-ကိုလီနို(လှိုင်သာယာ)ရေးသားသည်။
မန္တလေးဆိုသည် နှင့် တချိန်ကယဉ်ကျေးမှု၊ အနုပညာနှင့် ကုန်သွယ်စီးပွားရေးတို့ အေးချမ်းစွာ စီးဆင်းရာ မြို့တော်တခုအဖြစ်မြင်ကြပေလိမ့်မည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေး၏ မြို့ပြလူနေမှုစနစ် နှင့်တရားဥပဒေစိုးမိုးရေးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။
ယနေ့ကာလ မန္တလေးမြို့လယ်ခေါင်တွင် သေနတ်ကိုင်၊ ဓားကိုင်ခွင့်ရထားသည့်အာဏာပိုင်တို့၏ လက်ပါးစေဇိုးများ၊ ပျူစောထီးများသည် ဥပဒေအထက်တွင် ဗြောင်ကျကျ စိန်ခေါ် ခြိမ်းခြောက်ပြနေကြပြီ ဖြစ်သည်။

Public Service Announcement
ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည့် အဝတ်အထည်လုပ်ငန်းလုပ်ကိုင်သူ TikTok ဆယ်လီ ဇော်ဝင်းမောင်၏ ဆိုင်ရှေ့ဖြစ်စဉ်သည် ယနေ့ခေတ် ပျက်စီးယိုယွင်းနေသော စနစ်ဆိုးကို သက်သေပြလိုက်သည့် အထင်ရှားဆုံး သက်သေတခုပင်ဖြစ်သည်။
စီးပွားရေးသမားချင်းအငြင်းပွားမှု၊ပြိုင်ဆိုင်မှုဟူသည် မည်သည့်ခေတ်ကာလ၊ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆိုရှိစမြဲဖြစ်သည်။ထိုပြဿနာများဖြစ်လာပါက ဖြေရှင်းရန် တရားဥပဒေများရှိသလို လူမှုရေးအရ ညှိနှိုင်းဖြေရှင်းရမည့် နည်းလမ်းများစွာ ရှိပါသည်။
သို့သော် ယခုဖြစ်စဉ်တွင်မူ တရားဥပဒေစိုးမိုးရေး ယန္တရားကို ကျော်လွန်၍ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ဇိုး၊ ပျူစောထီးခေါင်းဆောင် ၂၀ ထက်မနည်းကို ဆိုင်ရှေ့သို့ခေါ်ယူကာ အင်အားပြ ခြိမ်းခြောက်ခဲ့ကြသည်။
“ ငါ့တူတို့ဘက်မှာဦးလေးရှိတယ်၊ဖြေရှင်းပေးမယ်” ဟူသော ပျူစောထီးခေါင်းဆောင်၏ စကားနှင့်
“ ပွဲကြည့်ချင်ရင်လာခဲ့လိုက်” ဆိုသည့် ဗြောင်ကျကျ စိန်ခေါ်သံများသည် တရားဥပဒေစိုးမိုးရေးကို ပလေကပ်ပုဆိုးလှန်ပြလိုက်ခြင်းပင် ဖြစ်သည်။
ပို၍ဆိုးသည်မှာ အဆိုပါဥပဒေမဲ့ အုပ်စုဖွဲ့ ခြိမ်းခြောက်မှုကို စစ်တပ်ထောက်ခံသူဟု လူသိများသည့် ပေါက်ကိုယ်တော်ဟု လူသိများသည့် ဇိုး၊ ပျူနှင့် ပြည်သူ့စစ်တို့၏ ခေါင်းဆောင်လုပ်နေသူကအဒါအမှန်ကန်ဆုံးပဲဟုအွန်လိုင်းပေါ်တွင် အားပေးအားမြှောက် ပြုလုပ်ခဲ့သည်။
TikTok ဆယ်လီဇော်ဝင်းမောင်သည်၂၀၂၃ ခုနှစ်က စစ်အာဏာရှင်ကို လှောင်ပြောင်သည့် ရုပ်သံကြောင့်ဖမ်းဆီးခြင်းခံခဲ့ရဖူးသည်။သို့သော် လွတ်မြောက်လာပြီးနောက်ပိုင်းတွင်မူ စစ်အာဏာရှင်စနစ်၏ အလိုကျ ရှင်သန်ရုံတင်မကဘဲ စစ်တပ်နောက်မြီးဆွဲ ပျူများ၊ဇိုးများနှင့်ပါ ပူးပေါင်းကာ ကိုယ်ကျိုးစီးပွားအတွက် အသုံးချလာသည်ကို တွေ့ရသည်။
ယခင် ၂၀၂၀ ခု ရှေ့ပိုင်းတွင် မန္တလေးလမ်းမများပေါ်တွင် ပလေကပ်ပုဆိုးနဲ့ မြင်းခေါင်းစွတ်ကျယ်ဝတ်၊ တကိုယ်လုံး တက်တူးအပြည့်နှင့် ပျူများ၊ဇိုးများကို ဗြောင်ကျကျ မြင်တွေ့ရလေ့မရှိခဲ့ပေ။ ယနေ့ ခေတ်ကာလတွင်မူ ၎င်းတို့သည် အာဏာရှင်၏ ထီးရိပ်၊ နန်းရိပ်ကို အကာအကွယ်ယူကာ မြို့ပြလူထုကြားထဲအထိ ဗြောင်ကျကျ ခေါင်းထောင်လာကြရုံမက၊ အွန်လိုင်း TikTok နှင့် လူမှုကွန်ရက်များကို အသုံးချကာဆယ်လီများအဖြစ်ပါ ပုံရိပ်ပြောင်းလဲလာကြသည်။
ပရဟိတသမားယောင်ယောင်၊ သူတော်ကောင်းယောင်ယောင်နှင့် လူမိုက်ကွန်ရက်များကို ချိတ်ဆက်ကာ မြို့ပြလူထုကို မိုက်ကြေးခွဲ ခြိမ်းခြောက်နေကြခြင်း ဖြစ်သည်။
ဤဖြစ်စဉ်သည် ဆိုင်နှစ်ဆိုင်၊ စီးပွားရေးသမားနှစ်ဦးကြားက ရိုးရိုးရှင်းရှင်း ပြဿနာတစ်ခု မဟုတ်တော့ပါ။
မြန်မာနိုင်ငံ၏ယဥ်ကျေးမှုမြို့တော်ကြီးတွင် လက်နက်ကိုင်လူမိုက်စနစ် စိုးမိုးလာနေပြီး၊ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမည့် တရားဥပဒေစိုးမိုးရေးယန္တရား ပျက်စီးသွားပြီဖြစ်ကြောင်းထင်းရှားစွာပြသနေသည့် နောက်ထပ်ညွန်ကိန်းတစ်ခုလည်းဖြစ်သည်။
တရားဥပဒေစိုးမိုးရေး ယန္တရားကို တာဝန်ယူထားကြသည့် တာဝန်ရှိသူအပေါင်းသည် ဤကဲ့သို့ ခြိမ်းခြောက်နေမှုများကို မည်သို့ ဖြေရှင်းကြမည်ဆိုသည်ကို စောင့်ကြည့်ကြရမည်ဖြစ်သည်။အမှန်တော့ လက်နက်အားကိုးဖြင့် အာဏာကိုလုယူထားသည့် အာဏာသိမ်းစစ်အုပ်စုလက်အောက်မှာ တရားဥပဒေစိုးမိုးမှု မရှိတော့ပဲ လက်နက်ကိုင်ထားသူ ၊ငွေရှိသူတွေကသာ တရားနိုင်ဖြစ်နေသည်မှာ သိပ်တော့ထူးဆန်းသည့်အရာတော့မဟုတ်ပေ။
မြန်မာပြည်သူတို့သည် စစ်အာဏာရှင်စနစ်ကိုသာမက၊၎င်းတို့က မွေးထုတ်ပေးလိုက်သည့်၊ ဥပဒေမဲ့ သောင်းကျန်းနေသည့် လက်ပါးစေ လူဆိုးလူမိုက် ကွန်ရက်များကိုပါ တွန်းလှန်ဖယ်ရှားပစ်ရမည့် နှစ်ထပ်ကွမ်း စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ဤကဲ့သို့သော လူမိုက်စနစ်ဆိုး နှင့် ထိုစနစ်ဆိုးများကို ရည်ရွယ်ချက်ရှိရှိ မွေးထုတ်နေသောစစ်အာဏာရှင် စနစ်ဆိုး များကို အမြစ်ပြတ် မနှိမ်နင်းနိုင်သရွေ့ မန္တလေးသူမန္တလေးသားများနှင့် မြန်မာပြည်သူတို့၏ နေ့စဥ်ဘဝသည် လုံခြုံစိတ်ချရမည် မဟုတ်ချေ။ ။



















































