ဝဇီရာ/People’s Spring
ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဧပြီလမှာ မြန်မာပြည်က ရုပ်ရှင်ရုံတွေ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖွင့်လှစ်ပြီး တစ်နှစ်ကျော်တဲ့အထိ ရုံတွေမှာ လူမရှိခဲ့ပါဘူး။ လူမရှိလို့ ဖွင့်ပြီးသားရုပ်ရှင်ရုံတွေ ပြန်ပိတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာတော့ မြို့ကြီးတွေမှာ ဖွင့်လှစ်ထားတဲ့ရုံတွေမှာ ပေါက်ကားတချို့တွေ ရှိလာခဲ့ပါတယ်။ စစ်ကောင်စီထောက်ခံသူ စီပွားရေးသမားတွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ အနုပညာသမားတွေရဲ့ ပရိုမိုးရှင်းတွေကြောင့် လူပြန်စည်လာခဲ့တာပါ။
စစ်တပ်အာဏာသိမ်းကာလမှာ မြန်မာ့ရုပ်ရှင်လုပ်ငန်းကို ယခင်မိရိုးဖလာ ရုပ်ရှင်လုပ်ငန်းရှင်တွေထက် စစ်တပ်နဲ့ပတ်သက်သူတွေ၊ ငွေမည်းကို ငွေဖြူပြောင်းလိုသူတွေသာ ကြီးစိုးလာခဲ့ပါတယ်။ အနုပညာအရဆိုရင်လည်း စံမမီ၊ ယခင် ဗွီဒီယိုခေတ်က ဇာတ်ကားတွေလောက်တောင် အရည်အသွေးမရှိတဲ့ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား ရုံတင်လာခဲ့တယ်။

Public Service Announcement
ဒါပေမဲ့ ဒီနှစ် ၂၀၂၆ ခုနှစ်ထဲမှာတော့ မြန်မာရုပ်ရှင်တွေ လူအဝင်တော်တော်နည်းနေတာ လချီ ကြာမြင့်နေပါပြီ။ သိသိသာသာ ဖြစ်လာတာကတော့ မတ်လအတွင်းက စက်သုံးဆီ အကျပ်အတည်းကာလမှာပါ။
မြန်မာရုပ်ရှင်တွေရဲ့ ရုံတင်စနစ်က ရုံရှင်တွေရွေးချယ်ထားတဲ့ ဇာတ်ကားတွေထဲကနေ တစ်ပတ်ကို မြန်မာကားသစ်နှစ်ကား အပြိုင်ရုံတင်ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်တင်ပြီးတဲ့အချိန်မှာ ဝင်ငွေပေါ်မူတည်ပြီး နောက်တစ်ပတ်ဆက်လက်ပြသခွင့်ရ ၊မရ ဆုံးဖြတ်ပါတယ်။
ဒီနေရာမှာ ကိုယ့်ဇာတ်ကား လူဝင်ပါတယ်ဆိုတာဖြစ်အောင် ဖြည့်ကြတယ်ဆိုတာလည်း ရှိပါတယ်။ အဲဒါကတော့ ထုတ်လုပ်သူက ငွေစိုက်ပြီး လက်မှတ်တွေဝယ်ဖြည့်လိုက်တာပါ။ အဲဒီအခါ သက်မှတ်ထားတဲ့ဝင်ငွေပမာဏရောက်ပြီဆိုပြီး နောက်တစ်ပတ် ဆက်လက်ပြသခွင့် ရသွားပါတော့တယ်။ “ ရုံဖြည့်ရတာ ၁၅၀၀။ ပြန်ရတာ၇၅၀။ ဆီဖိုး၁၅၀နှုတ်အမြတ်ရတာမင်းသားတွေ။ သူတို့သိက္ခာအတွက် ပရိုဂျူဆာကငွေဖြည့်။ သူတို့က၂ပါတ်ရတယ်ဆိုပြီးဈေးတက်။ ရုံပိတ်ရလည်းဈေးတက်” လို့ အနုပညာသတင်းတွေ ရိုက်ကူးနေတဲ့ ဦးမြတ်ခိုင်က ရေးသားထားတာတွေ့ရတယ်။ နှစ်ပတ်ပြရတယ်သာ ကြေညာနေပေမဲ့ တကယ်တမ်းရုပ်ရှင်ရုံမှာ လူမရှိပါဘူး။
တကယ်ပရိသတ်များလို့ လူပြည့်တာမဟုတ်ဘဲ အကြံအဖန်နဲ့ ဖြည့်ခဲ့ကြလို့ ရန်ကုန်လို လူဦးရေများတဲ့မြို့တွေမှာ ဇာတ်ကားတစ်ကား နောက်ထပ်တစ်ပတ်ထပ်ပြသတာက မသိသာပေမဲ့ နယ်ရုံတွေမှာတော့ တော်တော်လေးသိသာသွားပါပြီ။ နယ်ရုံတွေမှာက တစ်ပတ်မပြည့်ခင်မှာပဲ ကြည့်မယ့်သူတော့ မရှိတော့ဘူး။ ပရိသတ်လာလည်း မီးပျက်လို့ မီးစက်နှိုးရမယ့်ဆီစျေးနဲ့ မကိုက်တော့ မပြကြတော့ဘူး။ အဲဒီလိုနဲ့ နယ်ရုံတွေဟာ သောကြာ၊ စနေ၊ တနင်္ဂနွေနဲ့ အခါကြီးရက်ကြီးလောက်သာ လူရှိပြီး ကျန်ရက်တွေမှာ ဝန်ထမ်းတွေပဲ ငုတ်တုပ်ထိုင်နေရပါတယ်။ မကြာခင် နယ်ရုံတွေ ပိတ်ရဖို့များတယ်လို့လည်း ကြားလာရတယ်။
တကယ်တော့ မြန်မာ့ရုပ်ရှင်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေကိုသာ အမှီပြုရပ်တည်နေရတာဖြစ်ပါတယ်။ အာဏာသိမ်းကာလမတိုင်မီကဆိုရင် မြန်မာ့ရုပ်ရှင်ဟာ တစ်ရက် ၅ ပွဲတိတိ ပြသနိုင်ခဲ့ပါတယ်။ တချို့ရုံတင်ရုပ်ရှင်ကားတွေဆိုရင် လူများလွန်းလို့ ညသန်းခေါင်ယံရှိုးဆိုတဲ့ ၁၂ နာရီအထိ ထပ်တိုးပြသခဲ့ရဖူးပါတယ်။ အခုတော့ တစ်ရက်နှစ်ပွဲတောင် အနိုင်နိုင်ပြသနေရပြီး လူမရှိလို့ မပြရတာတွေ များလာခဲ့တယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် ညမှောင်ရင် အပြင်မှာ မနေရဲကြလို့ ည ၆ နာရီခွဲပွဲချိန်တောင် လူမရှိလို့ မပြကြရဘူးလို့ သိရတယ်။
နောက်တစ်ခုကတော့ လူထုရဲ့ပိုမိုဆိုးရွားလာတဲ့ ကျပ်တည်းမှုတွေပါ။ ရုပ်ရှင်တစ်ကားကြည့်ဖို့ လက်မှတ်ခက တစ်ဦးကို အနည်းဆုံး ကျပ်ငါးထောင်ဝန်းကျင်ကနေ တစ်သောင်းကျော်အထိ ဖြစ်နေပါပြီ။ မိသားစုတစ်စု ရုပ်ရှင်ကြည့်ရဖို့ လက်မှတ်ဖိုး၊ ကားခ၊ မုန့်ဖိုးအပါအဝင် လေးငါးသောင်းမပါဘဲ ရုပ်ရှင်မကြည့်နိုင်တော့ပါ။
အာဏာသိမ်းစစ်တပ်ကြောင့်တိုင်းပြည်စီးပွားရေးပျက်လာကြောင့် ပြည်သူအများစု ရုပ်ရှင်မကြည့်နိုင်ကြတော့ပါဘူး ။ဒါ့အပြင် စစ်တပ်နဲ့အဆင်ပြေတာနဲ့အနုပညာလုပ်ငန်းဆက်လုပ်ခွင့်ရပြီး ပြည်သူနဲ့ ရင်ဘတ်ချင်းဝေးသလို ၊အနုပညာအရည်အသွေးညံတဲ့ အနုပညာရှင်တွေရဲ့ သရုပ်ဆောင်မှုတွေကို ပြည်သူတွေက စိတ်ပျက်လာကြတာလည်းပါတယ်လို့ ရုပ်ရှင် ပရိတ်သတ်အချို့ကပြောပါတယ် ။
မြန်မာ့ရုပ်ရှင်ဗွီဒီယိုလောကမှာ မအေးအေးဝင်းစီစဥ်သည်လို့ လူသိများတဲ့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သူ(မအေးအေးဝင်း အမျိုးသား) ကိုအုန်းဝင်းဆိုသူက သူ့ Facebook လူမှုကွန်ရက်မှာ “ ရုပ်ရှင်လုပ်ငန်းကငြီးငွေ့စရာကောင်းနေပြီ” လို့ ရေးသားထားပါတယ်။ အမှန်တော့ စိတ်ပျက်စရာကောင်းသွားခဲ့ပြီလို့ ဆိုလိုက်ချင်ပါတော့တယ်။



















































