲ့ အကျဥ်းထောင်အတွင်းကညှင်းပန်းနှိပ်စက်မှုတွေအကြောင်းဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ကိုအောင်(အမည်လွှဲ)ဟာ အညာက တော်လှန်ရေးရဲဘော်တစ်ဦးပါ။ သူဟာ အညာက Local အဖွဲ့တစ်ဖွဲ့ရဲ့တာဝန်ကို ထမ်းဆောင်ရင်း ၂၀၂၂ ခုနှစ်ထဲမှာ ကရင်ပြည်နယ်ထဲသွားတဲ့အချိန် စစ်ကောင်စီဂိတ်တစ်ခုမှာဖမ်းဆီး ခံလိုက်ရပါတယ်။ နာမည်နဲ့ လိပ်စာနဲ့အတိအကျ ဖမ်းဆီးခံလိုက်ရတာလို့ သူက ပြောပြတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)နဲ့ ထောင်လေးနှစ် အချခံလိုက်ရတယ်။

သူ့ကို ဘားအံထောင်ကိုပို့တယ်။ ဘားအံထောင်မှာ ထောင်တွင်းလှုပ်ရှားမှုတွေပါဝင်တယ်ဆိုပြီး ကျိုက်မရောအကျဥ်းထောင်ကိုထပ်ပြောင်းတယ်။

Public Service Announcement

Public Service Announcement

ကျိုက်မရောမှာလည်းထောင်တွင်းလှုပ်ရှားမှုတွေ ထပ်ပါလို့ဆိုပြီး နာမည်ကျော် သာယာဝတီအကျဥ်းထောင်ကို ထပ်ပို့လိုက်တယ်။

ဘားအံ နဲ့ ကျိုက်မရောမှာတော့ သူ့အတွက်သိပ်မထူးဆန်းခဲ့ဘူး။သာယာဝတီထောင်မှာတော့ လူ့အခွင့်အရေး၊ အကျဥ်းသားအခွင့်အရေးတွေ အများကြီး ချိုးဖောက်ခံလိုက်ရတယ်လို့ ကိုအောင်က ပြောပါတယ်။

သာယာဝတီထောင်ကထောင်ဘူးဝရောက်တာနဲ့တင်ဘာမှ မမေးမမြန်းတော့ဘဲ ထောင်ပြောင်းလာတဲ့ ကိုအောင်တို့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ အခြားအကျဥ်းသားတွေကိုပါ ထောင်အာဏာပိုင်တွေက အုပ်စုလိုက် ဝိုင်းရိုက်ကြပါတော့တ​ယ်။

“ထောင်ပြောင်းဆိုရင် နာမည်၊ မှတ်ချက်ပါမယ်။ အကုန်လုံး သိမ်းကျုံးရိုက်တယ်။မှတ်ချက်ပါတဲ့သူကို အဓိကထားပြီး တစ်ခါထပ်ရိုက်တယ်။ ညှင်းပန်းတယ်။”လို့ ကိုအောင်က ပြောပြတယ်။

သာယာဝတီထောင်ဟာ ထောင်ဘူးဝမှာတင် ကိုအောင်တို့ကို ကြမ်းကြမ်းတမ်းတမ်း ကြိုဆိုခဲ့တယ်။

“နွားရိုက်တဲ့ကြိမ်လုံးက သေးသေးတယ်။ အဲထက်ကြီးသေးတယ်။”လို့ကိုအောင်ကပြောပြတယ်။

ရိုက်ပြီးရုံတင် အားမရသေးပါဘူး။ ထောင်ပြောင်းအကျဥ်းသားတွေကို ခြေကျင်းခတ်တယ်။ ဒေါက်ထည့်တယ်။ ဒေါက်ထည့်တယ်ဆိုတာအကျဉ်းသားရဲ့ ခြေကျင်းဝတ်နေရာက သံကွင်းနှစ်ခုကို တစ်ပေခန့် ရှည်တဲ့ သံချောင်းနဲ့ ကန့်လန့်ဆက်လိုက်တာပါ။ ဒေါက်ခတ်ခံထားရတဲ့ အကျဥ်းသားဟာလမ်းလျှောက်ဖို့တောင်ခက်ခဲသွားတော့တယ်။ ဒီလောက်နဲ့မပြီးသေးပါဘူး။ပုံစံမောင်းတာလာပါပြီ။

ပုံစံမောင်းတယ်ဆိုတာဘယ်လိုမျိုးလဲ။ ထောင်ဝန်ထမ်းတွေနဲ့ ဆက်ဆံတဲ့အခါ ဘယ်လိုနေရမယ်ထိုင်ရမယ်ဆိုတာကို သင်တာပါ။ ဒါကို ရိုးရိုးမသင်ပါဘူး။ ကိုအောင်တို့လို ထောင်ပြောင်း နိုင်ငံရေးအကျဥ်းသားတွေကိုကွင်းပြင်ထဲနေပူထဲမှာခြေကျင်းခတ်ထားတယ်။ မှတ်ချက်ပါတဲ့သူတွေဆိုရင် သံခြေကျင်းအပြင် ဒေါက်ထည့်တယ်။ ဒေါက်ထည့်ပြီး နောက်ကနေ ကြိမ်နဲ့ ရိုက်ပြီးတော့ အဲပုံစံတွေ လိုက်ဆိုခိုင်းတာလို့ ကိုအောင်က ပြောတယ်။

သူတို့လုပ်ခိုင်းတာ တော်တော်လေးထိရောက်တယ်။ အကျဥ်းသားတွေဟာပုံစံမောင်းတာကိုလန့်သွားကြတယ်။ ထမင်းက မနပ်လို့ပြောရင်ပြောတဲ့သူကို မှတ်သွားတယ်။ ပြီးရင်လာခေါ်သွားတယ်။ ခြေကျင်းခတ်တယ်။ ဒေါက်ထည့်တယ်။ ပုံစံထပ်မောင်းတယ်လို့ ကိုအောင်က ပြောပြတယ်။

“နောက်တခါမလုပ်ရဲအောင်ပေါ့။ ပုံစံမောင်းတာကတော့ သာယာဝတီထောင်မှာ အဆိုးဆုံးပဲ”လို့ သူက အ​တွေ့အကြုံကို​ပြောပါတယ်။

အဲဒီလို ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် မေလတုန်းကလည်း အင်းစိန်ထောင်ကနေ သာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းဆိုသူလည်း ထောင်အတွင်း ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန်ခဲ့ရဖူးတယ်။

သာယာဝတီထောင်မှနောက်ထပ်ဆိုးရွားတာကတော့ ထောင်အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ကျူးလွန်မှုတွေပါ။ အဆိုးရွားဆုံး ပြစ်မှုတစ်ခုကတော့ သူမေ့မရဘူး။ ၂၀၂၅ ခုနှစ် အစောပိုင်းလထဲလောက်ကဖြစ်မယ်။ထောင်တွင်းမှာအခြားပြစ်မှုကျူးလွန်

တဲ့ အကျဥ်းသားအချင်းချင်း ရန်ဖြစ်ကြတယ်။ တန်းစီးချုပ်ကို မကျေနပ်လို့အခြားအကျဥ်းသားတစ်ယောက်ကတစ်လက်မလောက်ရှိမယ့် ဓါးနဲ့ သတ်ဖို့ကြိုးစားတာ။ တန်းစီးချုပ်ကတော့ ဆေးရုံရောက်သွားတယ်။ မသေဘူး။ သတ်ဖို့ကြိုးစားတဲ့သူကို ထောင်အာဏာပိုင်တွေက လက်ထိပ်ခတ်ခေါ်သွားတယ်။ မကြာခင် သတင်းကြားရတယ်။ ခေါ်ခံရတဲ့တစ်ယောက် သေပြီတဲ့။ ထောင်အာဏာပိုင်တွေက သတ်ဖြတ်လိုက်တာဖြစ်ကြောင်း ကိုအောင်က ပြောတယ်။

“ထောင်ပိုင်လေးလို့ခေါ်တဲ့ ဒုထောင်ပိုင်တောင် ပါပြီး ဝိုင်းပြီးတော့ ရိုက်သတ်လိုက်တယ်။”လို့ သူက ဆိုတယ်။

အကျဥ်းဦးစီးဝန်ထမ်းတွေဟာစစ်ကောင်စီရဲ့အမိန့်အတိုင်းနိုင်ငံရေးအကျဥ်းသားတွေအပေါ်မှာလည်း ညှင်းပန်းနှိပ်စက်မှုတွေလုပ်တယ်။တိုက်ပိတ်တယ်။

ဒီနှစ် ဇန်နဝါရီလတုန်းကလည်းသာယာဝတီထောင်မှာ လက်နက်ပုဒ်မ ၂၃ (က)နဲ့ ထောင်ဒဏ်(၃)နှစ် ချမှတ်ခံထားရတဲ့ အသက်(၃၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် (ခ) ကိုကုလားကြီးဆိုသူ သေဆုံးခဲ့ပြန်တယ်။ ထောင်အာဏာပိုင်တွေက အသိပေးတာကတော့ ကိုသူရအောင်ဟာ ရုတ်တရက် နှလုံးထဖောက်ပြီး သေဆုံးတာတဲ့။ ကိုသူရအောင်ဟာ ဖမ်းဆီးခံရချိန်တုန်းက ကျန်းမာသန်စွမ်းတဲ့အပြင် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါလည်း မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ခဲ့တယ်။

“အကျဥ်းဦးစီးကဝန်ထမ်းတွေကတော့ သက်သက်ညှာညှာမစဥ်းစားဘူးဆိုရင်၊ ကျွန်တော့်မှာသာ ဆင်ခြင်တုံတရားမရှိဘူးဆိုရင် အကုန်သတ်ပစ်ရမယ့်ကောင်တွေ။ လူ့အဖွဲ့အစည်းမှာ ထားသင့်တဲ့သူတွေ မဟုတ်ဘူး။ “လို့ သူက ပြောတယ်။

ထောင်အာဏာပိုင်တွေတင်ဆိုးတာ မဟုတ်သေးဘူး။ အကျဥ်းဦးစီးက အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ်တွေအကြောင်းကိုလည်း ကိုအောင်က အခုလိုပဲ ဆက်ပြောပြတယ်။

အာဏာပိုင်တွေနည်းတူအကျဥ်းသားတွေအပေါ်အဆိုးရွားဆုံးနှိပ်စက်နေတာကတော့တန်းစီးပါ။ အဲဒီတန်းစီးဟာသေဒဏ်ချခံထားရသူဖြစ်ပြီးအင်းစိန်ထောင်ကနေ သာယာဝတီထောင်ကိုပြောင်းလာတဲ့သူပါ။တန်းစီးနာမည်ကပြူးကြီးတဲ့။

ပြူးကြီးဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်လောက်က သာယာဝတီထောင်မှာ တတိုက်ထဲနေတဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို မုဒိမ်းကျင့်ခဲ့ပါတယ်။ မုဒိမ်းကျင့်တာကို ငြင်းဆန်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားကို ကျောက်ခဲနဲ့ ရိုက်နှက်လို့ ဦးခေါင်းကွဲခဲ့တာကြောင့် အကျဉ်းထောင်ဆေးရုံမှာ ဒဏ်ရာကို ချုပ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM) က ထုတ်ပြန်ဖူးပါတယ်။

အဲဒီလို မုဒိမ်းကောင်က ကိုအောင်တို့လို နိုင်ငံရေးအကျဥ်းသားတွေကို ပုံစံမောင်းနေသူတစ်ယောက် ဖြစ်ခဲ့တယ်။

နောက်တစ်ယောက်ကတော့ ညီညီနိုင်ပါ။ အဖေနာမည်ကတော့ ဦးမောင်နိုင်လို့ ပြောတယ်။ သူလည်း ပြူးကြီးလိုပဲ ပုံစံမောင်းတယ်။ နှိပ်စက်မှုတွေမှာ ထိပ်ဆုံးက ပါနေတယ်လို့ ကိုအောင်က ပြောတယ်။

နောက်တစ်ယောက်က ကိုလတ်(ခ) ကျော်ဇင်ဦး။ သူ့အဖေကဦးမြင့်ကျော်။ သူလည်းတန်းစီးပဲ။ သူကတော့ ထောင်အာဏာပိုင်တွေအတွက် အကျဥ်းသားတွေဆီကနေ ငွေကြေးအတင်းအဓမ္မ ကောက်ခံပေးတယ်။မထည့်နိုင်ဘူးဆိုရင်အမျိုးမျိုးချောက်ချတယ်။

“သူချောက်ချလိုက်လို့ ငွေ​ကြေးကောက်ခံတာကို ဆန့်ကျင်တဲ့ နိုင်ငံရေးအကျဥ်းသားနှစ်ယောက် တိုက်ပိတ်ခံရတာမျိုးတွေထိ ဖြစ်ဖူးတယ်။”လို့ သူက ပြောပြတယ်။

နောက်ထပ်တစ်ယောက်က မုဒိမ်းမှုနဲ့ရောက်နေတဲ့ ပန်းချီ(ခ)သန်းဇော်မြင့်။သူကလည်းငွေကြေးကောက်ခံတဲ့နေရာမှာ နာမည်ကြီးတယ်။ နောက်ဆုံးတယောက်က သာဂိ(ခ)ဇွဲဆုအောင်။ သူကတော့ စည်းကမ်းထိန်း။ သူတို့ကတော့ သာယာဝတီထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ်တွေဖြစ်တယ်လို့ ကိုအောင်က ပြောတယ်။

ကိုအောင်အပါအဝင် ထောင်ပြောင်းနိုင်ကျဥ်းတွေနဲ့ အကျဥ်းသားတွေဟာ ထောင်အာဏာပိုင်တွေနဲ့ သူတို့ရဲ့ လက်ကိုင်တုတ်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ အများကြီး ခံခဲ့ရတယ်။ တရားမဝင်ပစ္စည်းရှာတယ်ဆိုပြီး စအိုကို နှိုက်ပြီးရှာတာတွေ၊ ခြေကျင်းခတ်ရက်နဲ့ လိုက်ရိုက်တာတွေ၊တိုက်ပိတ်တာတွေ အများကြီး နှိပ်စက်ခံခဲ့ရတယ်လို့သူကပြောတယ်။

“နိုင်ငံရေးအကျဥ်းသားတစ်ယောက်ဆိုနားတစ်ဖက်ပါ လုံးဝမကြားရတော့ဘူး”လို့ သူက ပြောတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကဆိုရင် သာယာဝတီထောင်မှာ အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်သူထက်ဆိုသူကို ထောင်အာဏာပိုင်တွေက ရန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရိုက်နှက်ခဲ့ပါတယ်။ ကိုအောင်သူထက်ဟ ပုခုံးအဆစ်ပြုတ်တဲ့အထိ အရိုက်ခံလိုက်ရပြီး တိုက်ပါအပိတ်ခံလိုက်ရတယ်လို့ PPNM အဖွဲ့က ပြောပါတယ်။

သာယာဝတီထောင်မှာ အမျိုးသားအကျဥ်းသားတွေတင် ဖိနှိပ်တာမဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ကဆိုရင် ဖဲကြိုးအနက်ရောင် ရင်ဘတ်မှာ တပ်ဆင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို တိုက်ပိတ်ခဲ့ပါသေးတယ်။

သာယာဝတီထောင်ဟာ ထောင်အာဏာပိုင်တွေ၊ လက်ကိုင်တုတ်တွေတင်ဆိုးတာမဟုတ်ဘဲထောင်တစ်ခုမှရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးနေတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကဆိုရင် သာယာဝတီထောင်ထဲမှာ အစားအသောက်နဲ့သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွါးခဲ့ပြီး လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တယ်လို့ အကျဥ်းသားတွေကို ကူညီနေသူတွေက ပြောပါတယ်။

အဲဒီလို ဆိုးရွားလှတဲ့ သာယာဝတီ အကျဥ်းထောင်ထဲကနေ ကိုအောင်တစ်ယောက်၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှာ လွတ်လာခဲ့တယ်။ ဒါပေမယ့် သာယာဝတီထောင်ထဲမှာ ကိုအောင့်လို နိုင်ငံရေးအကျဥ်းသား တစ်ထောင်နီးပါး ကျန်နေသေးတယ်လို့ သိရတယ်။

ကိုအောင့် ကျောမှာ သာယာဝတီထောင်ရဲ့လက်ဆောင် ကြိမ်နဲ့ရိုက်တဲ့ဒဏ်ရာတွေ အများအပြား ပါလာခဲ့တယ်။ အခုတော့ ပျောက်တော့ပျောက်ပါပြီလို့ သူက ပြောတယ်။ ဒါပေမယ့် ကိုအောင့် ရင်ထဲက ဒဏ်ရာကတော့ ပျောက်ပုံမရဘူး။ဒါကြောင့်ကိုအောင်ဟာ အာဏာရှင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်သွားမယ်လို့ ပြောပြပါတယ်။

“တနည်းနည်းနဲ့တော့ ကျွန်တော်ဆက်သွားနေမှာပါ”လို့ ကိုအောင်က ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်​ရေးအစိုးရ ယာယီသမ္မတနှင့် ပြည်​ထောင်စုဝန်ကြီးများ ​မြေပြင်သို့ကွင်းဆင်းပြီး​ပြည်သူများ ၊ ​တော်လှန်​ရေးရဲ​ဘော်များနှင့်​တွေ့ဆုံခဲ့သည်။

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသရဲ စခန်းကို ကာကွယ်ရေးတပ်များက ယ​နေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၇)မှာ စစ်အာဏာရှင်စနစ်ကို ဖီဆန်အုံကြွ တော်လှန်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာဆိုင်ကယ်နဲ့ထွက်လာတဲ့စစ်သားတွေတိုက်ခိုက်ခံရပြီး ၄ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းခံလိုက်ရပါတယ်။

Facebook