close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံထဲက အလွန်အကျွံ သတ္တုတူးဖော်မှုတွေကြောင့် လာအိုနိုင်ငံထဲက မဲခေါင်မြစ်ထဲမှာ ငါးသယံဇာတ လျော့ကျ

မြန်မာနိုင်ငံဖက်ခြမ်းက လွန်လွန်ကဲကဲ သတ္တုတူးဖော် ထုတ်လုပ်မှုတွေကြောင့် မဲခေါင်မြစ်ရေ ညစ်နွမ်းပြီး ငါးသယံဇာတ အရမ်းလျော့သွားကြောင်း လာအိုနိုင်ငံရဲ့ ရေလုပ်သားတွေက ပြောပါတယ်။

Photo: Sayan Chuenudomsavad

မြန်မာနိုင်ငံဖက်ခြမ်းက လွန်လွန်ကဲကဲ သတ္တုတူးဖော် ထုတ်လုပ်မှုတွေကြောင့် မဲခေါင်မြစ်ရေ ညစ်နွမ်းပြီး ငါးသယံဇာတ အရမ်းလျော့သွားကြောင်း လာအိုနိုင်ငံရဲ့ ရေလုပ်သားတွေက ပြောပါတယ်။

ကုန်းပိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ လာအိုဟာ ငါးသယံဇာတအတွက် မဲခေါင်မြစ်ကို ကြီးကြီးမားမား မှီခိုနေရပေမယ့် အခုတော့ အခက်ကြုံလာတာ ဖြစ်ပါတယ်။ အာရှတိုက်မှာ တတိယ အရှည်ဆုံး မြစ်ဖြစ်တဲ့ မဲခေါင်ဟာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကို ဖြတ်သန်း စီးဆင်းပါတယ်။

လာအိုနိုင်ငံ၊ ဘိုကဲရို ပြည်နယ်ထဲက အသက် ၅၂ နှစ်အရွယ် တံငါသည် ခွန်ဟာ သူ့ဘဝ တလျှောက်လုံး ငါးအရ အနည်းဆုံး ကာလတွေကို ဖြတ်သန်းနေရပါတယ်။ မဲခေါင်မြစ်ဟာ အရင်က ငါးတွေ အရမ်းပေါများခဲ့ပေမယ့် အခုတော့ တချို့နေ့တွေဆိုရင် ငါးတစ်ကောင်မှ မရဘဲ အိမ်ပြန်ရတာမျိုးတွေတောင် ကြုံနေရတယ်လို့ ခွန်က ပြောပါတယ်။

မြစ်ရေကလည်း အရမ်းညစ်ညမ်း နောက်ကျိနေကြောင်း၊ မြစ်အထက်ပိုင်း မြန်မာနိုင်ငံကနေ ပါလာတဲ့ အဆိပ်အတောက်တွေဟာ မြစ်အောက်ပိုင်းကို ရောက်ရှိလာကြောင်း သူက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတွေရော၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေကပါ မဲခေါင်မြစ် အခြေအနေ ဆိုးရွားလာခြင်းဟာ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်ထဲမှာ အထိန်းအကွပ်မဲ့ ရွှေတူးမှုတွေကြောင့်လို့ စွပ်စွဲကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)နဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)တို့ ထိန်းချုပ်ထားရာ နယ်မြေတွေမှာ မဲခေါင်မြစ်တလျှောက် ရွှေသတ္တု မိုင်းတွင်းတွေသာ မကဘဲ မြေရှားသတ္တုတွေပါ တူးဖော်နေတယ်လို့ ယုံကြည်ရပါတယ်။

အဲဒီ သတ္တုမိုင်းတွင်းတွေဟာ အာဆင်းနစ်၊ ခဲနဲ့ နစ်ကယ်လို အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို မဲခေါင်မြစ် အောက်ဖက်ဆီ မျောပါစေပါတယ်။ ထိုင်းအစိုးရရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနက မဲခေါင်မြစ်ရဲ့ တချို့အပိုင်းတွေမှာ မြစ်ရေထဲ အာဆင်းနစ်ဓာတ် ပါဝင်မှုဟာ ဘေးကင်းတဲ့ အဆင့်ထက် လွန်ကဲ မြင့်တက်နေတယ်လို့ သတိပေးထားပါတယ်။ ပြီးတော့ လာအိုနိုင်ငံ မြောက်ပိုင်းက မြစ်အစိတ်အပိုင်းထဲမှာလည်း ငါးတွေ အရမ်းလျော့သွားပါတယ်။

မြစ်ရေ ညစ်ညမ်းမှုဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ခေါင်းစဉ်အောက်ကပဲ အာရုံစိုက် ချဉ်းကပ်တာ ခံနေရပေမယ့် စားနပ်ရိက္ခာ အကျပ်အတည်း တစ်ခုဆီကိုပါ ဦးတည်နေပြီလို့ နိုင်ငံတကာ မြစ်များအဖွဲ့ရဲ့ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ပင်ပေါင် ဒီးတက်စ်က ပြောပါတယ်။ ငါးတွေ နည်းသွားတာသာ မကဘဲ အဲဒီ မြစ်ရေထဲက ငါးတွေကို ဖမ်းဆီး စားသောက်မိတဲ့ လူတွေပါ ဖျားနာတာတွေ ဖြစ်နိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

သတ္တုတူးဖော်မှုတွေကြောင့် ရေညစ်ညမ်းတဲ့ ပြဿနာကို ပိုဆိုးစေတဲ့ နောက်ထပ် အကြောင်းတရား တစ်ခုကတော့ တရုတ်နဲ့ လာအိုတို့မှာ မဲခေါင်မြစ်နဲ့ မြစ်လက်တက်တွေပေါ် ဆောက်ထားတဲ့ ရေအားလျှပ်စစ် ဆည်တွေ ဖြစ်ပါတယ်။ အဲဒီ ဆည်တွေဟာ မြစ်တွေရဲ့ သဘာဝအတိုင်း စီးဆင်းမှု ပုံစံကို ပြောင်းလဲစေပြီး မိုးရာသီမှာ ရေတွေ လျော့နည်းစေသလို နွေရာသီကျရင် မြစ်ရေ ခန်းခြောက်မှုတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ အကျိုးဆက်အဖြစ် ဒေသခံ ငါးမျိုးရင်းတွေရဲ့ စားကျက်မြေတွေကို ပျက်စီးစေသလို ဒေသရဲ့ ဂေဟစနစ် တစ်ခုလုံးကိုပါ သက်ရောက်စေပါတယ်။

မဲခေါင်မြစ်ဟာ တစ်ချိန်တုန်းကတော့ လူဦးရေ သန်း ၆၀ ကျော်ကို စားနပ်ရိက္ခာနဲ့ ဝင်ငွေ ဖူလုံအောင် ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ရေချိုငါး ထုတ်လုပ်မှု စုစုပေါင်းရဲ့ လေးပုံတစ်ပုံလောက်အတွက် အရင်းအမြစ် ဖြစ်နေပါတယ်။ အခုတော့ မဲခေါင်မြစ်ထဲက ငါးမျိုးစိတ် အားလုံးရဲ့ ငါးပုံတစ်ပုံဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ် ရင်ဆိုင်နေရပြီလို့ ပညာရှင်တွေက ပြောပါတယ်။

အသက် ၆၇ နှစ်အရွယ် လာအို တံငါသည် တစ်ဦးဖြစ်တဲ့ ဟွမ်ဖန်းက မဲခေါင်မြစ်ဟာ ဘယ်တုန်းကမှ မာယာမများခဲ့ဘဲ အမြဲတမ်း လွယ်လွယ် မှန်းဆလို့ ရခဲ့ကြောင်း၊ အခုတော့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ မသေချာတဲ့ အနိမ့်အမြင့်တွေ ကြုံနေပြီဖြစ်ပြီး ငါးတွေက စတင် ပျောက်ကွယ်လာနေကြောင်း၊ ဒါကို တစ်ခုခု မလုပ်ဘူးဆိုရင် မဲခေါင်မြစ်ကို မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းတွေပါ ပျောက်ကွယ်သွားနိုင်ကြောင်း ပြောပါတယ်။

ခွန်ကတော့ ငါးရှာမရတဲ့ နေ့တစ်နေ့ကို ကြုံခဲ့တဲ့နောက် စိတ်ပျက်နေပေမယ့် အားတော့ မလျှော့ပါဘူး။ မြစ်ကမ်းပါးက ရေပေါ်အိမ်လေးမှာ ဟင်းဆိုလို့ မည်ကာမတ္တလောက်သာ ပါတဲ့ ညနေစာကို စားနေရင်း နောက်တစ်နေ့ ထပ်ကြိုးစားကြတာပေါ့လို့ သူက ပြုံးရင်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

သတင်း

နယ်စပ်နားမှာ လာအို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက တိုက်ခိုက်ခဲ့ပြီး ကျည်ဆန်တစ်တောင့်က ထိုင်းပိုင်နက်ထဲထိ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်ကျားဖြန့်ဂိုဏ်းတွေကို တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံပေါင်း ဖြိုခွင်းမှုတွေ အောင်မြင်နေဟုဆို

နိုင်ငံတကာ

မက်သနောပါတဲ့ ချက်အရက် (အရက်တု)ကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် လာအိုနိုင်ငံမှာ ရက်ပိုင်းအတွင်း နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွား ၅ ယောက်ထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook