close
Connect with us

Hi, what are you looking for?

သတင်း

ဆီးရီးယား သမ္မတရဲ့ သမိုင်းဝင် အိမ်ဖြူတော် ခရီးစဉ်အပြီး ပိတ်ဆို့အရေးယူမှု တချို့ကို အမေရိကန် ဖြေလျှော့ပေး

ဆီးရီးယား သမ္မတရဲ့ သမိုင်းဝင် အိမ်ဖြူတော် အလည်အပတ် ခရီးစဉ်အပြီး အမေရိကန်ဟာ ဆီးရီးယားအပေါ် အရေးယူ ပိတ်ဆို့ထားမှု တချို့ကို စတင် ဆိုင်းငံ့ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဆီးရီးယား သမ္မတရဲ့ သမိုင်းဝင် အိမ်ဖြူတော် အလည်အပတ် ခရီးစဉ်အပြီး အမေရိကန်ဟာ ဆီးရီးယားအပေါ် အရေးယူ ပိတ်ဆို့ထားမှု တချို့ကို စတင် ဆိုင်းငံ့ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ဖြူတော်မှာ ဆီးရီးယား သမ္မတ အာမက် အယ်လ်ရှာရားကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အိမ်ဖြူတော်မှာ ဆီးရီးယားနဲ့ အမေရိကန် သမ္မတတွေကြား ၁၉၄၆ ခုနှစ်နောက်ပိုင်း ပထမဆုံး တွေ့ဆုံမှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ် အုပ်စိုးနေခဲ့ချိန်တုန်းက အမေရိကန်နဲ့ ဆက်ဆံရေး ဆိုးဆိုးရွားရွား ပျက်စီးခဲ့သလို အမေရိကန်ကလည်း ဆီးရီးယားအပေါ် တင်းကျပ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ကျင့်သုံးခဲ့ပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းမှာ အယ်လ်ရှာရား ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေက အာဆတ် အစိုးရကို ဖြုတ်ချပြီး ညွန့်ပေါင်း အစိုးရသစ်ကို ဖွဲ့စည်းခဲ့သလို အမေရိကန်နဲ့ ဆက်ဆံရေးကလလည်း နွေးထွေးတဲ့ဖက်ဆီ လမ်းကြောင်းပြန်ပြောင်းလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထူးခြားမှု တစ်ခုကတော့ ထရမ့်နဲ့ အိမ်ဖြူတော်မှာ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ အယ်လ်ရှာရား ဆိုတာဟာ တစ်ချိန်က အယ်လ်ကိုင်ဒါနဲ့ ဆက်နွှယ်ပြီး အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ခံထားရတဲ့ လက်နက်ကိုင် အစုအဖွဲ့ တစ်ခုကို ခေါင်းဆောင်ခဲ့သူပါ။ အမေရိကန်ဟာ သူ့ကို ဒေါ်လာ ၁၀ သန်း ဆုငွေ ထုတ်ခဲ့ဖူးပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က အိမ်ဖြူတော်ဆီ ရောက်လာချိန်မှာတော့ အယ်လ်ရှာရားဟာ အနက်ရောင် အနောက်တိုင်းဝတ်စုံ၊ အနီရောင် လည်စည်းတွေကို ကျကျနန ဝတ်ဆင်ထားခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ ဝါရှင်တန်ဒီစီ မြို့တော် ခရီးစဉ်ဟာ ပြည်တွင်းစစ်အပြီး ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေရတဲ့ နိုင်ငံမှာ အမေရိကန် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးရေး ထရမ့်ကို စည်းရုံးဖို့ ဖြစ်လိမ့်မယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာတော့ ထရမ့်က အယ်လ်ရှာရားဟာ တကယ့် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သူဟာ သိပ်ကို ကြမ်းတမ်းတဲ့ နေရာကနေ လာခဲ့ရတဲ့ မာမာထန်ထန် လူပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး အတော်လေး သဘောကျဖို့ ကောင်းကြောင်း၊ ဆီးရီးယား သမ္မတသစ်နဲ့ သူနဲ့ လေပေးဖြောင့်ခဲ့ကြသလို အရှေ့အလယ်ပိုင်း ဒေသထဲမှာ ပါဝင်နေတဲ့ ဆီးရီးယားရဲ့ အောင်အောင်မြင်မြင် ရပ်တည်နိုင်ရေးကို အားပေးဖို့ အမေရိကန်က အစွမ်းရှိသမျှ ကြိုးစားပေးမှာ ဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

သမ္မတနှစ်ဦးရဲ့ တွေ့ဆုံမှု အပြီးမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက ၂၀၁၉ ဆီးရီးယား ပြည်သူများ ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေအရ သတ်မှတ်ထားခဲ့တဲ့ အရေးယူ ပိတ်ဆို့မှုတွေထဲက တချို့ကို ရက်ပေါင်း ၁၈၀ ယာယီ ဖြေလျှော့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ ပိတ်ဆို့မှုတွေဟာ သမ္မတဟောင်း အာဆတ် လက်ထက်က ဆီးရီးယားရဲ့ စွမ်းအင်လုပ်ငန်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ထိုးနှက်ဖို့ အဓိက ရည်ရွယ် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖြေလျှော့ပေးလိုက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေမှာတော့ ရုရှား၊ အီရန် အစိုးရတွေဆီ ငွေအပေးအချေ လုပ်နိုင်မယ့် လမ်းကြောင်းတွေကိုတော့ ချန်လှပ်ထားပါတယ်။ ရုရှားနဲ့ အီရန်က ထုတ်လုပ်တဲ့ ကုန်စည်တွေ၊ နည်းပညာတွေ၊ ငွေကြေးထောက်ပံ့မှုနဲ့ ဝန်ဆောင်မှုတွေကိုတော့ ဆီးရီးယားနဲ့ ချိတ်ဆက်မှုကနေ ဆက်ပြီး တားမြစ်ထားမယ့် သဘောပါ။

အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့မှုနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ ထုတ်ပြန်ချက်မှာတော့ သမ္မတ ထရမ့်ဟာ ဆီးရီးယားအတွက် ကောင်းမွန်တဲ့ အခွင့်အရေးတွေ ပေးအပ်ချင်တဲ့ သူ့ရဲ့ စိတ်အားထက်သန်မှုအတိုင်း လက်တွေ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရည်ညွှန်းထားခဲ့ပါတယ်။

အယ်လ်ရှာရားဟာ အယ်လ်ကိုင်ဒါနဲ့ ဆက်စပ်တဲ့ ဟေယတ်တာဟ်ရင်မ် အယ်လ်ရှမ် အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ပါတယ်။ တစ်ချိန်က သူကိုယ်တိုင်က အကြမ်းဖက် ခေါင်းဆောင်အနေနဲ့ အမေရိကန်ရဲ့ သတ်မှတ်မှုကို ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အဲဒီကိစ္စကို အမေရိကန်ဖက်က ပယ်ဖျက်ပေးခဲ့ပါတယ်။ အမေရိကန်ကို ရောက်ရှိနေချိန် အတောအတွင်းမှာတော့ အယ်လ်ရှာရားဟာ အမေရိကန်က ဦးဆောင်ပြီး အိုင်အက်စ် အကြမ်းဖက် အဖွဲ့ကို တိုက်ခိုက်နေတဲ့ နိုင်ငံတကာ ပူးပေါင်းစစ်ဆင်ရေး မစ်ရှင်မှာ ဆီးရီးယားလည်း ပါဝင်ပူးပေါင်းဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယား ပြန်ကြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အဲဒီ လက်မှတ် ရေးထိုးမှုဟာ မူဝါဒရေးရာ ကတိပြုမှု တစ်ခုဖြစ်ပြီး လောလောဆယ်မှာတော့ စစ်ဆင်ရေးတွေ လက်တွေ့ လုပ်ဆောင်တဲ့ အဆင့်မှာ ဆီးရီးယားအနေနဲ့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ကာ့ဒ်မျိုးနွယ်စုတွေ ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုဟောင်း တစ်ခုဖြစ်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ကိုလည်း အနာဂတ် ဆီးရီးယား အစိုးရတပ်ထဲမှာ ထည့်သွင်းဖွဲ့စည်းရေးကိစ္စ အမေရိကန်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီတပ်ကို တူရကီ အစိုးရက အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ် ကြေညာထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အပေါ် အထင်အမြင်လွဲမှုတွေ ဖြစ်စေခဲ့တဲ့အပေါ် မတောင်းပန်ဘူးဆိုရင် နစ်နာကြေး အလုံးအရင်း ရလိုမှုနဲ့ BBC သတင်းဌာနကို တရားစွဲဆိုသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သူက မကြောက်ပါဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မိန့်ခွန်းကို ဆိုလိုရင်းနဲ့ ကွဲပြားအောင် တည်းဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် BBC သတင်းဌာနရဲ့ ထိပ်တန်း အရာရှိ နှစ်ဦး ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားအပေါ် လက်နက်တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားမှုကို အမေရိကန် အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။

Facebook