သဇင်/People’s Spring
“ပါရာစီတမောကလွဲရင်ကျန်တာ ဘာမှမရှိတော့ဘူး။ဆီးပိုက်တွေ ဒီမှာအရေးပေါ်လူနာတွေ သုံးနေတဲ့ဟာတွေ အကုန်သယ်သွားတာ”လို့အုန်းဖျန်စခန်းအတွင်း နေထိုင်သူ အသက် (၅၀)ကျော်အရွယ် အနောက ပြောပါတယ်။
ထိုင်းတောင်ပိုင်း ၊ဖုတ်ဖရမြို့နယ် ၊အုန်းဖျန်ဒုက္ခသည်စခန်းထဲက ဆေးရုံမှာရှိတဲ့ ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းတွေကိုထိုင်းဆေးရုံဖြစ်တဲ့ဖုတ်ဖရဆေးရုံကဇန်နဝါရီလဒုတိယအပတ်မှာလာရောက်သိမ်းဆည်းသွားခဲ့တာကို အနောတစ်ယောက်ပြန်ပြောပြတာပါ။
အမေရိကန်နိုင်ငံမှာ ဒေါ်နယ်လ်ထရမ့်အစိုးရ တက်လာလာချင်းပဲ နိုင်ငံတကာအကူအညီအထောက်အပံ့တွေကိုရပ်ဆိုင်းခဲ့ပါတယ် ။ဒါကြောင့် နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ(USAID)ကထောက်ပံ့ငွေနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ(IRC)ကတဆင့် ကူညီနေတဲ့ ကျန်းမာရေးအကူအညီတွေဟာအုန်းပြန့်ဒုက္ခသည်စခန်းအပါအဝင်ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၇ ခုမှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။

Public Service Announcement
၁၉၇၅ခုနှစ်မှာမြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေကထိုင်းဘက်ကိုစတင်ထွက်ပြေးခဲ့ကြပါတယ်။ ထိုင်းအစိုးရက ၁၉၈၄ ခုနှစ်ကစပြီး ဒုက္ခသည်စခန်းတွေကိုတည်ထောင်ခွင့်ပြုခဲ့တာပါ။
ထိုင်း-မြန်မာ နယ်စပ်တလျောက်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပါတယ်။ ၂ ခုက ကရင်နီပြည်နဲ့ထိစပ်နေတဲ့ မယ်ဟောင်ဆောင်မှာရှိပြီး ကရင်နီစစ်ဘေးသင့်ပြည်သူတွေခိုလှုံကြပါတယ်။ ကျန် ၇ ခုဖြစ်တဲ့မယ်လ၊ မယ်ရာမို၊ မယ်ရာဦး၊ အုန်းဖျန်၊ နိုဖိုး၊ ဘန့်ဒုံယမ်းနဲ့ ထမ်းမဟင်းစခန်းတွေမှာ ကရင်ဒုက္ခသည်တွေအများဆုံးဖြစ်ပြီးကရင်ဒုက္ခသည်များကော်မတီ(KRC)ကစီမံခန့်ခွဲပါတယ်။
၁၉၉၉ ခုနှစ်မှာကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေလုံခြုံရေးအတွက် ထိုင်းအစိုးရနဲ့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက စုစည်းနေရာချပေးခဲ့ရာကနေ အုန်းဖျန်စခန်းစတင်ဖြစ်ပေါ်ခဲ့တာပါ။စခန်းရှိ လူဦးရေ ၈၀ ရာခိုင်နှုန်းမှာ ကရင် တိုင်းရင်းသားတွေဖြစ်တယ်လို့ နယ်စပ်ဒေသကူညီစောင့်ရှောက်ရေးညွှန့်ပေါင်းအဖွဲ့ (TBC) ရဲ့စာရင်းအရသိရပါတယ်။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့ကနေ ကားနဲ့ ၂ နာရီကျော်လောက်မောင်းရတဲ့တောင်ပေါ်လမ်းမှာရှိတဲ့ပါတယ်။ စခန်းဟာအမြင့်ပေ ၃,၉၀၀ ကျော် ပေါ်မှာ ရှိတဲ့အတွက် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေထဲမှာ အအေးဆုံးနဲ့ အစိုစွတ်ဆုံး စခန်းလို့တောင် ဆိုနိုင်ပါတယ်။ မိုးရာသီဆိုရင် မြူတွေ အရမ်းဆိုင်းသလို၊ လေပြင်းတိုက်ရင်လည်း အိမ်တွေ ပျက်စီးလွယ်ပါတယ်။
၂၀၁၂ဖေဖော်ဝါရီလမှာ မီးအကြီးအကျယ်လောင်ခဲ့လို့လူထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသေးတယ်။
အမေရီကန် အစိုးရရဲ့အကူအညီတွေ ရပ်ဆိုင်းသွားပြီးတဲ့နောက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေရဲ့ ကျန်းမာရေးအတွက် ထိုင်းအစိုးရက အကူအညီတချို့ပေးခဲ့ပါတယ်။ဒုက္ခသည်စခန်းတည်ရှိရာ မြို့နယ်အလိုက် သက်ဆိုင်ရာမြို့နယ်ဆေးရုံတွေမှာ ဆေးကုသခွင့် ရခဲ့တာပါ။.
လူဦီးရေ ၁၀,၀၀၀ ကျော်ရှိတဲ့ အုန်းပြန့်စခန်းဟာ ဖုတ်ဖရမြို့နယ်ထဲ ပါဝင်တာကြောင့် ဖုတ်ဖရဆေးရုံက တာဝန်ယူပေးရတာပါ။ဒါပေမယ့် ဒုက္ခသည်တွေဟာ ထိုင်းအစိုးရရဲ့ အကူအညီကို အကန့်အသတ်နဲ့သာ ရရှိကြတာ ဖြစ်ပါတယ်။
“တကယ်တမ်းကျတော့ အခုဒီမှာ တော်တော်လေးဒုက္ခရောက်တယ်။ဖုတ်ဖရက တာဝန်ယူတယ်သာ ပြောတာ သွားတဲ့အခါကျရင် ဒုက္ခသည်ထဲ အလွှာအမျိုးမျိုးရှိတဲ့အထဲမှာပိုက်ဆံမရှိတဲ့သူကများတယ်။ဟိုရောက်ရင်ပိုက်ဆံအသည်း အသန်တောင်းတာ”လို့ ကိုယ်တိုင်ကြုံတွေရတဲ့အဖြစ်ကို အနောက ဖွင့်ဟပါတယ်။
လက်ရှိမှာ စားနပ်ရိက္ခာ၊ထောက်ပံ့ငွေ လုံးဝ မရတော့ဘဲအိမ်ထောင်စုတစ်စုကို မီးသွေး ၁ ကီလိုကျော် (အတိအကျဆိုပါက ၁ ကီလိုဂရမ်နဲ့ ၂၀၀ ဂရမ်)သာရရှိတော့တယ်လို့သိရပါတယ်။
၂၀၂၅ နှစ်ဆန်းပိုင်းမှာအမေရိကန်ကအကူအညီတွေရပ်ဆိုင်းလိုက်တဲ့အခါအုန်းဖျန်ဆေးရုံကို ရုတ်တရက် ပိတ်ခဲ့ရပါတယ်။ဆေးရုံပိတ်သွားချိန်ကာလအတွင်းမှာ စခန်းတွင်း သေဆုံးသူ ၈ ယောက်ခန့် ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။ဒါဟာ ၂၀၂၄ ခုနှစ်ကသေဆုံးသူဦးရေထက် နှစ်ဆတိုးလာတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ထိုင်းအစိုးရ အကူအညီနဲ့ဖုတ်ဖရဆေးရုံလက်အောက်ကတဆင့် အုန်းပြန့်ဆေးရုံကိုပြန်ပြီးလည်ပတ်ခွင့်ရခဲ့ပါတယ်။
“IRC လက်ထက်မှာတုန်းကအုန်းဖျန်ဆေးရုံထဲမှာ ကျွန်တော်တို့ admission တင်ပြီးတော့ လူနာတွေကို အတိုင်းအတာတစ်ခုထိ ကုသတယ်။ တကယ်လို့ခွဲစိပ်ကုသမှုတွေလိုအပ်တာလို့ဆိုရင် ကျွန်တော်တို့က သက်ဆိုင်ရာ ထိုင်းဆေးရုံကို လွှဲရတယ်” လို့ စခန်းထဲရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရှင်းပြပါတယ်။
အခုတော့ ဖုတ်ဖရဆေးရုံက အုန်းဖျန်ဒုက္ခသည်တွေရဲ့ ကျန်းမာရေးကို တာဝန်ယူပေးနေတယ်လို့ ကရင်ဒုက္ခသည်များကော်မတီ(KRC)အတွင်းရေးမှူး စောပွယ်စေးက ဆိုပါတယ်။
၂၀၂၆ဇန်နဝါရီ ဒုတိယအပတ်မှာတော့အုန်းဖျန်ဆေးရုံမှာရှိတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ဖုတ်ဖရဆေးရုံ တာဝန်ရှိသူတွေက ပြန်လည်စိစစ်မယ်ဆိုပြီး လာရောက်သိမ်းဆည်းသွားခဲ့တာပါ။
“ဆေးဝါးတွေနဲ့ ပတ်သတ်ပြီး စီမံခန့်ခွဲမှုလာလုပ်မယ်ဒီလောက်ပဲသိထားတယ်။ဆေးတွေ သိမ်းမယ်လို့တော့မသိဘူး။လူကြီးတွေဆီတော့ စာပို့ကောင်း ပို့နိုင်ပါတယ် ။ကျွန်တော်တို့တော့အတိအကျမသိထားတာလေး တစ်ခုပေါ့”လို့ ဆေးတွေလာယူသွားတဲ့အခြေအနေကိုအထက်ပါကျန်းမားရေးဝန်ထမ်းက People’s Spring ကိုပြောပါတယ်။
အုန်းဖျန်ဆေးရုံမှာ IRC လက်ထက်က ကျန်ခဲ့သည့် ဆေးဝါးအများစု ရှိပြီး အဲ့ဒီဆေးတွေနဲ့ စခန်းတွင်းနာမကျန်းဖြစ်သူတွေကို အခမဲ့ ကုသပေးနေခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်အခုလိုဆေးတွေသိမ်းသွားတာနဲ့ ပတ်သတ်ပြီး စခန်းအတွင်း နေထိုင်သူတချို့ကသဘောမကျကြောင်းဝန်ခံထားကြပါတယ်။
အုန်းဖျန်ဆေးရုံကို ဆေးပေးခန်းအဆင့်သာထားရှိတော့မှာဖြစ်ပြီး ဝန်ထမ်းအင်အားလည်း လျော့ချမှာ ဖြစ်တာကြောင့်အရေးပေါ်လူနာတွေနဲ့ နာတာရှည်လူနာတွေကို ဖုတ်ဖရဆေးရုံဆီလွှဲပေးရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းက ရှင်းပြပါတယ်။
“အရင်ကIRCလက်ထက်မှာဝန်ထမ်းက၂၁၈ ယောက်ရှိတယ်။ဒါပေမယ့် IRCကနေ ဘတ်ဂျက်တွေရပ်ပြီးတော့ ဖုတ်ဖရကိုပြန်လွှဲတဲ့အချိန်မှာ ဒီနှစ်လပိုင်း (ဖေဖော်ဝါရီ)နောက်ပိုင်းမှာ ဖုတ်ဖရကနေ သူတို့ အယောက်၂၀ ပဲခန့်ပေးတော့မယ်။ ကျွန်တော်တို့စခန်းနေလူထုအားလုံးအတွက်ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ ပဲကျန်မယ်ပေါ့” လို့ ဆိုပါတယ်။
စခန်းကနေကားနဲ့သွားရင် နှစ်နာရီဝန်းကျင်ဝေးတဲ့ ဖုတ်ဖရဆေးရုံကို သွားတဲ့အခါမှာဆေးကုသစရိတ်အပြင် ခရီးစရိတ်ပါ အုန်းဖျန် ဒုက္ခသည်တွေ ကုန်ကျခံရပါတယ်။ဒါ့ကြောင့် စခန်းတွင်း နေထိုင်ကြတဲ့ သက်ကြီး ရွယ်အိုတချို့ဟာ နေမကောင်းဖြစ်ရင်ဆေးကုသစရိတ်မတတ်နိုင်တာကြောင့် ရောဂါကို ကြိတ်မှတ်ခံစားရတာတွေရှိတယ်လို့စခန်းတွင်းနေထိုင်သူ အနောက ပြောပါတယ်။
“ဘယ်လိုဖြေရှင်းလဲဆိုတော့ကိုယ့်ကိုယ်ကိုယ် ကရုစိုက်မယ်၊လုံးဝမလုပ်နိုင်တဲ့အဆုံးကိုယ်သေမယ့်ရက် စောင့်ပေါ့ အဲ့လိုသဘောဖြစ်တာပေါ့”လို့ ဖွင့်ဟပါတယ်။
အနောဟာ သွေးတိုး၊ဆီးချိုအပြင်ခါးနာတတ်တာကြောင့် ဆေးရုံ၊ဆေးခန်း မကြာခဏသွားရသူပါ။
ကျန်းမာရေးအာမခံကတ်လို့ခေါ်ကြတဲ့ ဘတ်ငွေ ၂,၇၀၀ ပေးသွင်းရတဲ့ ကတ်အမျိုးအစားလုပ်ထားရင်ဖုတ်ဖရဆေးရုံမှာဆေးကုသခွင့် ရှိတယ်လို့ ဆိုပါတယ်။ဒါပမယ့် အနော်တို့လို ဝင်ငွေမရှိကြသူတွေကတော့ ငွေပေးသွင်းနိုင်တာ မရှိပါဘူး။
“တော်တော်များများ မလုပ်နိုင်ဘူးလေ။ တစ်အိမ်မှာ လူငါးယောက်ရှိရင် သုံးယောက်လောက်က ကျန်းမာရေးမကောင်းနေတော့၊တခါတည်း၂,၇၀၀ဆိုတာ မလုပ်နိုင်ဘူးလေ”ဘတ်ငွေ ၂,၇၀၀ ပေးသွင်းထားသူတွေဟာ ကျန်းမာရေးအာမခံ တစ်နှစ်ရရှိမှာဖြစ်ပြီး တစ်ကြိမ်ကို ဘတ်ငွေ ၃၀ ဝန်းကျင်နဲ့ ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။
ဒါအပြင်ပြီးခဲ့တဲ့၂၀၂၅ခုနှစ်၊ ဩဂုတ်လမှာ ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို တရားဝင် အလုပ်လုပ်ခွင့် ပေးတဲ့စီမံချက်ကို စတင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ငါးလနီးပါးကြာတဲ့အထိ စခန်းတွင်း နေထိုင်သူတချို့သာ အလုပ်လုပ်ခွင့်ရပြီး အများစုက အလုပ်မရကြသေးပါဘူး။
သက်ကြီးပိုင်းတွေဆိုရင် ဝင်ငွေရှာ အလုပ်လုပ်ခွင့်ရဖို့ ပိုပြီး ခက်ခဲပါတယ်။ဒါ့ကြောင့် စခန်းတွင်းဆေးရုံပိတ်သွားတဲ့အချိန်မှာ ကုန်ကျစရိတ်များတဲ့ ဆေးရုံ၊ဆေးခန်းတွေသွားဖို့အတွက် အခက်ခဲတွေရှိနေတယ်လို့ စခန်းတွင်းနေထိုင်သူတွေကဆိုပါတယ်။
အုန်းဖျန်စခန်းမှာ လူဦီးရေ ၁၀,၀၀၀ ကျော်ရှိတဲ့ထဲက အယောက် ၂၀၀ ဝန်းကျင်သာ အလုပ်လုပ်ခွင့် ရသေးတယ်လို့စခန်းတွင်းနေထိုင်းသူတချို့က ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့်အုန်းဖျန်စခန်းအပါအဝင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည် တစ်သိန်းကျော်ဟာ ကျန်းမာရေးပြဿနာကို ကိုယ့်နည်းကိုယ်ဟန့် ရုန်းကန်နေကြရတယ်လို့ ကရင်ဒုက္ခသည်များကော်မတီ(KRC)အတွင်းရေးမှူး စောပွယ်စေးကဆိုပါတယ်။
“ဒီလ(ဇန်နဝါရီ) ၂၇ ၊ ၂၈ မှာ ကျွန်တော်တို့စခန်းကော်မတီ အကုန်လုံးကိုခေါ်ပြီးတော့ ဒုက္ခရောက်နေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ တိုင်ပင်ဆွေးနွေးမှာဖြစ်တယ်။ထိုင်းနိုင်ငံထဲကဒုက္ခသည်အရေးနဲ့ပတ်သတ်တဲ့ အရေးမှန်သမျှကို တိုင်ပင်မှာဖြစ်တယ်” လို့ KRCအတွင်းရေးမှူးကဆိုပါတယ်။
“ဆေးကိုသိမ်းသွားလို့ရှိရင် ဘာရောဂါအခက်အခဲရှိလာသလဲဆိုတာပြောနိုင်ရမယ်၊ပြနိုင်ရမယ်။ ရောဂါဝေဒနာသည်တွေက တစ်လမှာ ဘယ်လောက်ရှိသလဲ။ဒီဆေးတွေနဲ့ပဲ သုံးရတယ် လုပ်ရတယ်ဆိုလို့ရှိရင် သူတို့က ကျွန်တော်တို့ဆီကို တင်ပြလာမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း တစ်ဖက် ပြန်တင်ပြပေးဖို့ အဆင်သင့်ပဲ”လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာဆေးရုံပိတ်ထားရပေမယ့် အရေးပေါ်အခြေနေအတွက် ကျန်းမာရေးဝန်ထမ်းတွေ နေ့ရော၊ညပါစောင့်ကြည့်ပေးနေတယ်လို့လည်းစခန်းတွင်းနေထိုင်သူတချို့ကဆိုပါတယ်။ကုန်ကျစရိတ် မတတ်နိုင်တာကြောင့်ဖုတ်ဖရဆေးရုံမသွားလိုကြတဲ့သူတွေဟာ စခန်းတွင်းက ကျန်းမာရေးဝန်းထမ်းတွေညွှန်းတဲ့ဆေးကိုနီးစပ်ရာဝယ်သောက်လေ့ ရှိတယ်လို့ အနောက ပြောပါတယ်။
“ကရင်လူမျိုးတွေက သိတဲ့အတိုင်းပဲ မတတ်နိုင်တဲ့အဆုံး စခန်းထဲမှာရှိတဲ့ ပါရာစီတမော၊တခြားအကိုက်ခဲပျောက်ဆေး အဲ့လိုပဲ သွားဝယ်သောက်တာရှိတယ်ပေါ့နော်။ မူရင်း ကိုယ်သောက်နေတဲ့ ဆေးမရခဲ့ရင်တောင် နည်းနည်းပါးပါး အထောက်အကူသဘောပေါ့” ။ ။


















































