Scorpio/People’s Spring
လွန်ခဲ့တဲ့ ၉ နှစ် ၂၀၁၆ ခုနှစ် စက်တင်ဘာလက မန္တလေးမြို့ကို နယ်သာလန်နိုင်ငံသား တစ်ယောက် အလည်အပတ် ရောက်လာခဲ့ပါတယ်။ သူ့နာမည်က Mr. Klaas Haijtemaပါတဲ့။ Mr. Klaas Haijtemaဟာ ပျူငှာပြီး ယဉ်ကျေးတဲ့၊ တဖက်သားကို အားနာတတ်တဲ့သူတွေ နေထိုင်တယ်ဆိုတဲ့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတာပါ။

သူက မန္တလေးမြို့လယ် မဟာအောင်မြေမြို့နယ်က ဟိုတယ်တခုမှာ တည်းခိုခဲ့ပါတယ်။ သူဟာ လည်ပတ်ပြီး ဟိုတယ်မှာ အနားယူနေချိန် ည ၁၀ နာရီကျော်လောက်မှာဆူညံတဲ့အသံကို ကြားလိုက်ရပါတယ်။ အဲဒါနဲ့ပဲ ဘယ်ကလာတဲ့အသံလဲ ရှာကြည့်တော့ဟိုတယ်အနီးက တစ်ထပ်အဆောက်အအုံတခုရဲ့အပေါ်က သတ္တုရောင် လော်စပီကာကနေ လာတဲ့အသံ ဖြစ်နေတယ်။
ဒါနဲ့သူလည်း ဟိုတယ်ထဲကနေထွက်ပြီး လော်စပီကာထောင်ထားတဲ့ အဆောက်အအုံထဲကို ဝင်ပါတယ်။ ဝင်ပြီးတော့ အသံချဲ့စက်ပလက်ကို ဆွဲဖြုတ်လိုက်ပါတော့တယ်။

Public Service Announcement
Mr. Klaas Haijtema ဟာ နားတော့အေးသွားတယ်။ ဒါပေမဲ့ ပြဿနာကတော့ ပလက်ဖြုတ်ပြီးမှစတာပါ။ နောက်တနေ့မနက်မှာ သူ့ကို ရဲတွေလာဖမ်းပါတော့တယ်။ စခန်းခေါ်သွားတယ်။ သူ့ကိုတရားစွဲပါတယ်တဲ့။ သူဟာ ဘာသာ၊ သာသနာအား ညှိးနွမ်းစေမှုအဖြစ် ရာဇသတ်ကြီးပုဒ်မ ၂၉၅ အမှုဖွင့် တိုင်တန်းခံခဲ့ရတာပါ။ဒါ့အပြင်ဗီဇာစည်းကမ်း ဖောက်ဖျက်လို့ဆိုပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃ (၁)နဲ့ပါ အမှုဖွင့်ခံခဲ့ရတယ်။
မူလက သာသနာညှိုးနွမ်းစေမှု ပုဒ်မ၂၉၅ နဲ့စွဲချက်တင်ခဲ့ပေမယ့် ကိုးကွယ်ရာဘာသာ၊ သာသနာကို စော်ကားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ မဟုတ် တဲ့အတွက် ဘာသာ၊သာသနာရေးဆိုင်ရာ အစုအေဝးကို နှောင့်ယှက်တဲ့ အပေါ်မှာအရေးယူတဲ့ ပုဒ်မ ၂၉၆ နဲ့ပဲ အရေးယူထောင်ချလိုက်တာဖြစ်ပါတယ်။ Mr. Klaas Haijtema ခံယူလိုက်ရတဲ့ ပြစ်ဒဏ်တွေကတော့ ထောင်ဒဏ်၃လနဲ့ ဗီဇာစည်းကမ်ဖောက်ဖျက်မှုအတွက် ငွေဒဏ်တစ်သိန်းဖြစ်ပါတယ်။
မြန်မာပြည်ကို အလည်အပတ်ထွက်လာခဲ့တဲ့သူဟာ အိုးဘိုထောင်မှာ ၃ လကြာ အကျဉ်းချခံခဲ့ရပါတယ်။ နောက်ကော သူမြန်မာနိုင်ငံကို လာလည်ချင်ပါဦးမလား။ ကျနောတော့မထင်ပါ။
မြန်မာပြည်မှာ အဆိုးတကာ့အဆိုးရွားဆုံ အပြုအမူတွေကို ပြောပါဆိုရင် လော်စပီကာတွေ၊ အသံချဲ့စက်တွေပါ။ ဟိုးတချိန်ကတော့ လော်စပီကာတွေ လိုအပ်ကောင်းလိုအပ်ခဲ့မှာ မှန်ပါတယ်။ ဒီခေတ်လို ဖုန်းတွေ၊ အင်တာနက်တွေ မပေါ်သေးတော့ ဟိုရွာဒီရွာ အလှူအတန်းပွဲလမ်းသဘင်တွေလုပ်ရင် လော်စပီကာသံဖွင့်တဲ့ဆီ မှန်းဆလိုက်ရင်း သွားကြလာကြရတယ်။ ပြီးတော့ ပွဲလမ်းသဘင်ဆိုတာကလည်း လူသူကင်းဝေးတဲ့ ကွင်းပြင်ကျယ်တွေမှာ လုပ်ကြတာများတယ်။
လူနေသိပ်သည်းမှု ပိုမိုမြင့်တက်လာတဲ့ မြန်မာနိုင်ငံမှာ မြို့ပေါ်ဓမ္မာရုံတွေကတော့ ရပ်ကွက်ရဲ့လူစည်ကားတဲ့နေရာတွေမှာ တည်ရှိကြတာပါ။ ဓမ္မာရုံနဲ့ ကပ်ရပ် အိမ်တွေကတော့ တကယ့်နားဒုက္ခ ခံကြရပါတယ်။
ဝါတွင်းလည်း ဝါတွင်းမို့၊ ဝါကျွတ်တော့လည်း ဝါကျွတ်မို့၊ သီတင်းကျွတ် တန်ဆောင်တိုင် ဖွင့်လိုက်ကြတာများ ဝုန်းဒိုင်းကိုကြဲလို့။ ဓမ္မာရုံနဲ့နီးတဲ့အိမ်တွေ၊ ခြံတွေ လိုချင်တဲ့ဈေးမရတတ်ဘူး။ လော်သံကို ကြောက်ကြတာ။
ကျနော်တို့ ဗုဒ္ဓမြတ်စွာဘုရားဟာ ဆူညံတာတွေကို အားမေပးခဲ့ပါဘူး။ အလှူတွေလုပ်ကြတဲ့အခါ မိမိတို့အလှူက ဖွင့်လိုက်တဲ့ အသံချဲ့စက်အသံကြောင့် အိပ်ရေးပျက်တဲ့သူတွေ၊ ရင်တုန်ရသူတွေ အဲဒီလူတွေဟာ ကုသိုလ်စိတ်ကိန်းအောင်းနိုင်ပါဦးမလား စဉ်းစားကြည့်ကြစေချင်တယ်။ သူတပါးကို အကုသိုလ်စိတ်ဖြစ်အောင် လုပ်လိုက်တဲ့ အပြုအမူဟာ ကုသိုလ်ကော ရပါဦးမလား တွေးဆကြည့်စေချင်ပါတယ်။
အခုဆို အာဏာသိမ်းကာလ ၅ နှစ် ပြည့်ပါတော့မယ်။ ၂၀၂၃ လောက်အထိ တိုင်းပြည်မှာ အတန်အသင့်ငြိမ်သက်ခဲ့ကြပေမဲ့ မနှစ်ကစလို့ ပွဲလမ်းသဘင်တွေ မြိုင်လာခဲ့ပါပြီ။ စစ်ကောင်စီကလည်း ရွေးကောက်ပွဲနီးလာလေ၊ ပြည်သူတွေပျော်ရွှင်နေပါတယ်ဆိုတဲ့ပုံရိပ်ကို ပြသချင်လို့ မြို့တကာမှာ ပျော်ပွဲရွှင်ပွဲတွေ ဇွတ်လုပ်ခဲ့တယ်။စစ်ကောင်စီအုပ်စိုးရာဒေသတွေမှာလော်စပီကာသံညံခဲ့တယ်။
မြို့ပေါ်မှာ လော်စပီကာသံတွေက အနှောင့်အယှက်ဖြစ်ပေမဲ့ အညာက ဒေသတချို့မှာတော့ လော်စပီကာသံကို တခုတ်တရ နားစွင့်ရတာတော့ရှိတယ်။အညာကလော်စပီကာကနေ တေးသီချင်းသံတွေ ထွက်ပေါ်လာမှာတော့ မဟုတ်ပါဘူး။ အဲဒီလော်စပီကာကနေ “ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကျနော်တို့မြို့နယ်ရဲ့ အနောက်ပိုင်း…” စတဲ့ လေကြောင်းတိုက်ခိုက်မှု သတိပေးအသံသာ ထွက်လာပါလိမ့်မယ်။ဒါဆိုရင် ကိုယ်နေတဲ့နေရာ ဘေးကင်း၊မကင်းတွက်ချက်ပြီး ဗုံးခိုကျင်းထဲပြေးတာ ၊အကာ အကွယ်နားခိုလှုံတာကို အမြန်ဆုံးလုပ်ကြရပါတော့တယ်။
ဒါကြောင့်အညာဒေသတွေမှာတော့ လော်စပီကာသံကြားသံဟာ စစ်တပ်ရဲ့ ဝေဟင် အန္တရာယ်ကို ကြိုသတိပေးတဲ့ အရာအဖြစ် တန်ဖိုးထားအသုံးပြုကြရပါတယ် ။
နိုင်ငံကတော့ တစ်နိုင်ငံထဲပဲ။ လော်စပီကာတွေလည်း ကိုယ်စီထောင်ထားကြပေမဲ့ ထွက်လာတဲ့အသံချင်းတော့ မတူပါဘူး။ ဟုတ်ပါတယ်။ အဲဒါ မြန်မာနိုင်ငံပါ။ ။

















































