close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ ကျွန်​တော်တို့ ချင်းပြည်နယ်မှာဆိုလို့ရှိရင် မြို့နယ် ၉မြို့နယ်ရှိတဲ့အထဲမှာ ၆မြို့နယ်ကို သိမ်းနိုင်ပြီပေါ့နော်။ ဆိုတော့ ကျန်တဲ့ဟာတွေသိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ အခြေအနေမှာရှိတယ်။”

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ အပါအဝင်ချင်းမြောက်ပိုင်းပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ဖလမ်းအခြေစိုက် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။

CNO/CNDFပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီ /CNO/CNDF အပါအဝင် ချင်းညီ​နောင်နဲ့ မဟာမိတ်​တွေက ဖလမ်းမြို့သိမ်းပြီး​​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CNO/CNDF

■ CNO/CNDFပြောရေးဆိုခွင့်ရှိသူ

ဆလိုင်းတင်မီနဲ့ မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ အပါအဝင်ချင်းမြောက်ပိုင်းပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ဖလမ်းအခြေစိုက် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။

ဖလမ်းဒေသ စစ်ရေး နဲ့ ချင်းညီညွတ်ရေး ၊ CNO/CNDFတပ်ဖွဲ့ကဖလမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆောင်ရွက်မယ့် ကြေညာချက် စတာတွေနဲ့ ပတ်သက်ပြီး CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကိုဆက်သွယ်မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ထားမြတ်/People’s Spring

မေး-ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု မလုပ်ဖို့ တားမြစ်တာအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ ကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရလို့ပါ။

ဖြေ-ဒီဟာကဖလမ်းမြို့နယ်ထဲမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အထူးသဖြင့် ၂၀၂၄ နောက်ပိုင်းမှာ ပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဘိန်းစိုက်ပျိုးမှုတွေ တွေ့ရတယ်။ ကျွန်​တော်တို့မှာ ဘိန်းစိုက်တဲ့ အိမ်ခြေတွေရော လူနာမည်ရော အကုန်လုံး ကျနော်တို့မှာရှိပါတယ်။ အဲဒီလိုမျိုးဖြစ်တဲ့အခါ ဘိန်းစိုက်မှုတွေရှိတဲ့အခါမှာ ကျွန်​တော်တို့ဘက်ကနေ ခွင့်မပြုနိုင်တဲ့အကြောင်း နဲ့ တကယ်လို့များ စိုက်ပြီးတော့ ကျွန်​တော်တို့ ထုတ်ပြန်ချက်ထုတ်တဲ့နေ့က စပြီးတော့ စိုက်တာ တွေ့ရှိတယ်ဆိုရင် အရေးယူမှု ပြုလုပ်သွားမယ်။ တကယ်လို့များ ဘိန်းစိုက်တဲ့နေရာမှာ လက်နက်ကိုင်အချို့က ပါဝင်ပတ်သက်တာတို့ ဒါမှမဟုတ် ကြားဝင်ပြီး နှောက်ယှက်တာတို့ရှိရင်လည်း ကျွန်​တော်တို့က ဖလမ်းမြို့နယ်ထဲမှာ ဖြစ်တဲ့အရာကို ကျနော်တို့ တာဝန်ယူပြီးဆောင်ရွက်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်ပါ။

မေး- CNO/CNDF ရဲ့ မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ရပ်တည်ချက် သဘောထားကိုရှင်းပြပေးပါလား။

ဖြေ- ဒီဘိန်းစိုက်မှုနဲ့ ပတ်သက်ပြီးတော့ ခုဏပြောသလို အာဏာသိမ်းမှု နောက်ပိုင်း ၂၀၂၃ ၊၂၀၂၄ နောက်ပိုင်းဆို ပိုပြီးတော့ များလာတာပေါ့။ လွန်ခဲ့တဲ့ နှစ်တွေ ၂၀၂၄ လောက်မှာ ဆိုရင်လည်း ဘိန်းစိုက်တယ်ဆိုတဲ့ရွာတွေမှာ ကျွန်​​တော်တို့ ကိုယ်တိုင်သွားပြီးတော့ ဖျက်ဆီးတာတွေရှိတယ်။ Warning ပေးတဲ့ဟာတွေရှိတယ်ပေါနော် ပြန်မစိုက်ဖို့။ ဒါပေမဲ့ ဒီနှစ်ထဲမှာ ပိုပြီးတော့ စိုက်လာတာတွေ တွေ့ရတယ်။ ရွာတော်တော်များများမှာ စိုက်တာ တွေ့ရတယ်။ ပြည်သူတွေက တဖက်က စားဝတ်နေရေး အခက်အခဲ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်​​တော်တို့ CNO/CNDF ရဲ့ ရပ်တည်ချက်ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လူမျိုးသုဉ်းဖြစ်စေနိုင်တဲ့ ဆေးဝါးတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်​တော်တို့ မြို့နယ်ထဲမှာ ကျွန်တော်တို့ ထိန်းချုပ်တဲ့နယ်မြေထဲမှာ လုံး၀ စိုက်ပျိုးခွင့်လည်း ပေးမှာ မဟုတ်သလို ရောင်းဝယ် ဖောက်ကားမှုလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ အမြဲတမ်း အိန္ဒိယဘက်က ဒီ မီဇိုရမ်အစိုးရ နဲ့သော်လည်းကောင်း မီဇိုရမ်ဘက်က CSO တွေနဲ့သော်လည်းကောင်း ဒီဘိန်းစိုက်ပျိုးမှုတွေ ဘိန်းရောင်းဝယ်ဖောက်ကားမှုတွေ အတူတူ တက်နိုင်တဲ့ဘက်က ဖြေရှင်းကြဖို့ဆိုတဲ့ဟာတွေ အရင်တုန်းက ဆွေးနွေးထားတာရှိတယ်။ ကျွန်​တော်တို့ဘက်ကတော့ ကျွန်​တော်တို့ မြို့နယ်ထဲမှာ ကျွန်​တော်တို့ ထိန်းချုပ်နယ်မြေထဲမှာတော့ ဘိန်းစိုက်ပျိုးမှုရယ် ရောင်းဝယ်ဖောက်ကားမှုတွေကတော့ အတက်နိုင်ဆုံးကာကွယ်သွားမှာဖြစ်တယ်။ ကျွန်​တော်တို့ ထုတ်ပြန်ထားသလို တွေ့ရှိတယ်ဆိုလို့ရှိရင် အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမှာ ဖြစ်တယ်။

မေး- ဖလမ်းတိုက်ပွဲ ငါးလနီးပါးရှိလာပြီ ဘယ်လိုအခြေအနေတွေ ရှိတယ်ဆိုတာ အသိပေးရတာရှိရင် ပြောပြပေးပါလား။

ဖြေ-ဖလမ်းရဲ့ စစ်ရေးနဲ့ပတ်သက်ပြီးတော့ စစ်ကြောင်းက လေးကြောင်းနဲ့တိုက်နေတဲ့ အခြေအနေမှာ ရှိတယ်။ ကလေးဘက်ကနေလည်း နောက်ထပ် အင်အားတွေဖြည့်ပြီးမှ ပြန်တက်လာတယ်။ CDF စီးယင်းတွေကလည်း အတက်နိုင်ဆုံး သူတို့ ဇိုလဲန်းအဖွဲ့နဲ့ ကာနေတဲ့ဟာ ရှိပါတယ်။ ကျနော်တို့ ဖလမ်းအရှေ့ခြမ်းဘက်မှာစစ်ကြောင်းနှစ်ကြောင်းက ဖလမ်းကို စစ်ကြောင်းထိုးနေတယ်ပေါ့။ ဒီဟာကလည်း အတက်နိုင်ဆုံး ကာကွယ်နေတဲ့အခြေအ

နေမှာ ရှိတယ်။လောလောဆယ် စစ်ကြောင်း လေးကြောင်း ပုံစံနဲ့ ဖလမ်းဘက်ကို ဝင်လာတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ လက်ရှိကတော့ ထိတွေ့မှုတွေ ပြင်းပြင်းထန်ထန်တော့ မရှိသေးဘူး ဒါပေမဲ့ နေ့တိုင်းတော့ အသေးစား ပစ်ခတ်မှုတွေရှိတယ်။ နောက်ပြီးတော့ ဒရုန်းနဲ့ သူတို့ဘက်ကနေ ကျွန်​တော်တို့ဘက်ကို တိုက်တယ်။ ကျွန်​တော်တို့ဘက်ကလည်း သူတို့ဘက်ကို ထိုးဖောက်လို့မရအောင် ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်။ စစ်ကြောင်းကတော့ လေးကြောင်းဖြစ်ပြီးတော့ ဖလမ်းအနီးတ၀ိုက် ၁၃ မိုင်၊ ၁၅ မိုင် နောက်ပြီးတော့ မိုင် ၂၀ အကွာအဝေးတွေမှာ ရှိပါတယ်။ စစ်ကြောင်းကဖလမ်းနဲ့ နီးပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့ဘက်ကနေ ထိုးလို့မရတဲ့ အခြေအနေမျိုးမှာရှိတယ်။ ကျွန်​တော်တို့ ချင်းကာကွယ်ရေး ချင်းလဲန်းကောင်စီဘက်ကပဲ ဖြစ်ဖြစ် ချင်းညီနောင်ဘက်ကပဲ ဖြစ်ဖြစ် အတက်နိုင်ဆုံး ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်။ သူတို့ဘက်က အခုနောက်ပိုင်းကျတော့ အဆင့်မြင့်ဒရုန်းတွေတော်တော်များများ သုံးလာတဲ့ အခြေအနေမှာ ရှိတယ်။ လေကြောင်းနဲ့ အဆင့်မြင့်ဒရုန်းတွေ တွင်တွင်ကျယ်ကျယ် သုံးလာတဲ့ အခြေအနေမှာ ရှိပါတယ်။

မေး-ချင်းတပ်တွေအတူတူ စုစည်းခုခံမှုဟာ စစ်တပ်ကို အထိနာစေတဲ့ အဓိက အကြောင်းအရင်းလား။ စစ်တပ်ရဲ့ ထိုးစစ်ရည်မှန်းချက်မရောက်တာ အတူတူ ပူးပေါင်းတိုက်ပွဲဝင်မှုရဲ့ ရလဒ်လား ဘယ်လိုပြောလိုပါသလဲ။စစ်ရေးမှာတင်မကဘဲ ချင်းအမျိုးသားတခုလုံး စုစည်းနိုင်ဖို့ ဘာတွေဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ-ချင်းတမျိုးသားလုံးစည်းလုံးဖို့ကတော့ အမြဲတမ်းဆောင်ရွက်ရမယ့်အရာဖြစ်တယ်။ ဒါပေမဲ့ အခုလောလောဆယ်အခြေအနေအရကျတော့ ချင်းပြည်နယ်တောင်ပိုင်းဘက်မှာရော ပုံတောင်ပုံညာဘက်ကနေ ချင်းညီနောင်အဖွဲ့တွေနဲ့မဟာမိတ်တွေနဲ့ ကာကွယ်နေတဲ့ အခြေအနေမှာ ရှိတယ်။ ချင်းပြည်နယ်မြောက်ပိုင်းဘက်မှာဆိုရင်လည်း ဖလမ်းကို စစ်ကြောင်းထိုးနေတဲ့အရာကို ကာကွယ်နေတဲ့ အခြေအနေမှာရှိတယ်။ဆိုတော့ပထမဦးဆုံးခြေလှမ်းအနေနဲ့ ကိုယ့်ရဲ့ ဘုံရန်သူကို တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ ဆိုတော့ အခု ဖလမ်းမြို့နယ်ထဲမှာဆိုရင်လည်း ချင်းလဲန်းကောင်စီဘက်က ရဲဘော်တွေလည်းရှိတယ် ကျွန်​တော်တို့ ချင်းညီနောင်က ရဲဘော်တွေလည်းရှိတယ်။ ရှေ့တန်းမှာစည်းစည်းလုံးလုံးနဲ့ ဘုံရန်သူကို တိုက်နေပါတယ်။ ဒီဟာတွေက တဖြည်းဖြည်းချင်း ချင်းရဲ့စည်းလုံးညီညွတ်မှုတွေ ဖြစ်စေ မှာပါ။ နောက်ပြီးတော့ တဖက်ကလည်း ပထမဆုံးအရေးကြီးတာက ဘုံရန်သူကို ပထမအရင် ခုခံကာကွယ်မောင်းထုတ်နိုင်မှ ချင်းအမျိုးသားရေး စည်းလုံးညီညွတ်မှုတွေက နောက်ပိုင်းဆိုရင် တဖြည်းဖြည်းလာမှာ ဖြစ်ပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့တော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီကို တိုက်ထုတ်ကာကွယ်နိုင်ဖို့ပထမ ဖြစ်တယ်။ ဒုတိယကတော့ ကျန်ရှိနေသေးတဲ့ ချင်းပြည်မှာ သိမ်းစရာရှိတဲ့မြို့တွေကို သိမ်းနိုင်ဖို့ရန်အတွက် ဒါ ဒုတိယ ခြေလှမ်းပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ လုပ်သွားမှာ ဖြစ်ပါတယ်။

မေး-စစ်ကောင်စီကို တော်လှန်ရေးတပ်တွေအားလုံး တနိုင်ငံလုံးအတိုင်းအတာ တွန်းလှန်တိုက်ခိုက်ဖို့လိုအပ်နေချိန်မှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဘာသတင်းစကား ပြောလိုပါသလဲ။

ဖြေ-တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုလို့ရှိရင် တဖက်ကစိတ်မကောင်းစရာတွေလည်းတွေ့ရတယ်။တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာ ဖြစ်တဲ့ ပြဿနာတွေပေါ့။ တော်လှန်ရေးအချင်းချင်းကြားထဲ ပြဿနာတွေ ဖြစ်ပေါ်လာလို့ရှိရင် ကျနော်တို့ ဘုံရန်သူကို တိုက်ခိုက်ဖို့အတွက် အခက်အခဲရှိလာသလို ဘုံရန်သူကလည်း အဲဒါကို အသုံးချပြီးမှ ကျနော်တို့ဘက်ကို ပိုပြီးတော့ စစ်ကြောင်းတွေထိုးတယ်။ နောက်ပြီးတော့ ဒီမစည်းလုံးမှုတွေက သူတို့အတွက်တော့ ပိုပြီးတော့ ကောင်းတဲ့အချက်တွေ ဖြစ်တယ် ဒါကို သတိပြုဖို့ လိုအပ်ပါတယ်။ တနိုင်ငံလုံးကြည့်တဲ့အခါ စကစကို တွန်းလှန်တာထက် တဖွဲ့နဲ့ တဖွဲ့ကြားမှာ ပဋိပက္ခလေးတွေ ဖြစ်နေတာကို တွေ့နေရတယ်။ ဒီဟာတွေကို ကျနော်တို့ အနေနဲ့ သတိတချက်ထားပြီးမှ ဘုံရန်သူကိုပဲ တစိုက်မတ်မတ်နဲ့ လုပ်မယ်ဆိုရင်မကြာခင်မှာ အောင်မြင်မှု ပန်းတိုင် မြင်နိုင်မှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

မေး-စစ်ရဲ့သဘာ၀အရ အနိမ့်အမြင့် တက်အကျ ရှိတဲ့ အခြေနေမှာ စစ်တပ်ကဒေသ အချို့ မြို့ရွာတွေ ပြန်သိမ်းနိုင်လာတာ အပေါ် စိတ်ဓာတ်ကျစရာဖြစ်နေတော့ ဒီအပေါ် ဘာသတင်းစကား ပါးလိုပါသလဲ။

ဖြေ- ကျွန်​တော်တို့ ချင်းအနေနဲ့ကျတော့ အဲဒီလို စိတ်ဓာတ်ကျစရာ မရှိဘူးလို့ ကျွန်​တော်တို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးကို ပြန်ပြီးတော့ လာခဲ့တဲ့ လမ်းကြောင်းကို ကြည့်မယ်ဆိုရင် ၂၀၂၁ ကနေ ၂၀၂၅ ငါးနှစ်အတွင်း မှာ ကျွန်​တော်တို့ ချင်းပြည်နယ်မှာဆိုလို့ရှိရင် မြို့နယ် ၉မြို့နယ်ရှိတဲ့အထဲမှာ ၆မြို့နယ်ကို သိမ်းနိုင်ပြီပေါ့နော်။ ဆိုတော့ ကျန်တဲ့ဟာတွေ သိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ အခြေအနေမှာရှိတယ်။ နောက်ပြီးတော့ စကစဘက်ကလည်း စဉ်းစားမယ်ဆိုရင် အထူးသဖြင့် ချင်းပြည်နယ် တောင်ပိုင်းမှာ ဆိုရင်လည်း ထိုးဖောက်ဖို့ ကြိုးစားနေတာပဲ။ ဒါပေမဲ့ ဘယ်နှစ်လရှိပြီလဲ ခြောက်လကျော် ၇ လ၊ ၈လလောက်ရှိပြီ မထိုးနိုင်ဘူး။ ကျွန်​တော်တို့ ဖလမ်းဘက်ကို ကြည့်မယ်ဆိုရင်လည်း တကယ့် စစ်ကြောင်း ထောင်နဲ့ချီပြီးရှိတဲ့ စစ်ကြောင်းကို ခြောက်လလောက်ရှိပြီ သူတို့လည်း ကြိုးစားပေမယ့်လည်း မထိုးဖောက်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ဆိုတော့ ချင်းရဲ့ အတိုင်းအတာနဲ့ တွက်မယ်ဆိုရင် အောင်မြင်မှုတွေ အများကြီး ရရှိတယ်။ အရင်တုန်းက ကိုယ့်ဟာကိုယ် မအုပ်ချုပ်နိုင်ဘူး ကိုယ့်ဟာကိုယ် ထိန်းချုပ်မှု ဧရိယာတောင်မှ မရှိဘူး။ဒါပေမဲ့ အခုအချိန်မှာ မြို့တွေ ခလရလို ဗျူဟာလိုမျိုး အခြေအနေကို သိမ်းပိုက်နိုင်တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် တော်လှန်ရေးမှာ ဘာမှစိတ်ဓာတ်ကျစရာမရှိဘဲနဲ့ ဒီထက်ပိုပြီး ကြိုးစားဖို့ပဲ ရှိတယ်လို့ မြင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဆွန်းတလာရွာနဲ့ ခွန်းလီကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီက မနေ့နဲ့ ဒီကနေ့ (ဇန်နဝါရီ ၂၉ရက်)မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

ချင်းတော်လှန်ရေးအင်အားစုတွေ ချင်းဆိုတဲ့ အမည်အောက်မှာ အားလုံးစုစည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။