ဇန်နဝါရီ-၂၆၊၂၀၂၆။အိမ်သွင်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက ဆေးရုံ ၂ခုကို စစ်ကောင်စီက ဇန်နဝါရီ ၂၅ရက် ည ၇နာရီခန့်နဲ့ ဒီနေ့(ဇန်နဝါရီ ၂၆ရက်) မနက်အစောပိုင်း နံနက် ၁နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။
တံတားဦးလေတပ်က တက်လာတဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ် ၂စီးဟာ ချောင်းဝဆေးရုံနဲ့ တုံပင်ဆေးရုံကို ဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်ကပြောပါတယ်။
ဂျက်ဖိုက်တာ ၂စီးဟာ ဖားကန့်မြို့ဘက်အထိ ပျံသန်းလာပြီးမှ မိုးညှင်းမြိုနယ်၊ အင်းတော်ကြီးဒေသပတ်ဝန်းကျင်ကို ဗုံးကြဲသွားတာလို့ သတင်းရရှိပါတယ်။

Public Service Announcement
” တံတားဦးတက်တဲ့ကောင်တွေက အရမ်းညဏ်များတာ” လို့ စစ်ကောင်စီလေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေတဲ့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပေမယ့် လူထိခိုက်မှုရှိ၊ မရှိ မသိရသေးပါဘူး။
အင်းတော်ကြီးဒေသက မိုင်းနောင်ရွာနဲ့မမုံကိုင်ကျေးရွာမှာရှ်ိတဲ့ စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က ပြီးခဲ့တဲ့၂၀၂၅ သြဂုတ်ကစပြီး ထိန်းချုပ်ထားပါတယ်။ ယခုရက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူယူပြီး မြေပြင်က ထိုးစစ်ဆင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးကန်အရှေ့ဘက်ပိုင်းဒေသတချို့မှာ ဆက်တိုက်ပွဲဖြစ်ပွားနေပါတယ်။
မိုးညှင်းခရိုင်မှာပါပြီး အင်းတော်ကြီးဒေသနဲ့ဆက်စပ်နေတဲ့ ဖားကန့်မြို့နယ်မှာလည်း ဇန်နဝါရီ၂၅ရက်မှာ စစ်ကောင်စီ ပစ်မှတ်တွေကို KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်မှုတွေမှာ အရပ်သားထိခိုက်မှုတွေရှိခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်နေတဲ့ စစ်ကောင်စီပစ်မှတ်တွေကို တိုက်ခိုက်မှာဖြစ်လို့ ဒေသခံပြည်သူတွေ သတိပြုနေထိုင်ကြဖို့ KPDFက ဇန်နဝါရီ ၂၄ရက်ကစတင်ပြီး သတိပေးပြီးတဲ့နောက် တိုက်ခိုက်မှုတွေဖြစ်လာတာပါ။
လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ဗန်းမော်နဲ့ အင်းတော်ကြီးဒေသတွေမှာ တိုက်ပွဲတွေနဲ့အတူစစ်ရေးတင်းမှာနေလို့ လေကြောင်းအန္တရာယ် ပိုမိုသတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
















































