close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ စစ်ကောင်စီ ရှိနေသရွေ့ တိုက်ပွဲတွေရှိနေမှာပဲ”

စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကိုချင်းတော်လှန်ရေးအင်အားစုတွေ ခုခံတိုက်ခိုက်နေတဲ့အခြေအနေ၊ ချင်းညီနောင်နဲ့ အာရက္ခတပ်တော်(ULA/AA) ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှု၊ ချင်းတော်လှန်ရေး အင်အားစုတွေအကြား ညီညွတ်ရေး စတာ​တွေကို ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ်။

●ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ

ဆလိုင်းယောမာန်နဲ့မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နယ်မြေစိုးမိုးမှုပြန်ရဖို့ ရည်ရွယ်ပြီး ချင်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတဲ့အတွက် ချင်းပြည်နယ်နဲ့ ဆက်စပ်ဒေသတွေမှာ နိုဝင်ဘာလဆန်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကိုချင်းတော်လှန်ရေးအင်အားစုတွေ ခုခံတိုက်ခိုက်နေတဲ့အခြေအနေ၊ ချင်းညီနောင်နဲ့ အာရက္ခတပ်တော်(ULA/AA) ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှု၊ ချင်းတော်လှန်ရေး အင်အားစုတွေအကြား ညီညွတ်ရေး စတာ​တွေကို ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး-ချင်းပြည်ကို စစ်ကောင်စီထိုးစစ်ဆင်တဲ့အကြောင်းဦးစွာမေးလိုပါတယ်။ စစ်တပ်က ချင်းမြောက်ပိုင်းကိုရော ချင်းတောင်ပိုင်းကိုပါ ထိုးစစ်ဆင်နေတဲ့ အ​ခြေအ​နေကိုရှင်းပြပေးပါလား။

Public Service Announcement

Public Service Announcement

ဖြေ-ထိုးစစ်ဆင်တဲ့အပိုင်းက ဒီလိုရှိပါတယ်။ ကျနော်တို့ ချင်းပြည်ကို ထိုးစစ်ဆင်တာက ၂၀၂၅ အစောပိုင်းကတည်းကပါ။ ဇွန်လောက်မှာပေါ့နော်။ ကလေး ဒကစ ကနေ စစ်ကား ၁၅စီးလောက်တက်သွားတာ။ချင်းမြောက် တီးတိန် သိုင်းငင်းကို သူတို့ ယူဖို့ ကြိုးစားတယ်။ အဲဒီမှာပဲ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီးမှ ဝိုင်းဝန်းပြီးမှ ပိတ်ဆို့ပြီးမှ တိုက်ခိုက်တာမှာ အကျအဆုံးများစွာနဲ့ အကုန်လုံး ပြန်ဆုတ်သွားတယ်။ ပြန်ပြေးသွားတယ်ပေါ့လေ။ အဲဒါက ၂၀၂၅ ဇွန်၊ ဇူလိုင်တုန်းက။ ဒီ ချင်းတောင်ဘက်ကိုလာတာက ပခုက္ကူကနေ စစ်ကား ၁၂၆ စီး ထွက်လာတာက သုံး၊လေးလလောက်ကြာပြီးမှ ပေါက်ကို ရောက်နိုင်တယ်ပေါ့။ပေါက်နဲ့က တကယ့်တကယ်တော့ မိုင် ၄၀၊ ၅၀ လောက်ပဲရှိတာပါ။ အဲဒါကို ၂လ၊ ၃လကြားသွားတယ်။ အဲဒီကနေ ပေါက်ကိုရောက်တယ် ။ပေါက်ကနေအင်အားဖြည့်ပြီးမှ မကွေးတိုင်း ယောဒေသကို ထိုးလာတယ်။ ပုံတောင်၊ ပုံညာတကြောကို ထိုးလာတော့ ကျနော်တို့ အဲဒီမှာခံစစ်စည်းလုပ်ပြီး ထိတွေ့တိုက်ပွဲတွေဖြစ်နေတာပေါ့။ပြီးခဲ့တဲ့ နှစ်ပတ်၊ သုံးပတ်အတွင်းမှာပဲ စစ်ကောင်စီက တီးတိန်မြို့ကို အောက်တိုဘာလကုန်ပိုင်းမှာ တီးတိန်မြို့ကို ဟတ်စကီးက အကြိမ်ပေါင်း ၂၆ကြိမ်၊ ၂၇ကြိမ်လောက် MI-17က ဆင်းတယ် တီးတီန်မြို့ထဲကို လူတွေ၊လက်နက်ရိက္ခာတွေ ထည့်တယ်။ တဆက်တည်းမှာလည်းပဲ ဟိုတခါ ပြေးသွားတဲ့ နောက်ပြန်ဆုတ်သွားတဲ့ အဖွဲ့တွေက အင်အားပြန်ဖြည့်ပြီးမှ ကလေး ဒကစ ဘက်ကနေပြန်တက်လာတယ်။သိုင်းငင်းကိုယူချင်တာပေါ့။ တီးတိန်မြို့ထဲကိုဟက်စကီး ၂၆ စီးဆင်းတာကလည်းပဲ တီးတိန်မြို့ကနေ ထွက်လာတယ်။ ထွက်လာပြီးမှ ကနေဒီတောင်ကို ယူတယ်။…။ အဲဒီ အင်္ဂလိပ်ခေတ်က ခံတပ်ကိုယူတယ်။ ပြီးမှ သိုင်းငင်းဘက်ကို ဆင်းလာတယ်။ ကလေးဒကစဘက်ကလည်းပဲ သိုင်းငင်းဘက်ကို တက်လာတယ်ပေါ့။ လမ်းမှာ မွှယ်ပီ ဆိုတဲ့ရွာတွေကျတာပေါ့။ တခါတိုက်ပွဲအကြီးအကျယ် ဖြစ်ပြီးမှ သူတို့ ဆုတ်သွားတဲ့ နေရာပေါ့။ ဒီတကြိမ်တော့ ကလေး ဒကစဘက်က တက်တာလည်း အယောက် ၂၀၀ကျော်တက်တယ်။ နောက်ချန်အင်အားနဲ့ လည်းဆက်တက်လာတယ်။တီးတိန်ဘက်ကလည်း အယောက် ၂၀၀၊ ၃၀၀ နီးပါး ထွက်လာတယ်။ အဲဒါတွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာပေါ့။ကျနော်တို့ သတင်းထုတ်တာလည်း တွေ့ရမှာပါ ဘယ်လိုမျိုးဖြစ်တယ် သုံ့ပမ်းတွေဖမ်းဆီး ရမိတယ် ဘာညာ စသဖြင့်ပေါ့ အဲဒီလိုမျိုးတွေရှိတယ်။

နောက်တခုက ဂန့်ဂေါကနေ နတ်ချောင်းဘက်ကနေ ဝေဘူလ ကိုတက်လာတဲ့ စစ်ကြောင်းရှိတယ်။ ဝေဘူလကနေတောက်လျှောက်ဖလမ်းဘက်ကိုထိုးလာတဲ့ နောက်ထပ်စစ်ကြောင်းတကြောင်းလည်း ရှိပြန်တယ်။စစ်ကောင်စီကလည်း ကလေးမြောက်ပိုင်းကို စစ်ကြောင်းထိုးလာတာကြာပြီ။ အဲဒီကနေကလေးတောင်ပိုင်းကိုထိုးလာတယ်။ ကလေးတောင်ပိုင်းကို ဖြတ်သွားပြီး ဂန့်ဂေါနယ်ထဲရောက်လာတယ်ပေါ့နော်။ ကျနော်တို့ ပုံတောင်၊ပုံညာဘက်မှာ တောက်လျှောက်ဖြစ်နေတဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီက ခုနောက်ပိုင်းဆို နောက်ထပ် အင်အား ပေါက် ကပစ(၂၄) ပေါ့နော်။ ပေါက်ကပစမှာ အင်အားတွေထပ်ဖြည့်ပြီး နောက်ချန် အင်အားတွေထပ်တိုးလာတယ်ပေါ့နော် ထိတွေ့တိုက်ပွဲတော့ တောက်လျှောက်ဖြစ်တယ်။ ဝေဟင်သတင်းတွေကြည့်ရင် သိရပါတယ်။ထီးလင်းအရှေ့ခြမ်းတို့ ပေါက် တောင်ခြမ်းတို့၊ ပေါက် အရှေ့ခြမ်း ထီးလင်းရဲ့ အနောက်တောင်ခြမ်း အဲဒါမျိုးတွေ ကို လေကြောင်းတိုက်ခိုက်မှုတွေဆိုရင် ကျနော်တို့ ထိတွေ့မှုတွေ ဖြစ်နေတဲ့နေရာပါပဲ။ စစ်ကောင်စီက အင်အားတွေထပ်ဖြည့်လာတာပေါ့။

မေး-စစ်ကောင်စီက လေကြောင်းကရော မြေပြင်ကရော ဘက်ပေါင်းစုံကနေ ချင်းပြည်နယ်ကို နယ်မြေပြန်စိုးမိုးနိုင်ဖို့ အင်အားဖြည့်လုပ်နေတဲ့ အနေအထားမှာ ​ချင်းတော်လှန်​ရေးအဖွဲ့ကြုံရတဲ့ အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့က စစ်ရေးနဲ့ပတ်သက်ပြီးမှ သိပ်ပြောလေ့မရှိဘူးပေါ့။ဘယ်လိုအခက်အခဲတွေကြုံရတယ် အဲဒါနဲ့တော့ ဘာမှ ပြောလေ့တော့မရှိဘူး။ တခုကတော့ ကျနော်တို့အနေနဲ့ ကျတော့ ဥပမာ မင်းတပ်မြို့သိမ်းတိုက်ပွဲက ၂၀၂၄မှာလေနော်။ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး မကြာခင်မှာပဲ ကျနော်တို့က မြို့သိမ်းပြီးပြီဆိုပြီး တော်လှန်ရေးပြီးသွားပြီလို့ မနေဘူး။ မြို့သိမ်းပြီးအချင်းချင်းပြန်စုတယ်။သင်တန်းပြန်လုပ်တယ်။ သင်တန်းလုပ်တာတောင်မှ အင်အား ကြီးကြီးမားမားနဲ့ ဆင်းလာတာ တွေ့ရမှာပါ။ ကျနော်တို့ လွတ်မြောက်တယ်ဆိုတာ မြို့ကို ပြန်သိမ်းလိုက်တယ် ဆိုတာ ယာယီလွတ်မြောက်မှုပဲဖြစ်တယ်။ တမြို့နယ်လုံး စစ်ကောင်စီ ကင်းစင်သွားတဲ့ အချိန်မှာ ဒါက လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရသွားပြီ။ အရင်တုန်းက ဆိုရင် မင်းတပ်မြို့ကြီးကို ကွေ့ပတ်ရှောင်ရ။ ဟိုနားလည်း မလွတ်လပ်၊ ဒီနားလည်းသွားရတာ မလွတ်လပ်တော့ ချောင်ကြို ချောင်ကြားထဲက သွားရတာလေ။အခုတမြို့နယ်လုံးလွတ်လပ်တယ် တမြို့နယ်လုံး လွတ်လွတ်လပ်လပ် ကွင်းဆင်းလို့ရတယ်။ ပြည်သူလူထုနဲ့ တွေ့ဆုံတယ်။ ဟောပြောတယ်။ နောက်ထပ်အတွက် အဆင်သင့်ပြင်ထားရတယ် စုစည်းထားရတယ်။ ထရိန်နင် ပြန်လုပ်တယ်။ ပြန်ပြင်ဆင်ထားရတာ။ ဒါ ကျနော်တို့ မျှော်လင့်ထားတဲ့အရာပဲ။ဒါ စစ်ကောင်စီ ရှိနေသရွေ့ တိုက်ပွဲတွေရှိနေမှာပဲ။ စစ်ကောင်စီက သူက မယှဉ်နိုင်တော့တဲ့အခါ ဥပမာ ၀လိုမျိုး ဘာလိုမျိုးဖြစ်မှ မဟုတ်ရင်လည်း အခြေအနေ အကြောင်းကြောင်းဖြစ်မှ ငြိမ်းချမ်းရေးစကားတွေပြောလာမှာ။ ဒါမှမဟုတ်ရင် သူက လာမှာပဲ။ ဆိုတော့ ကျနော်တို့ အနေနဲ့ ပြင်ဆင်ရမှာပဲ။ လုပ်စရာရှိတာ လုပ်ရမှာပဲ။ ကျနော်တို့ ရည်မှန်းချက်အတွက် ဆက်လက်တိုက်ပွဲဝင်စရာရှိတာဝင်ရမယ်ဆိုပြီးမှမြို့သိမ်းပြီးလို့သွေးအေးသွားတဲ့အထဲမှာကျနော်တို့မပါဘူး။ ဆက်ပြင်ဆင်ကြတယ် ဆက်ပြီးမှ လေ့ကျင့်ကြတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုးဖြစ်လာတော့ ကျနော်တို့ လူတွေချင်းပြည်နယ်အစပ်မှာပဲ ကျနော်တို့က ခံစစ်စည်းကိုထားတာမဟုတ်ဘူး။ စစ်ကောင်စီနည်းနည်း လှုပ်ရှားပြီဆိုတာနဲ့ ဟိုး မကွေးတိုင်းထဲဆင်းသွားပြီးတော်တော်ဝေးဝေးအထိ ကျနော်တို့ ခံစစ်စည်းကိုသွားထားတယ်။ ကျနော်တို့ နယ်မြေထဲ အဝင်မခံဘူးပေါ့။ လွတ်မြောက်သွားပြီဆိုပြီးမှ အောင်ပွဲရတယ် အတိုင်းအတာတခုထိ အောင်ပွဲ ရတယ် လွတ်မြောက်သွားပြီဆိုပြီးမှ အငြိမ်မနေဘဲ ကျနော်တို့ လေ့ကျင့်တယ် ပြင်ဆင်တယ် မျှော်လင့်ထားတယ် သက်လုံကောင်းအောင် ပြင်ဆင်ထားတဲ့အပိုင်းတွေပါပဲ။ အဲဒီလိုမျိုးဆိုတော့ လက်ရှိအချိန်ထိတော့ချင်းပြည်တောင်ပိုင်းဘက်မှာ စစ်ကောင်စီကိုဟန့်တားနိုင်တဲ့ အခြေအနေမျိုးရှိတာပေါ့။ ရှေ့တိုးနောက်ဆုတ်ဟန့်တားနိုင်တဲ့ အခြေအနေတော့ဖြစ်တယ်။

မေး-ချင်းပြည်နယ်မှာ တော်လှန်ရေးအင်အားစု နှစ်ခုရှိနေတဲ့သဘောမျိုးပေါ့။ ချင်းပြည်ကောင်စီ၊ ချင်းညီနောင်ဆိုပြီး။ အခုလိုမျိုး စစ်ကောင်စီက ထိုးစစ်ဆင်လာတာမှာ ဒီအဖွဲ့ နှစ်ဖွဲ့ ညီညွတ်နိုင်ရင် ပိုပြီးခုခံမှုအားကောင်းတာဆိုတော့ ဒီအပေါ် ဘာပြောလိုပါသလဲ။

ဖြေ-ကျနော်တို့က ညီညွတ်ရေးဆိုတာထက် လုပ်စရာရှိတာ လုပ်နေတာပဲ။ စစ်ကောင်စီကိုတိုက်ခိုက်တဲ့အခါ CC၊ CB လို့ မခွဲဘဲနဲ့ ဥပမာပထမဆုံးအကြိမ် ကလေးဒကစ ကနေ စစ်ကား ၁၅ စီးနဲ့ တက်လာတုန်းကဆိုရင် ကျနော်တို့ CBက ရဲဘော်တွေရော၊ CC တပ်ဖွဲ့ဝင်တွေရော အကုန်လုံးစုစည်းပြီးမှ စစ်ရေးအရတော့ ရန်သူကိုတိုက်ခိုက်မှုမှာ ပေါင်းစည်းညီညွတ်ကြပါတယ်။ ဒါက CDF တွေအချင်းချင်း ကတော့ အချိန်မရွေး ပေါင်းစည်းလို့ရတယ် ညီညွတ်လို့ရတယ် ပူးပေါင်းတိုက်ခိုက်ကြလို့လည်း ပထမအကြိမ် စစ်ကောင်စီ လုံး၀ နောက်ဆုတ်သွားတဲ့ အခြေအနေမျိုးရှိပါတယ်။ ဒီလိုမျိုး ဒုတိယ အကြိမ်ကျတော့ စစ်ကောင်စီကလည်း အိမ်စာလုပ်ပြီးမှပြင်ဆင်လာတယ်။ပြီးတော့တချို့နေရာတွေမှာအခက်အခဲလေးတွေရှိတဲ့အပိုင်းလေးတွေတော့ရှိတာပေါ့။ အဲဒါကြောင့် တချို့အရာတွေ ထုတ်ဖော်ပြောဆိုဆွေးနွေးရတဲ့အခါကျရင် တဖက်သားကို တိုက်ခိုက်သလိုဖြစ်မှာဆိုးတယ်။ အဲဒီအတွက်ကြောင့် သိပ်မဆွေးနွေးချင်ဘူး။ ဥပမာ စစ်ကောင်စီက ဝေဘူလကိုရသွားတယ်။ ဂန့်ဂေါ နတ်ချောင်းကနေဝေဘူလကိုတက်သွားတယ်။ဝေဘူလဆိုတာလုံး၀ လွတ်မြောက်ပြီးသားမြို့တမြို့ပဲလေ။ မြို့ကတော့ မြို့သေးလေးပါပဲ။ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ပေါ့ ဖလမ်းမြို့နယ်နဲ့ ဂန့်ဂေါခရိုင်ထိစပ်နေတဲ့ မြို့သေးလေးတခုပါပဲ။မြို့ရတာတောင် မကြာသေးပါဘူး။ စစ်ကောင်စီက စစ်တပ်စွန့်ခွာလိုက်တဲ့မြို့။…။ဝေဘူလကနေဖလမ်းဘက်ကို ဦးတည်နေတဲ့ ပုံစံတော့ရှိတယ်။ ဝေဘူလက CC လက်အောက်ကနေပေါ့နော် ဒါပေမဲ့ ဝေဘူလကိုဝင်သွားတော့ ဝေဘူလကနေ ဖလမ်းဘက်ကိုဝင်တာမျိုးတော့ရှိတယ်။ စစ်ကောင်စီက အရင်ကထက် အင်အားတွေအများကြီးရှိတယ်ဆိုတဲ့အတွက်ကြောင့် အခက်အခဲတွေရှိတဲ့အပိုင်းတွေရှိတယ်။ CDF တွေအချင်းချင်းကတော့ ၂၀၂၁မှာ ပေါ်လာတဲ့အဖွဲ့တွေဆိုတော့ အချင်းချင်း စုစည်းဖို့ ပေါင်းစည်းဖို့ ကလွယ်တယ်။ ပေါင်းစည်းနေကြတာပဲ။တချို့တချို့သော နိုင်ငံရေးပိုင်းတွေ အဲဒီပိုင်းတွေမှာ ကျတော့ပေါင်းစည်းဖို့အတွက် ခက်ခဲနေတာ။လူငယ်တွေကပေါင်းစည်းဖို့လွယ်ပါတယ်။ ပေါင်းစည်းကြပါတယ်။ တချို့တချို့သော နိုင်ငံရေးတွေနဲ့ တချို့ လူကြီးတွေ နဲ့ ဆွေးနွေးတဲ့အပိုင်းမှာတော့ အခက်အခဲရှိတာပေါ့။

မေး-အခက်အခဲ တွေကြားက ပိုကောင်းအောင် တနည်းနည်းနဲ့ဆက်လုပ်သွားရမယ့်သဘောလား။

ဖြေ-ကျနော်တို့ကတော့ ရှင်းရှင်းပြောမယ်ဆိုရင် လွတ်မြောက်အောင် တိုက်ထုတ်ပြီးသားနေရာတွေတော့ ပြန်မပေးချင်ဘူး။ ဒါက အသက်နဲ့ ရင်းပြီးအများကြီး တိုက်ယူခဲ့ရတာကိုး။ဆိုတော့ လွတ်

မြောက်တဲ့နယ်မြေကတော့ အစွမ်းကုန်ကာကွယ်ရမှာပဲ။ အစွမ်းကုန် ဖြစ်နိုင်တဲ့နည်းနဲ့ ရုန်းကန်ရမှာပေါ့။ အဲဒီလိုမျိုးတော့ရှိပါတယ်။အာမခံချက်တော့မရှိဘူးပေါ့နော်။ဒါပေမဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ

လောက် အများကြီး အလုပ်လုပ်ရမှာပေါ့။

မေး-စစ်ကောင်စီက အခုလို ထိုးစစ်ဆင်နေတာဟာ ရွေးကောက်ပွဲလုပ်ဖို့ နယ်မြေစိုးမိုးဖို့ ရည်ရွယ်တာဆိုတော့ ဒီ ရွေးကောက်ပွဲဘယ်လိုမြင်ပါသလဲ။

ဖြေ-စကစရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျနော်တို့စာထုတ်ထားတာလည်းရှိပါတယ်။ ဒါအားလုံးကလည်းသိပါတယ် လူတိုင်းသိတဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ် ဒါယုံကြည်လို့ရတဲ့ဟာ မဟုတ်ဘူး။မှတ်ချက်ပေးဖို့တောင်ခက်ပါတယ်။ ပြောချင်တာက သူလုပ်နေတဲ့အပိုင်း ပါတီတွေရှိတယ်ဆိုတဲ့ဟာကလည်း လူရယ်စရာကောင်းပါတယ်။ ရွေးကောက်ရတဲ့ပုံစံ မဲပေးမှု ပုံစံမှာလည်းပဲ ပွင့်လင်းမြင်သာမှုရှိတဲ့ပုံစံ ပြည်သူတွေမဲပေးနိုင်တဲ့ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးဖမ်းထားတယ်၊ တခြားနိုင်ငံရေးပါတီတွေဖျက်သိမ်းခိုင်းတယ်၊ ပြီးတော့မှ ကျန်တဲ့နေရာတွေအကုန်လုံး လိုက်ပြီးမှ ဗုံးကြဲနေတယ်၊ ထိုးစစ်ဆင်နေတယ် ဒီကြားထဲမှာ နေရာကွက်ကြား ရွေးကောက်ပွဲလုပ်တယ် ပွင့်လင်းမြင်သာမှုမရှိ တရားမျှတမှုလည်း မရှိဘူးပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး အများကြီး မှတ်ချက်ပြုဖို့တော့ မရှိပါဘူး။ စစ်ရေးကိုပဲ တစိုက်မတ်မတ် မမှိတ်မသုန် အာရုံစိုက်လုပ်သွားဖို့ပဲရှိမှာပါ။

မေး-စစ်ကောင်စီကနယ်မြေစိုးမိုးဖို့ လုပ်လာတဲ့အပေါ် ခုခံတဲ့အပေါ် မဟာမိတ်တွေနဲ့ ဘယ်လိုချိတ်ဆက် ဆောင်ရွက်​နေတယ်ဆိုတာ အသိပေးလို့ရပါသလား။အထူးဖြင့် နယ်မြေချင်း ဆက်စပ်နေတဲ့ အဖွဲ့တွေပေါ့ မကွေး၊ စစ်ကိုင်းပါတယ် ရက္ခိုင်ပြည်နယ်ပါတယ်ပေါ့။

ဖြေ-စစ်ရေးအရတော့ ခြေသံလုံအောင်လုပ်ရတာပေါ့။ အကုန်လုံးက ဆက်စပ်နေတာပဲ။ ကျနော်တို့ လက်ခံထားတာက မကွေး၊ စစ်ကိုင်း အဆင်မပြေရင်ကျနော်တို့လည်းအဆင်ပြေမှာမဟုတ်ဘူး။ ကျနော်တို့ အဆင်မပြေဘူးဆိုရင်လည်းသူတို့လည်း အဆင်ပြေမှာမဟုတ်ဘူး။ပြောချင်တာကသီးသန့် မဆိုင်သလို နေလို့ရတဲ့ ခေတ်ကြီးမဟုတ်တော့ဘူး။ကမ္ဘာကြီးရဲ့ သဘောသဘာ၀ကိုယ်ကလေ။ မြန်မာနိုင်ငံ အဆင်မပြေတဲ့အတွက်ကြောင့် အိမ်နီးချင်းတွေလည်းအနည်းနဲ့အများအကုန် ရိုက်ခတ်မှုရှိတာပဲ။နောင်မြန်မာနိုင်ငံအဆင်ပြေလာလို့ အိမ်နီးချင်းနိုင်ငံတွေ အဆင်မပြေရင်လည်း အနည်းနဲ့ အများ ရိုက်ခတ်မှုရှိမှာပဲ။ဒါကိုကျနော်တို့ နားလည်ထားတာပေါ့။ ဆိုတော့ ပူးပေါင်းဆောင်ရွက်မှုကရှိပါတယ်။

ULA/AA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းလည်း အသိပေးရသလောက်ပြောပြလို့ရမလား။

ဖြေ-ကျနော်တို့ အောက်တိုဘာလ အစောပိုင်းမှာ တွေ့ဖြစ်ကြတယ်။ချင်းညီနောင်ကအဖွဲ့ ၆ဖွဲ့ အဖွဲ့ဝင်တွေ အကုန်လုံး စုံစုံလင်လင်နဲ့ တွေ့ကြဆုံကြ စကားပြောကြတာဖြစ်တယ်။ပြီးတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ဆွေးနွေးဖြစ်ကြတာအများကြီးရှိတယ်။ ကျနော်တို့ လေ့လာ သင်ယူရတာအများကြီးရှိတယ်။ အခုမှ ဗိုလ်ချုပ်( ဗိုလ်ချုပ်ထွန်းမြတ်နိုင်)နဲ့ မျက်နှာချင်းဆိုင်ဖြစ်ကြတာပေါ့။ အရင်တုန်းကလည်း ကျနော်တို့ စစ်ရေးနဲ့ပတ်သက်လို့ တော်လှန်ရေးနဲ့ ပတ်သက်လို့ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြတာအများကြီးရှိပါတယ်။ကျင်ဒွေးကစလို့မတူပီ၊ မင်းတပ်၊ကန်ပက်လက်လွတ်မြောက်ဖို့ ဖလမ်းလွတ်မြောက်ဖို့ နဲ့ပတ်သက်ပြီး အများကြီးတိုင်ပင်ခဲ့ကြတယ်။ဆွေးနွေးခဲ့ကြတယ်။အဲဒီလိုလုပ်ကြတာတွေအများကြီးရှိပါတယ်။အခုမှပဲ မျက်နှာချင်းဆိုင်တွေ့ဖြစ်ကြတယ်။ မျက်နှာချင်းဆိုင် တွေ့ဖြစ်ကြတော့ အရင်တုန်းက ဟာတွေ စားမြုံ့ပြန်တာတွေရှိတယ်။ရှေ့ဆက်ပြီးဆွေးနွေးဖြစ်ကြတာတွေရှိတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်း တွေပဲကိုး တော်လှန်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးတယ်။ စစ်ရေးကတော့ စစ်ရေး အခြေအနေကို ကျနော်တို့ရဲ့တွေးပုံမြင်ပုံ သုံးသပ်ပုံ၊ ဗိုလ်ချုပ်ဆီက မှတ်ချက်ပြုဖို့ပေါ့နော် ။ ဗိုလ်ချုပ်ကနေပြန်ဆွေးနွေးတာ။ စစ်ရေးနဲ့ပတ်သက်ပြီး ကျနော်တို့ဘာလုပ်ကြမယ်ဆိုတဲ့ အပိုင်းတွေက အစ ဆွေးနွေးဖြစ်ကြတာပေါ့။ အခုမှ မျက်နှာချင်းဆိုင်ဆွေးနွေးကြတာပေါ့။ လက်တွဲပူးပေါင်းဆောင်ရွက်နေတာက ကြာပါပြီ။၂၀၂၄ အစောပိုင်းကတည်းကပဲ။ ၂၀၂၂ ၊ ၂၃ကတည်းကလည်း ကျနော်တို့လက်တွဲနေကြတာပါပဲ။ ၂၀၂၄ အစောပိုင်းမှာတကယ်လက်တွေ့ကျကျ အကောင်အထည်ဖော်လာတဲ့အပိုင်းရှိတာပေါ့။ ဆိုတော့ စစ်ရေးအပြင် တနိုင်ငံလုံးရဲ့ အရေးရဲ့အပြင် တနိုင်ငံလုံးဆိုတာ ကျနော်တို့က မြန်မာတော်လှန်ရေးက ဘယ်ဒေသမှာ ဘယ်လိုအခြေအနေရှိတယ်။ကျနော်တို့ ဒေသမှာလည်း ဘယ်လိုလုပ်ကြမှ ဖြစ်မယ် ဆိုတာမျိုးတွေဘယ်လိုပူးပေါင်းကြမှာဖြစ်တယ်ဆိုတဲ့အပိုင်းတွေပေါ့။ ပြီးတော့ နိုင်ငံရေးအပိုင်းတွေရော၊စီးပွားရေးပေါ့၊ နောက်နောင်ကို ပြည်သူလူထု စားဝတ်နေရေး ပြေလည်ဖို့ အခွင့်အလမ်းတွေ ဖန်တီးဖို့ စသဖြည့်ပေါ့ ရေရှည်ဆက်သွားရမယ့် အပိုင်းတွေက အစ ရေရှည်အကျိုးစီးပွားအတွက် တဦးနဲ့ တဦး အပြန်အလှန် ကျေးဇူးပြုဖို့ တဦးနဲ့တဦး အပြန်အလှန် အထောက်အကူပြုဖို့ပေါ့နော်။ အဲဒီအပိုင်းတွေပါ။

မေး-AA တပ်မှူးချုပ်ရဲ့ သဘောထား၊ သူ့အပေါ် အကိုတို့အမြင်၊ သူကဘာသတင်းစကားတွေ ပေးလိုက်လဲ အသိပေးလို့ရတာရှိရင်ပြောပေးပါလား။

ဖြေ-သတင်းစကား ပေးလိုက်တယ်ရယ်လို့တော့မရှိပါဘူး။ ကျနော်တို့ အပြန်အလှန် ဆွေးနွေးကြတယ်။ ညီအကိုတွေလိုပါပဲ။ အကိုတယောက်က ညီတွေကိုလှိုက်လှိုက်လှဲလှဲခေါ်ယူမိသားစု စကား၀ိုင်းလိုမျိုးပေါ့။ချင်းနဲ့ ရက္ခိုင်ဆိုတာ ညီအကိုတွေပဲ အိမ်နီးချင်းကောင်းတွေပဲ ဖြစ်ရမယ်ပေါ့ နော်။ အဲဒါနဲ့ပတ်သက်ပြီး သူတို့ကတော့ အပြန်အလှန်ဆွေးနွေးတဲ့သဘောပဲရှိပါတယ်။ သူတို့အနေနဲ့ ဆရာ Roleတခုလိုမျိုးတောင်မှမယူပါဘူး။ ပြောချင်တာကတန်းတူတန်ဖိုးထားတယ်။တန်းတူရည်တူ ဆက်ဆံတယ် ဆွေးနွေးတယ် တိုင်ပင်ကြတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားကြပါတယ်။ တဖက်မှာလည်းပဲ ကျနော်တို့ကအတုယူဖို့ ကြိုးစားတဲ့အပိုင်းမှာ ခြေသံလုံလုံနဲ့ အလုပ်လုပ်ဖို့ပေါ့။ ခြေသံလုံလုံနဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ပေါ့။..။ တနိုင်ငံလုံးနဲ့ပတ်သက်ပြီးမှ ကျနော်တို့မှာလည်းပထမ လေးငါးနှစ် အထိုက်အလျောက်တော့ သင်ခန်းစာယူစရာတွေလည်းမြင်ခဲ့ပြီ။ …။မျှော်လင့်ချက်ဆိုတာလွယ်လွယ်နဲ့မပေးသင့်ဘူးပေါ့နော်။လုပ်နိုင်သလောက် လုပ်နေရင်းနဲ့ပဲ လူတွေ တဖြည်းဖြည်းမျှော်လင့်လာတယ်ဆိုတာတော့ဒါလူတွေရဲ့အပိုင်းပေါ့။ကိုယ်တွေအနေနဲ့ တက်နိုင်တာလေးကို တက်နိုင်သလောက် လုပ်နေဖို့ ရုန်းကန်နေဖို့ပါပဲ။

မေး-ချင်းပြည်နယ် ပလက်၀အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့တာရှိပါသလား။ ဒီအပေါ် သူတို့ ဘာပြောတာရှိပါသလဲ။

ဖြေ-ချင်းပြည်နယ် ပလက်၀ အရေးနဲ့ပတ်သက်ပြီး အရင်တုန်းကဆွေးနွေးသလိုပါပဲ။ အရင်တုန်းက ပြောခဲ့သလိုပဲပေါ့နော်။ချင်းနဲ့ ရက္ခိုင်နဲ့ အပြန်အလှန် အကျိုးကျေးဇူးပြုကြဖို့။ နိုင်ငံရေး စစ်ရေး ပြောင်းလဲလာတာနဲ့အမျှ တဖြေးဖြေး ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့သဘောမျိုး ပေါ့ ပလက်၀မှာရှိတဲ့ ရက္ခိုင်တွေအတွက်ရော၊ ပလက်၀မှာရှိတဲ့ ချင်းတွေအကုန်လုံး ပူးပေါင်းပါဝင်တဲ့ ချင်းပြည်နယ်ပလက်၀နဲ့ပတ်သက်ပြီးသူတို့အနေနဲ့ စောစောက ပြောသလို ဒါဖြစ်မယ် ဒီလိုလုပ်ကြမယ် ဆိုတာမျိုးထက်ပေါ့။ ကျနော်တို့ အကုန်လုံးလက်ခံထားတာက ချင်းပြည်နယ် အလုံးစုံ မလွတ်မြောက်သေးဘူး။ရက္ခိုင်ပြည်နယ်အလုံးစုံမလွတ်မြောက်သေးဘူး။လွတ်မြောက်ပြီးသား နေရာတွေလည်း တကယ်လွတ်မြောက်ပါမယ်လို့ အာမခံချက်က အပြည့်အ၀ ရှိသေးတာမဟုတ်ဘူး။ဆိုတော့နွားရှေ့ထွန်ကျူး မပြောဖြစ်ကြဘူးပေါ့နော်။ အများကြီးတော့ မဆွေးနွေးဖြစ်ပါဘူး အဲဒါနဲ့ပတ်သက်ပြီ။ ဒါပေမဲ့ အရင်ကတည်းက နားလည်ထားကြတာကလွတ်မြောက်မှုကိုအားထုတ်ရမယ်။ လွတ်မြောက်မှုကို ခိုင်မာအောင်လုပ်ရမယ်။ ပြီးတော့မှ ချင်းပြည်နယ် ပလက်၀နဲ့ ပတ်သက်ပြီးတော့မှ အဲဒီ ချင်းပြည်နယ် ပလက်၀မှာနေတဲ့ သူတွေအကုန်လုံးရဲ့ အကျိုးစီးပွား ဒေသခံ ပြည်သူလူထုရဲ့ ပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရား၊ စီးပွားရေး၊ တရားစီရင်ရေး အကုန်လုံး မှာပေါ့နော် အကုန်လုံး ဘယ်သူမှ ကျန်ခဲ့တာမျိုး ဖယ်ကျဉ်ခံရတာမျိုးမရှိတဲ့ မျှတတဲ့ အုပ်ချုပ်ရေးဖြစ်အောင် တဖြည်းဖြည်း တဆင့်တဆင့် သွားမယ့်အပိုင်းတွေပေါ့။ ကျနော်တို့အနေနဲ့ အဓိက နယ်မြေကာကွယ်ဖို့ လွတ်မြောက်ခြင်းက ယာယီလွတ်မြောက်မှုကနေ ထာ၀ရ လွတ်မြောက်မှု ဖြစ်ဖို့၊ မလွတ်မြောက်သေးတဲ့ ဒေသတွေ ထပ်လွတ်မြောက်အောင်လုပ်ဖို့ အဲဒါတွေအကုန်လုံး အာရုံစိုက်နေပါတယ်။ မဟုတ်ရင် လွတ်မြောက်ပြီးသားနေရာတွေ ပြန်ပါသွားတယ်ဆိုရင် ပလက်၀နဲ့ပတ်သက်ပြီး ပြောကြဆိုကြတဲ့ဟာ အလကား ဖြစ်ကုန်မှာပေါ့။ အခု တချို့မြို့တွေပြန်ပါသွားတဲ့အခါကျတော့လည်း ဘာမှ နယ်မြေမှာ စိုးမိုးမှုမရှိတော့ဘူးဆိုမှတော့ ဘာမှမရှိတော့ဘူးလေ။ အဲဒီလိုဆိုတော့ ဒါနဲ့ပတ်သက်ပြီး မဆွေးနွေးဖြစ်ကြဘူး။

မေး-ပြည်ထောင်စုအရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားတွေရှိပါသလဲ။ လက်ရှိက အကြပ်အတည်းတွေ ကြုံနေတဲ့ကာလဆိုတော့လေ။

ဖြေ-ကျနော်တို့မှာက ဒေသတိုင်းမှာ ဖြစ်သွားတဲ့ဟာတွေ ဖြစ်ပျက်နေကြတယ် ဥပမာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေ ရှမ်းမြောက်မှာဖြစ်နေတဲ့ အခြေအနေ ၊ ရက္ခိုင်မှာ ဖြစ်တဲ့အခြေအနေ၊ ချင်းမှာဖြစ်တဲ့အခြေအနေ၊ ကရင်မှာ ဖြစ်တဲ့အခြေအနေ တွေကို ယျေဘူယျဆွေးနွေးဖြစ်ကြတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ အရှိန်အဟုန်မြှင့်လာတာ၊ စစ်ကောင်စီသံတမန်ရေးရာအရ ခေါင်းထောင်လာတာပြီးတော့ ရက္ခိုင်အနေနဲ့ဆိုရင် ကြီးမားတဲ့ နိုင်ငံရေး ဆွဲအားတွေကြားထဲမှာ နေတယ်ဆိုတော့ သတိကြီးကြီးဉာဏ်ကြီးကြီးနဲ့လုပ်ကိုင်လှုပ်ရှားနေရတဲ့အပိုင်း၊ စစ်ကောင်စီ ရဲ့ တန်ပြန်လာတဲ့အပိုင်း၊ စစ်ကောင်စီ ခြေလှမ်းလှမ်းလာတဲ့အပိုင်း။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး ဖြစ်နေတဲ့ ဒေသအမျိုးမျိုးမှာ ဖြစ်ပျက်သွားတဲ့အခြေအနေတွေ ယျေဘူယျအားဖြင့်ဆွေးနွေးကြတာပါ။ ကျနော်တို့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်စရာရှိတယ်တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့။ တဆက်တည်းမှာလည်း စိုးရိမ်စရာတွေ ကို စိုးရိမ်မကင်းဖြစ်စရာတွေကို အားယူတက်ဖို့ စိုးရိမ်စရာတွေသည် နှိုးကြားမှုတခုဖြစ်စေဖို့ပြီးတော့မှ ကျနော်တို့က မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ဖို့ ဆင့်ကဲတိုးတက်ပြောင်းလဲ လာဖို့ သင်ယူပြီး အလိုက်သင့် ပြောင်းလဲပြီး ဒီစိန်ခေါ်မှုတွေကို ပြန်တုန့်ပြန်နိုင်ဖို့ ပြန်တွန်းလှန်နိုင်ဖို့ပေါနော်။ ကျနော်တို့ဘက်ရောဘယ်လိုနည်းဗျူဟာတွေ မဟာဗျူဟာ တွေ ဘယ်လိုချမှတ် မလဲဆိုတဲ့အပိုင်းတွေ အဲဒါမျိုးတွေတော့ ဆွေးနွေးဖြစ်ကြတယ်။ ဒါက တော်လှန်ရေးမှာ အတက်အကျ အနိမ့်အမြင့် ရှိတာပေါ့နော်။အဲဒီလိုမျိုးတွေ ။ကျနော်တို့ဘာသာ ကျနော်တို့ လည်းရက္ခိုင်မှာသွားပြီးမြေပြင်မှာ လေ့လာတာပဲ။ လိုင်းပေါ်မှာ ကြားနေရတာ မြင်နေရာတာနဲ့ မြေပြင်မှာ တွေ့ရတာနဲ့အများကြီးကွာတယ်။ အဲဒီအပေါ်မှာ သူတို့တွေ ဘယ်လို ဥပမာဆိုပါစို့ မတူညီတဲ့ ရက္ခိုင်တွေနဲ့ ချင်းတွေ ရက္ခိုင်တွေနဲ့ မွတ်ဆလင်တွေ ဘယ်လိုနေထိုင်ကြတယ်ဆိုတဲ့ အပိုင်းတွေပေါ့။ အချို့နေရာတွေမှာ မွတ်ဆလင်တွေကိုလည်းဘယ်လိုမျိုးတာဝန်တွေပေးထားတယ်ဘယ်လိုမျိုး လုပ်ပိုင်ခွင့် ရာထူးပေးထားတယ်ဆိုတဲ့အပိုင်းကအစပေါ့။ တချို့တချို့ အရှိတရားသည် တနိုင်ငံလုံးအတိုင်းအတာနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်စရာတွေကို နှိုးကြားမှုတခုအဖြစ် ပြောင်းလဲနိုင်ဖို့ မြန်မြန်ဆန်ဆန် ကိုယ့်ဘက်ကလည်း ပြန်လည်တည်ဆောက်စရာရှိတာ ပြင်ဆင်စရာရှိတာ ပြန်လည်လေ့လာသင်ယူ ပဲ့ပြင်စရာရှိတာ ပြန်လည်တုန့်ပြန်နိုင်ဖို့ ပေါ့နော် အဲဒီလိုမျိုးဆွေးနွေးဖြစ်ကြပါတယ်။ ရှေ့ပိုင်းတွေမှာလည်း ကျနော်ပြောခဲ့သလို ကျနော်တို့ဘယ်လိုပဲ ဆွေးနွေးထား ဆွေးနွေးထားလေနော် အရှင်းဆုံးပြောရရင်စစ်ကောင်စီကို ကောင်းကောင်းမွန်မွန် မတော်လှန်နိုင်ဘူး၊ မတွန်းလှန်နိုင်ဘူးဆိုရင်ဘယ်လောက်ပဲ ဆွေးနွေးထား အလကားပဲလေ ဒီဆွေးနွေးတာက။ အလုပ်မဖြစ်တဲ့ ဆွေးနွေးမှု အဖို့ ကတော့ ဘာဖြစ်မှာလဲဆိုတော့ ကျနော်တို့ အနေနဲ့ တကယ်အလုပ်လုပ်လာတဲ့အခါ အရွေ့ဖြစ်အောင်လုပ်လာနိုင်တယ်ဆိုရင်ပေါ့လေ အဲဒီလို အကုန်လုံးအားထုတ်နေကြတာ အဲဒီကျရင် ကျနော်တို့ ဆွေးနွေးမှု အရာထင်တယ်လို့ပြောရမှာပါ။

မေး-လက်ရှိကြုံ​နေတဲ့ အခက်အခဲ​တွေကို ကျော်လွှားဖို့ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ရေး က အရေးကြီးဆုံးဆိုတာအားလုံးလည်းနားလည်တယ်။နားလည်တာကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဘာတိုက်တွန်းလိုပါသလဲ။ ရက္ခိုင်နဲ့ ချင်းမှာတင်မဟုတ်ဘဲ နိုင်ငံ တဝန်းလုံးအခြေအနေတွေကိုပေါ့။

ဖြေ-ကျနော်တို့ နည်းနည်းနားလည်တာက ညီညွတ်ဖို့လိုတယ်ဆိုတာ အားလုံးမသိတာ မဟုတ်ဘူး။ ဒါလူတိုင်းသိတဲ့ လျှို့ဝှက်ချက်လို့ ပြောရမှာပေါ့။ ဒါပေမဲ့လည်း ညီညွတ်တယ်ဆိုတာက ညီညွတ်ချင်စိတ်ရှိရုံ နဲ့ မပြီးဘူးလေ။စည်းလုံးဖို့ လိုအပ်တယ်ဆိုတာ နားလည်တာနဲ့မပြီးဘူး။ သူ့ကို မဟာဗျူဟာအရ ချဉ်းကပ်ရတဲ့အပိုင်းတွေ၊…၊ ပြီးတော့မှ အဖွဲ့အစည်းတခုနဲ့တခု ချိတ်ဆက်တယ် သူ့ရဲ့ ပရိုတိုကောတွေလိုက်နာတယ်။ ပြီးတော့ ချိန်သားကိုက်လုပ်ဆောင်မှုတွေ ပြင်ဆင်မှုတွေ အဲဒါမျိုးတွေက တဆင့်ချင်းတည်ဆောက်ရတဲ့အရာဖြစ်တယ်။ ကျနော်ပြောရဲတယ် အကုန်လုံး စည်းလုံးချင်ကြတယ် ညီညွတ်ချင်ကြတယ် ဒါပေမဲ့ စိတ်ထဲမှာ စည်းလုံးညီညွတ်ချင်တဲ့စိတ်ကလေးရှိရုံနဲ့ ပြီးသွားတာမဟုတ်ဘူး။ဒါတဦးတယောက်တည်းရှိတာမဟုတ်ဘူးနော် အကုန်လုံးမှာ ရှိတယ်ဆိုရင်တောင်မှ စည်းလုံးညီညွတ်တဲ့ စိတ်က actions တခုဖြစ်လာဖို့ ထိရောက်တဲ့အရွေ့တခုဖြစ်လာဖို့အတွက်ကကျတော့ တည်ဆောက်ရတဲ့အပိုင်းတွေ…။ ကနဦး ဒီလိုမျိုးစိတ်ရှိမှာပဲ။အိုင်ဒီယာကနေ စရတာပေါ့။ ဒီအိုင်ဒီယာအပေါ်မှာတကယ့်တကယ် အရွေ့ဖြစ်လာတဲ့ အရေးတယူဆောင်ရွက်လို့ရတဲ့ တကယ်လည်းအကောင်အထည်ဖော်လာတဲ့ စုစည်းမှုက အိုင်ဒီယာနဲ့ မဟုတ်ဘဲ တကယ့်မြေပြင်မှာ လက်တွေ့မှာ တိုက်ပွဲတွေမှာ တကယ်စုစည်းညီညွတ်ကြတယ်ဆိုတဲ့ဟာမျိုးဖြစ်အောင်တော့ တဆင့်ချင်းသွားရမှာပဲ။ ကျနော်တို့မှာ အချိန်လည်းသိပ်မရှိဘူး။ အချိန်သိပ်မရှိဘူးဆိုတာ ရေရှည်ကြီး ဖြစ်သွားလည်းမကောင်းဘူး။ ဒါတွေနဲ့ပတ်သက်ပြီးမှတကယ့်တကယ်လုပ်ကိုင်ဆောင်ရွက်လို့ရတဲ့ အစီအစဉ်တွေ စီမံချက်တွေဖြစ်လာအောင် ကျနော်တို့ အနေနဲ့ တော်လှန်ရေးအဖွဲ့တွေ အကုန်လုံး ဝိုင်းဝန်းကြိုးစားအားထုတ်ရမှာပေါ့။ အဖွဲ့အကြီးတွေရော၊အဖွဲ့အငယ်တွေအကုန်လုံးက တော်လှန်ရေးသစ္စာရှိရမှာပေါ့ ဝိုင်းဝန်းလုပ်ရမှာပဲ။ ကျနော်တို့ အတိုင်းအတာနဲ့ ကျနော်တို့ အခြေအနေနဲ့ ကျနော်တို့က အများကြီးပြောလို့လည်းမရပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ ကိုယ်တိုင်ကလည်း အားတက်သရောကျရာကဏ္ဍက ပါဝင်ဖို့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းပဲ တည်ဆောက်ထားတယ် ပြင်ဆင်ထားတယ်။ ဒီလိုမျိုးဖြစ်လာဖို့ကလည်း အားလုံးကလည်း ဆန္ဒရှိတယ် အားလုံးကလည်းတိုက်တွန်းနေတယ်။ နည်းလမ်းတွေ ရှာဖွေပူးပေါင်းချိတ်ဆက်လုပ်ကိုင်လာကြရင်တဖြည်းဖြည်း ပုံပေါ်လာမှာပါ။အဲဒီပုံပေါ် လာတဲ့အခါကျရင်လည်း ကျနော်တို့က ready ချိန်သားကိုက်လှုပ်ရှားလို့ရအောင် ကိုယ့်အဖွဲ့ကို ပြင်ဆင်ထားတယ် လေ့ကျင့် တည်ဆောက်ထားတဲ့အပိုင်းတွေရှိပါတယ်လို့ပဲ ပြောလိုပါတယ်။

မေး-စစ်ကောင်စီကနည်းမျိုးစုံနဲ့ ပြည်သူအပေါ် အကြမ်းဖက်တယ်။စစ်အုပ်စု မကောင်းဘူးဆိုတာလည်း အားလုံးသိတယ်။ ဒါ​ပေမယ့် စစ်အာဏာရှင်စနစ်ကို ရှည်ကြာသွားမလား ဆိုတဲ့ စိုးရိမ်ချက်တွေလည်းရှိကြတယ်။လက်​တွေ့မှာစစ်အာဏာရှင်တွေ ကျရှုံးသွားအောင် လုပ်လို့ရမလား၊ ဒီအပေါ် ဘာပြောလိုပါသလဲ။

ဖြေ-ကျနော့်အနေနဲ့ အဲဒါနဲ့ပတ်သက်ပြီးမှ မှတ်ချက်ပြုဖို့ ခက်ခဲတယ်။ ကျနော်ကောင်းကောင်းမွန်မွန် နားလည်ပြောလို့ရတဲ့ အခြေအနေမဟုတ်ဘူးလို့ပဲ ပြောပါရစေ။ ဘာလို့လည်းဆိုတော့ အနာဂတ်နဲ့ပတ်သက်ပြီးမှ မရေရာတာများလွန်းတယ်။ အဲဒီမရေရာတာကိုကျနော်တို့လက်ခံရမှာပဲ။ ပြည်သူလူထုက အကောင်းဆုံးအဖြေကြားချင်မှာပဲ။ ကျနော်တို့လည်း အကောင်းဆုံးအဖြေဖြစ်အောင် ကြိုးစားနေတာပဲ။ ဒါပေမဲ့ အဲဒီအဖြေဖြစ်ပါ့မယ်လို့ အာမမခံနိုင်ဘူး။အာမ မခံနိုင်တဲ့အတွက်ကြောင့် ဒီမေးခွန်းကို မှတ်ချက်ပြုဖို့ ခက်နေတဲ့သဘောမျိုးပါ။ ကျနော်တို့ အားလုံး နားလည်ထားတဲ့အတိုင်းပဲ ဒါကိုတွန်းလှန်ရမယ် ဒါကိုတိုက်ခိုက်ရမယ် ကျနော်တို့အကုန်လုံးကလည်းအဆုံးစွန်အထိ ဆုံးဖြတ်ပြီးသားပဲလေ။ ပြောချင်တာက ကျနော်တို့ အသက်တောင်မှ ပုံအပ်ပြီးမှ ကျနော်တို့ဘာပုံအပ်စရာရှိအုံးမလဲ။အသက်တောင်မှလောင်းကြေးထပ်ထားလိုက်ပြီးမှပဲ ရှုံးရှုံးနိုင်နိုင်၊ ကျနော်တို့မှာ အသက်ကလွဲပြီး ဆုံးရှုံးစရာမရှိတော့ဘူး။ ဒီအသက်ကို လုံး၀အပ်နှံထားပြီး အာရုံစိုက်နစ်ပြီးလုပ်နေကြတဲ့အခြေအနေမှာ ပြည်သူလိုချင်တဲ့ မျှော်လင့်ချက်တခုမျိုး အဖြေတခုမျိုး တိတိပပ အာမမခံနိုင်တဲ့အတွက်ကတော့ ကျနော် လည်း စိတ်မကောင်းဖြစ်ရတယ်။ ကျနော်တို့ အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လေ့လာနေတယ် သင်ယူနေတယ် ။မြန်မာနိုင်ငံက ပြည်တွင်းစစ်ဖြစ်တာ နှစ်ပေါင်းကြာရှည်နေပြီ။ ကျနော်တို့က မနေ့တနေ့ကမှပေါ်လာတဲ့လူငယ်လေးတွေဖြစ်ကြတယ်။ ကျနော်တို့မှာ စိတ်ဓာတ်ရှိတယ်။ ကျနော်တို့မှာ ကြိုးစားအားထုတ်လိုစိတ်ရှိတယ်။ ကျနော်တို့မှာ ရုန်းကန်လိုစိတ်ရှိတယ်။လေ့လာသင်ယူလိုစိတ် ဒီလေးငါးနှစ်အတွင်းမှာပဲ လေ့လာသင်ယူနေတာတွေ ပြင်ဆင်နေတာတွေရှိတယ်။ ဆိုတော့ကျနော်တို့စိတ်ထဲမှာက ပြတ်ပြတ်သားသား သံန္နိဌာန်ချတာတော့ ဒီအလုပ်ကိုတော့ အဆုံးစွန်ထိ။ ဒီစစ်ကောင်စီရဲ့ ယုတ်မာရက်စက် ၊စစ်မိစ္ဆာပေါ့ နော် အောက်တန်းကျတာ လူမဆန်တာကိုလည်း လုံး

၀နားလည်တယ်။ဒါကိုလည်း လုံး၀ မရမက တွန်း

လှန်ဖို့ ဒီစနစ်ဆိုးကြီးကို လုံး၀တွန်းလှန်သွားဖို့ အသက်တွေ လောင်းကြေးထပ်ထားကြတယ်။ ကျနော်တို့ ပြောလို့ရတာတော့ ကျနော်တို့ အဆုံးစွန်ထိ ဆုံးဖြတ်ထားပြီးသားအဲဒါတော့ အာမခံတယ်။…။

လက်တွေ့ကျကျ အဖြေရှာမယ် လက်တွေ့ကျကျ ရုန်းကန်မယ်။ လက်တွေ့ကျကျ တော်လှန်မယ်ပေါ့နော်။ အဲဒါတော့ရှိတယ်။ ကျနော်တို့က ပြောချင်တာက အာဏာရူးလို့မရဘူး။ ပြည်သူလူထုကို လျစ်လျူရှုလို့မရဘူး။ ပြည်သူလူထုကို ဆွဲခေါ်လာတယ်။ ပြည်သူလူထု ဦးဆောင်ခွင့်ပြုရမယ်။ ပြည်သူနဲ့ ချပြရဲရမယ်ပြည်သူနဲ့ ဆွေးနွေးရဲရမယ်။ ပြည်သူကို လုံး၀ရင်ဆိုင်ရဲရမယ်။ ပြည်သူရဲ့အသံကို နားထောင်ရဲရတယ်။ တဆက်တည်းမှာလည်း ပြည်သူကိုကျနော်တို့ ဦးဆောင်ရတဲ့အပိုင်း ဆွဲခေါ်ရတဲ့အပိုင်းရှိတယ် ပြည်သူမပါတဲ့ တော်လှန်ရေးက အတောင်ပံမပါတဲ့ ငှက်လိုပဲလို့ ပြောတာကိုး။ ဒါနဲ့ပတ်သက်ပြီးမှ ကျနော်တို့က အဆုံးစွန်ထိ အလုပ်လုပ်ကြမယ် ကြိုးစားကြမယ် ရုန်းကန်ကြမယ်။ ကျနော်တို့ လောလောဆယ် စိုးရိမ်နေကြတဲ့ အခက်အခဲတွေ က ကျနော်တို့ အတွေ့အကြုံကို ပြောမယ်ဆိုရင် ကျနော်တို့ ဒီထက် အများကြီး ဆိုးရွားတဲ့ ခက်ခဲတဲ့ဟာ ကျနော်တို့ ကျော်ဖြတ်ခဲ့ကြတာ။ဥပမာပြောရရင်၂၀၂၁တုန်းကဆိုရင် မင်းတပ်မြို့ပေါ်ကနေကျနော်တို့ ခွေးပြေးဝက်ပြေး ပြေးရတာ။တမနက်တည်းမှာပဲ။ မင်းတပ်မြို့ပေါ်ကို လုံး၀ လူသားဒိုင်းတွေဘာတွေလုပ် ကျနော်တို့ တောထဲတောင်ထဲမှာတာဇံတွေလို လေးနှစ်လောက်နေပြီးမှ တစိုက်မတ်မတ်လုပ်ခဲ့လို့မင်းတပ်မြို့ တမြို့လုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့ အခြေအနေထိရောက်အောင်ဖြစ်ပေါ်လာတယ်ပေါ့နော်။ ဆိုတော့ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲသည် ကျနော်တို့လွန်ခဲ့တဲ့သုံး၊လေးနှစ်ကကြုံရတဲ့အခက်အခဲနဲ့ ယှဉ်ရင်ဘာမှ မဟုတ်ဘူး။ ဒါပေမဲ့ ရှေ့ဆက်ကတော့ အခက်အခဲတွေ ကြုံရမှာပဲ။ ကျနော်တို့က အခက်အခဲကို ကျနော်တို့ အတွက်ကကျတော့ ကြက်ဥနဲ့ ကျောက်တောင်ကို ပေါက်ဆို ပေါက်ရမှာပဲ။ အဲဒီကျောက်တောင်ကို ကြက်ဥအလုံးပေါင်း ဆယ်ကုဋေ၊ ကုဋေတရာ၊ ကဋေတထောင်နဲ့ ပေါက်ရမှာပေ့ါ နည်းလမ်းရှာမှာပေါ့မဖြစ်ဖြစ်အောင် လုပ်မှာပေါ့။ ခေါင်းနဲ့ ပြေးစောင့်ရတယ်ဆိုလည်း ဘယ်နှစ်ကြိမ်စောင့်ရမလဲခေါင်းမှာ သံပတ်တီးတွေစီးရင်စီးမှာပေါ့ မဖြစ်ဖြစ်အောင် လုပ်ရမှာပေါ့ ရုန်းကန်ရမှာပေါ့ နည်းလမ်းရှာရမှာပေါ့။ ဒါနဲ့ပတ်သက်ပြီးမှလုံး၀အလျှော့မပေးဘဲနဲ့ရုန်းကန်တည်ဆောက်အဖြေရှာ လေ့လာသင်ယူဆိုတဲ့ဟာနဲ့ပဲ သွားရမှာပေါ့။ ကံပေါ့။ကံသာလျှင်အမိကံသာလျှင်အဖ ပေါ့နော်။ ကျနော်တို့မှာ လိပ်ပြာသန့်သန့်နဲ့ အဆုံးစွန်ထိ ပြတ်ပြတ်သားသားနဲ့ ရုန်းကန်ကြိုးစား ဖို့ပဲ ကျနော်တို့ တက်နိုင်တာကိုး။ ကျနော်တို့ ဘာအတွက် ရပ်တည်တယ် ဘယ်လိုတိုက်ပွဲဝင်မယ်ဆိုတာ ရှင်းရှင်းလေးပဲ။ နောက်ဆုံးကျတော့ လိပ်ပြာလုံရတာပဲ အမြတ်ဖြစ်မှာပေါ့။ ကျန်တာကတော့ လောကကြီးသဘောပါ။ကံကြမ္မာသဘောပါ။

မေး-အခြားဖြည့်စွက်ပြောကြားလိုတာရှိရင်ပြောပြပေးပါလား။

ဖြေ။-ဒီလိုမျိုး တော်လှန်ရေးကတော့ ရှေ့ပိုင်းက တော်လှန်ရေးတလျှောက်ကတော့ တချို့ တော်လှန်ရေးဆိုရင် လေးငါးဆယ်နှစ်၊ ဆယ့်ငါးနှစ်တောင် ကြာသွားတက်တာပဲ။ ပြီးရင် ဗီယက်နမ်စစ်ပွဲတွေဆိုရင်လည်းတကယ် သောက်သောက်လဲသေတာပဲ။ ဒီအနေအထားကနေ ရုန်းကန်နိုင်ကြတယ် ဖောက်ထွက်နိုင်ကြတယ်အများကြီးပဲ။ ကျနော်တို့လည်း ဘယ်လောက်ပဲ ကြာကြာ ဘယ်လိုပဲဖြစ်ဖြစ် အသက်နဲ့ ခန္ဓာမြဲသရွေ့တော့ အလုပ်လုပ်အုံးမယ် ကြိုးစားအုံးမယ် ရုန်းကန်အုံးမယ်ဆိုတဲ့ ကျနော်တို့ အရင်တုန်းက ပြောတာတော့ တော်လှန်သက်လုံပေါ့ တော်လှန်ရေးသက်လုံကောင်းဖို့ပေါ့။ ကြာရကောင်းလား၊သေရကြေရကောင်းလား၊ ပျက်စီးရကောင်းလားဆိုတော့ ကျနော်တို့လည်း သေကြေနေတဲ့ ကြားထဲမှာ နေနေရတာပဲ။ ပျက်စီးနေတဲ့ကြားထဲမှာနေနေရတာပဲ။ကျနော်တို့မှာ ဘယ်အချိန် ဗုံးကြဲခံရမလဲ မသိဘူးပဲ။ ဒါပေမဲ့ ကြာရကောင်းလား ပျက်စီးသေကြေရကောင်းလား ဝမ်းနည်းရကောင်းလားဆိုပြီး ကျနော်တို့ အားလျော့ဖို့ မဟုတ်ဘူး။ဘယ်လိုပဲပြောပြောဒီတော်လှန်သက်လုံကောင်းကောင်းနဲ့ ကြိုးစားအားထုတ်မှု လေ့လာသင်ယူမှု ရုန်းကန်မှု မလျော့သွားဘဲ တစိုက်မတ်မတ်ပေါ့။ တခါတလေကျရင်လုံး၀ အားလျော့သွားမယ်။အားလျော့သွားရင် ခဏနား အားမွေး ပြန်လေ့လာ ဒါကစိတ်ညစ်လို့ရတယ်အနားယူလို့ရတယ်။ဒါပေမဲ့ လက်လျှော့လိုက်လို့မရဘူး ပစ်ပယ်လိုက်လို့မရဘူး။ ဘယ်လိုဖိအားတွေရှိရှိပေါ့နော်။ လုံး၀ မခံနိုင်တော့ဘူးဆိုရင် အနားသွားယူလိုက်။ခဏလေးရှောင်လိုက်။ဘယ်လိုပြောမလဲ လေကောင်းလေသန့်လေးသွားရှုလိုက်ပေါ့နော်။ အဲဒါပြီးရင် ပြန်လာ ဒါက လက်လျှော့လိုက်လို့ရတဲ့ အလုပ်မဟုတ်ဘူး။မလုပ်ချင်လို့ ထားသွားလို့ရတဲ့အလုပ်မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ အသက်ရှင်သရွေ့ ဒီအလုပ်ကလွဲပြီးတခြားဘာအလုပ်မှမရှိတော့ ဒါပဲ တစိုက်မတ်မတ် လုပ်ရမှာပဲ။ အဲဒီလိုပဲ ပြည်သူတွေကိုလည်း တော်လှန်သက်လုံကောင်းစေချင်တယ်။ လိပ်ပြာလုံတဲ့လူပေါ့နော်။ အမှားအမှန် ကျနော်တို့ တအားခွဲပြစရာမလိုပါဘူး။ ပြည်သူတွေ သိကြပါတယ်။သိကြပြီးမှ ပင်ပန်းရတာ ကြောက်လို့သော်လည်းကောင်း၊ ဝမ်းနည်း စိတ်ထိခိုက်လို့သော်လည်းကောင်းလျှော့လို့မရဘူး။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေခဏနားလို့ပဲရတယ် လုံး၀လက်လျှော့လို့မရဘူးပေါ့နော်။ အဲဒီလိုတော်လှန်သက်လုံကောင်းစေချင်တာပါ။အားလုံးကို စိတ်ဓာတ်အားမွေးစေချင်တယ်။မရရတဲ့နည်းနဲ့ အားပြန်ယူပြီး ဒီအလုပ်ကို ဆက်လုပ်စေချင်တယ်။ အလုပ်ဆက်လုပ်နေတဲ့သူတွေ အများကြီးပါ။ ကျနော်တို့ ခွန်အားပြန်ယူရတဲ့ တော်လှန်ညီအကိုတွေ တော်လှန်အနုပညာရှင်တွေ အများကြီးပါ။ ကျနော်တို့ လေးစားရတဲ့ အားကျရတဲ့ ရိုသေရတဲ့ မြတ်နိုးရတဲ့ တန်ဖိုးထားရတဲ့တော်လှန်အနုပညာရှင်တွေအများကြီးပါ။ စိတ်ထိခိုက်ကြေကွဲစရာတွေတော့ အကုန်လုံးကြုံရတာအတူတူပါပဲ။ဒါပေမဲ့ ကျနော်တို့ အားလျှော့လိုက်လို့မရဘူး။ လက်လျှော့လိုက်လို့မရဘူး။ ကျနော်တို့ ဆက်အလုပ်လုပ်ကြမယ်။ ဆက်ရုန်းကန်ကြမယ်။ ကြုံရာကဏ္ဍကနေ မဖြစ်မနေဆက်လုပ်ရပါမယ်။ အဲဒီလိုမျိုးလေး တော်လှန်သက်လုံကောင်းစေချင်တာပါ။ ။

ဆက်စပ်သတင်းများ