close
Connect with us

Hi, what are you looking for?

ဆောင်းပါး

အာဆင်နယ်အတွက် တမလွန်ကနေ ဂုဏ်ယူနေမယ့် PDFရဲဘော်ကြီးအော်ကျူး

အာတီတာဦးဆောင်တဲ့ အာဆင်နယ်ဘောလုံးသမားတွေက PDF ရဲဘော်ကြီး အော်ကျူးရဲ့ဘေးမှာ ပရီးမီးယားလိဂ်ဖလားကြီး နဲ့ ပုံစံမျိုးစုံနဲ့အောင်ပွဲခံနေပါကြတယ်။ ပဲခူးရိုးမတနေရာကဒီမြင်ကွင်းကို PDF စစ်မေတွေအပါအဝင် အော်ကျူးရဲ့ ရဲဘော်ရဲဘက်တွေက မျက်တောင်မခပ်တမ်း ကြည့်နေကြပါတယ်။

“ အော်ကျူးခန္ဓာကိုယ်မှာ တော်လှန်ရေးအကြောင်းရယ်၊ မိသားစုရယ်ကလွဲရင် အခြားတစ်ခုတည်းသောTattoo က အာဆင်နယ် Logo”

− PDFစစ်မေ

ကဖေး/People’s Spring

အာတီတာဦးဆောင်တဲ့ အာဆင်နယ်ဘောလုံးသမားတွေက PDF ရဲဘော်ကြီး အော်ကျူးရဲ့ဘေးမှာ ပရီးမီးယားလိဂ်ဖလားကြီး နဲ့ ပုံစံမျိုးစုံနဲ့အောင်ပွဲခံနေပါကြတယ်။ ပဲခူးရိုးမတနေရာကဒီမြင်ကွင်းကို PDF စစ်မေတွေအပါအဝင် အော်ကျူးရဲ့ ရဲဘော်ရဲဘက်တွေက မျက်တောင်မခပ်တမ်း ကြည့်နေကြပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ဖလားကို၂၃ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ မေလ ၂၀ ရက် မနက် ဝေလီဝေလင်းမှာ အာဆင်နယ်အသင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီအောင်ပွဲအတွက် အာဆင်နယ်အသင်းတွေပရိသတ်တွေ ဂုဏ်ယူကြ၊ဝံ့ကြွား​နေကြပါတယ်။ Facebookရဲ့ ကုမ္ပဏီက Meta ကို တည်ထောင်သူ ကမ္ဘာကျော် ဘီလျံနာဇူကာဘတ်လည်း အောင်ပွဲခံပါတယ်။ မြန်မာနိုင်ငံကအကယ်ဒမီမင်းသားကြီးလည်းဖြစ်၊ ​နွေဦး​တော်လှန်​ရေးမှာ ပြည်သူနဲ့အတူရပ်တည်တဲ့ မင်းသားကြီး ဇင်ဝိုင်းလည်းလက်သီးလက်မောင်းတန်း ပွဲခံပါတယ်။

အာဆင်နယ်အသင်းရဲ့ အမာခံပရိတ်သတ် အော်ကျူးတစ်ယောက်ကတော့ အောင်ပွဲခံခွင့် မရရှာပါဘူး။ PDF ရဲဘော်ကြီး အော်ကျူးဟာ အာဆင်နယ်အသင်း ချန်ပီယံဖလားမရခင် ၁နှစ်ခန့်အလိုမှာပဲ ပဲခူးတိုင်းထဲက တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့လို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အော်ကျူးက အာဆင်နယ်အသင်းကို အရူးအမူးအားပေးသူပါ။ အာဆင်နယ်အသင်း ချန်ပီယံဖလားရတဲ့အခါ အော်ကျူးရဲ့ ရဲစွမ်းသတ္တိတွေအကြောင်း၊ စစ်အာဏာရှင်တော်လှန်ရေးအပေါ် အာရုံစူးနစ်ထားမှုတွေအကြောင်း၊ ရဲဘော်ရဲဘက်တွေအပေါ် တန်ဖိုးထားချစ်ခင်တတ်တဲ့အကြောင်းတွေ အတွေးထဲကို အလိုလိုဝင်ရောက်လာတယ်လို့ PDF စစ်မေတစ်ဦးကပြောပြပါတယ်။

ဒါကြောင့်လည်း ပရီးမီးယားလိဂ်ချန်ပီယံ ဖလားပုံကြီး နဲ့ အာဆင်နယ်အသင်းသားတွေ​ အောင်ပွဲခံနေတဲ့ဓာတ်ပုံ​တွေကို အာကြီးဖလားရတာ​သေချာပြီး​နောက် ရဲဘော်တွေကချက်ချင်းဖန်တီးခဲ့ကြပါတယ်။ဓာတ်ပုံကို မိုးမစိုအောင် ပလပ်စတစ်လောင်းပြီး အော်ကျူး အုတ်ဂူအနားသွားထားခဲ့ကြပါတယ်။ လေးစားချစ်ခင်ရသူမို့ တမလွန်ကနေ အော်ကျူး ဝမ်းသာမှာဆိုတဲ့ ယုံကြည်ချက်နဲ့ အာဆင်နယ်ဖလားရပြီဆိုတာကိုလည်း သေချာ ပြောပြခဲ့ကြပါတယ်။

“ အော်ကျူးခန္ဓာကိုယ်မှာ တော်လှန်ရေးအကြောင်းရယ်၊ မိသားစုရယ်ကလွဲရင်အခြားတစ်ခုတည်းသော Tattoo က အာဆင်နယ် Logo” လို့ အဲ့ဒီ PDFစစ်မေက ဆိုပါတယ်။

အော်ကျူးက ရန်ကုန်မြို့မှာ အမေတစ်ခုသားတစ်ခုဘဝနဲ့ ရိုးရိုးကုပ်ကုပ်နေသူပါ။ စစ်တပ်အာဏာသိမ်းတော့မှ မတရားမှုကို မခံနိုင်လွန်းလို့ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။အာဆင်နယ်အသင်းသားတွေ ချန်ပီယံဆုနောက်ကို ကျားခုပ်ကျားခဲလိုက်ခဲ့သလိုပဲ အော်ကျုးကလည်းပြည်သူ့တော်လှန်ရေးအောင်ပွဲနောက်ကို နောက်မဆုတ်တမ်း လိုက်ခဲ့သူပါ။

တော်လှန် ရေးကာလအစမှာ ကရင်ပြည်နယ်၊ လေးကေကော်ဘက်မှာ စစ်သင်တန်းတက်ခဲ့ပါတယ်။ ပြီးတော့ စစ်ကိုင်းတိုင်းကို ချီတက်ခဲ့ပြီးရွှေဘိုခရိုင် တပ်ရင်း ၂၆(Myanmar Defense Force- MDF – Special Force)မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

MDF – Special Force ဟာ ၂၀၂၃ ခုနှစ်ထဲမှာတော့ စစ်ဆင်ရေးတွေပိုလုပ်နိုင်ဖို့အတွက် တောတောင်ရှိုမြောင်တွေကိုဖြတ်ပြီးပဲခူးတိုင်းဆီ ခရီးကြမ်းနှင်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ သာယာဝတီခရိုင် တပ်ရင်း(၃)အဖြစ် တော်လှန်ရေး ခရီးကြမ်းကိုဆက်ခဲ့ပါတယ်။

အော်ကျူးက စည်းကမ်းကောင်းသူဖြစ်တဲ့အတွက် တာဝန်ကျရာ တပ်ရင်းတွေမှာ စည်းကမ်းထိန်းသိမ်းရေးတာဝန်ယူခဲ့ပါတယ်။ တော်လှန်‌ရေးအမည် ဦး‌ကျော်က‌နေ ရဲဘော်တွေကအချစ်စနိုးနဲ့ အော်ကျူးလို့ခေါ်ကြတဲ့အထိ လူချစ်လူခင် ပေါပါတယ်။

ပဲခူးရိုးမထဲမှာရှိတဲ့ သူတို့ရဲ့တပ်ရင်းဟာ နေ့စဉ်နေ့တိုင်း စစ်ရေးလေ့ကျင့်မှုတွေ၊ တပ်ရင်းတာဝန်တွေနဲ့ အလုပ်ရှုပ်နေတတ်ပေမယ့် အာဆင်နယ်နဲ့ မန်ယူပွဲအပါအဝင်ဘောလုံးပွဲတွေရှိတဲ့နေ့တွေမှာတော့ PDF ရဲဘော်တွေရဲ့ လက်သီးလက်‌ မောင်းတန်းအားပေးသံတွေနဲ့ ပွဲစည်နေတတ်ပါတယ်။

တပ်ရင်းမှာ မန်ယူပရိတ်သတ်ရဲဘော်‌တွေပိုများပြီး အဲဒီတအုပ်လုံးကို အာဆင်နယ်ပရိတ်သတ်ရဲဘော်တွေကိုယ်စား အော်ကျူးတစ်ယောက်တည်းက ရအောင်ထိန်းနိုင်ပါတယ်။မန်ယူဖန်ရဲဘော် တွေကို စကားနာထိုး လေတိုက်တာမှာ အော်ကျူးက

အာဆင်နယ်ဖန်ရဲဘော်တွေအတွက် စစ်ဦးစီးချုပ်ရာထူး အဆင့်ရှိပါတယ်။ အာဆင်နယ်နိုင်ရင် သူက ဦးဆောင်ပြီး ‌အောင်ပွဲခံပါတယ်။ ကျစ်လစ်သန်မာတဲ့ သူ့ဗလကို ညှစ်ထုတ်ပြန်ပြီးမာန်ပါပါ အော်ဟစ်ပွဲခံပါတယ်။

၂၀၂၃ စက်တင်ဘာလ၃ရက်နေ့က ပရီးမီးယားလိပ်ပွဲစဉ်မှာ အာဆင်နယ်က မန်ယူကို ၃ဂိုး၁ဂိုးတဲ့ နိုင်တော့ ပဲခူးရိုးမထဲက PDF တပ်ရင်း ပတ်ဝန်း

ကျင်တခွင်လုံး အော်ကျူးရဲ့ အောင်ပွဲခံတဲ့အသံတွေ ညံနေခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အိုဒီဂတ်၊ ဒီကလန်ရိုက်စ်နဲ့ ဂျေဆူးတို့က အာဆင်နယ်အတွက် ဂိုးတွေသွင်းတိုင်း အော်ကျူးရဲ့ အော်ဟစ်အောင်ပွဲခံသံက ညံနေခဲ့ပါတယ်။

တခြား မန်ယူဖန် ရဲဘော်တွေက အာဆင်ဝင်ဂါးလက်ထက် မန်ယူက အာဆင်နယ်ကို သမိုင်းဝင်အရှုံးအဖြစ်နာမည်ကြီးတဲ့ ၈ဂိုး၂ဂိုးနဲ့ ရှုံးတဲ့ပွဲအကြောင်းကို ပြန်ပြောတဲ့အခါ အော်ကျူးက တဟီးဟီးပြန်ရယ်ပြတတ်ပါတယ်။အာဆင်နယ်အသင်း ရှုံးပြီဆိုရင်တော့အံကြိတ်ပြီးသူတစ်ဦးတည်း ထိုင်နေတတ်ပါတယ်။

၂၀၂၃ စက်တင်ဘာလ၃ရက်နေ့က အာဆင်နယ်က မန်ယူကို နိုင်တဲ့ပွဲညမှာ” ဆိုက်ကားဂိတ်ရောက်အမှတ်တရ” ဆိုပြီး သူ့စွပ်ကျယ်အကျီပေါ်ဆော့လ်ပန်(န်)နဲ့‌ရေးပြီး ပွဲခံခဲ့ပါတယ်။ တကယ်တော့ အော်ကျူးမှာ အာဆင်နယ်အကျီ နှစ်ထည်တောင်ရှိပါတယ်။၂၀၂၁ ဒီဇင်ဘာလက လေးကေကော်မြို့သစ်ကို စစ်တပ်က ဝင်စီးတော့ အင်္ကျီဗလာနဲ့ ထွက်ပြေးလာတဲ့ ကရင်အဖိုးကြီးသားအဖကို ပေးပစ်ခဲ့တာပါလူသားချင်းလည်းစာနာတတ်ပြီး စစ်အာဏာရှင်ကိုလည်း တိုက်ခိုက်ဖို့ အမြဲသတ္တိရှိနေတဲ့ အော်ကျုးဟာ ကိုယ့်အရေးထက် တစ်ပါးသူအရေးနဲ့ တိုင်းပြည်အရေးကို အမြဲတစေဦးစားပေးခဲ့သူဖြစ်ပါတယ်။

တော်လှန်ရေးကာလတစ်ခုမှာ သူအိမ်ထောင်ကျခဲ့ပါတယ်။ ဇနီးဖြစ်သူ ဘေးကင်းတဲ့နေရာမှာ မီးဖွားဖို့အတွက်တပ်ရင်းက ခွင့်တစ်လပေးတာကို‌ နှစ်ပတ်ပဲ ခွင့်ယူပြီး ပြန်လာခဲ့ပါတယ်။

“ ကလေးမျက်နှာတောက်မမြင်ရဘဲပြန်လာခဲ့တာ” လို့ အော်ကျူးရဲ့ တပည့် PDF ရဲဘော်တစ်ဦးကပြောပါတယ်။။

ဇနီးသည်က သမီးလေး မွေးခဲ့ပေမယ့် သူက အနားမှာ ရှိမနေနိုင်ခဲ့ပါဘူး။သူ့သမီးလေးကိုဗီဒီယိုကောနဲ့သာ နမ်းရှိုက်ခွင့်ရခဲ့ပါတယ်။ သူဟာ တိုက်ပွဲဝင်တိုက်ခိုက်လိုစိတ်ပြင်းပြသလို တော်လှန်ရေးကာလအလွန် နိုင်ငံတည်ဆောက်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုအတွက် အာသီသပြင်းပြခဲ့ပါတယ်။တပ်ရင်းမှာ ရဲဘော်ရဲဘက်တွေကိုစကားပြောတဲ့အခါပညာရေးနဲ့ပတ်သက်လို့ ဦးစားပေးပြီးပြောပါတယ်။ စစ်အာဏာရှင်ကိုအနိုင်တိုက်နိုင်မှ ပြည်မနဲ့တောင်တန်းဒေသရဲ့ပညာရေးတပြေးညီဖော်ဆောင်နိုင်ပါလို့ ပြောလေ့ရှိပါတယ်။စစ်အာဏာရှင်ကခွဲခြားထားတဲ့ ပညာရေးနဲ့ လူအခွင့်အရေးချိုးနှိမ်မှုတွေ၊ စစ်တပ်အသိုင်းအဝိုင်းနဲ့ လူတန်းစားတစ်ရပ်က နိုင်ထက်စီးနင်းပြုကျင့်နေမှုတွေကို သူအလွန်ရွံမုန်းပါတယ်။ ပညာရေးကိုအလေးထားတဲ့အော်ကျုူးက အညာဒေသမှာရှိနေစဉ်စာသင်ကျောင်းတွေမှာစာကြည့်တိုက်လေးတွေဖွင့်ပေးခဲ့ပါတယ်။အော်ကျူးဖွင့်ပေးခဲ့တဲ့ စာကြည့်တိုက်လေးတစ်ခု ကနီမြို့နယ်မှာ ရှိနေပါသေးတယ်။

PDF ရဲ​ဘော် ​အော်ကျူးရဲ့ ​မြေပုံ​ဘေးမှာ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့အထိန်းအမှတ်ဓါတ်ပုံ​တွေကို PDF ရဲ​ဘော်​တွေကထား​ပေးစဥ်

“ တော်လှန်ရေးကိုနိုင်အောင်မတိုက်ခဲ့ရင်အာဏာရှင်တွေ၊ ငွေကြေးရှင်တွေ လိုသလို ပုံသွင်းထားတဲ့ စနစ်တစ်ခုကိုပဲ ရလိမ့်မယ်။ တော်လှန်ရေးမနိုင်သ၍ ခေါင်းပုံဖြတ်ခံရလိမ့်မယ်လို့ အမြဲပြောတယ်” လို့ PDF ရဲဘော်တစ်ဦးကပြန်ပြောပြပါတယ်။။

တိုက်ပွဲဝင်စိတ်အမြဲတမ်းပြင်းပြနေတဲ့ အော်ကျူးဟာ စစ်ကိုင်းတိုင်းကနေပဲခူးတိုင်းကိုခြေချပြီးတဲ့နောက်နှစ်ပတ်အတွင်းမှာပဲ သူ့ကိုရှေ့တန်းပို့ပေးဖို့ တပ်ရင်းထံတောင်းဆိုခဲ့ပါတယ်။

၂၀၂၅ ဇွန်လ ၂၀ရက်နေ့က ပဲခူးရိုးမအစပ် မင်းလှမြို့နယ်ထဲက တောင်ပြတ်ကျေးရွာတိုက်ပွဲမှာတော့ ကျည်ထိမှန် ကျဆုံးခဲ့ပါတယ်။ သူချစ်တဲ့ အာဆင်နယ်အသင်းက မေလ ၂၀ရက်မှာ ပရီးမီးယားလိဂ်ဖလား ရလိုက်တာနဲ့ သူကျဆုံးတဲ့ ၁၁လတိတိပြည့်တဲ့နေ့ရက်တိုက်ဆိုင်မှု အပေါ်မှာ ရဲဘော်ရဲဘက်တွေက ပိုပြီး စိတ်မကောင်းဖြစ်ကြရပါတယ်။

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရတဲ့ ဒီနေ့မှာတော့ ပဲခူးရိုးမထဲကသာယာဝတီခရိုင် တပ်ရင်း(၃)ရဲ့ ဝန်းကျင်တစ်ခွင်မှာ အော်ကျူးအကြောင်း ပြောသံတွေ တိုးတိုးညင်ညင်သာသာ ထွက်ပေါ်နေသလို အာကျူးရဲ့ အရိပ်အ​ငွေ့တွေလည်း လွှမ်းမိုးနေခဲ့ပါတယ်။

ရဲဘော်​အော်ကျူးကို ချစ်ခင်လေးစားတဲ့ သာယာဝတီခရိုင်PDF တပ်ရင်း(၃)က စစ်မေးတစ်ဦးက

“ သူသာရှိရင် ဘယ်လိုအောင်ပွဲခံမလဲ။ အာပေါင်အာရင်းသန်သန်နဲ့ ဘယ်လိုလေတိုက်မလဲ အရမ်းမြင်ချင်တယ်” လို့ ဆွေးဆွေးမြေ့မြေ့ ပြောပါတယ်။

ဆက်စပ်သတင်းများ