Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၆ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဖက်ဒရယ်အရေးအတူလက်တွဲဆောင်ရွက်ဖို့ ရှမ်းတပ် SSPPနဲ့ မွန်တပ် NMSPတို့ကို ယာယီသမ္မတ ဖိတ်ခေါ်

တိုင်းပြည်ရဲ့ အနာဂတ်ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ဖို့ အမြဲတမ်း ဖိတ်ခေါ်နေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလကမွန်ပြည်သစ်ပါတီ(NMSP)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်ဖွဲ့တွေကို ဖိတ်ခေါ်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်ပြီး စုစည်းမှု၊ ညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေကို တည်ဆောက်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။ ဒါကြောင့် NUG ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများအနေနဲ့လည်း တိုင်းရင်းသားအရေး ၊မဟာမိတ်ချိတ် ဆက်မှုအပိုင်းကို ဦးစားပေးကာ အမြဲချိတ်ဆက်ဆောင်ရွက်ကြဖို့လည်း ယာယီသမ္မတက ထပ်မံတိုက်တွန်းပါတယ်။ ဒါ့အပြင် အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူလူထုအကြား ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုကို လက်ရှိအချိန်မှာ တည်ဆောက်ယူဖို့ အချိန်အခါကောင်း တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်အရေးအတူလက်တွဲဆောင်ရွက်ရန် ရှမ်းတပ် SSPPနှင့် မွန်တပ် NMSPတို့အား ယာယီသမ္မတ ဖိတ်ခေါ်
ဖက်ဒရယ်အရေးအတူလက်တွဲဆောင်ရွက်ရန် ရှမ်းတပ် SSPPနှင့် မွန်တပ် NMSPတို့အား ယာယီသမ္မတ ဖိတ်ခေါ်

▪︎NUG နိုင်ငံခြားရေးဝန်ကြီးကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လက်ခံတွေ့ဆုံ

ဗြိတိန်နိုင်ငံခြားဝန်ကြီး James Clevery ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို မနေ့က လန်ဒန်မြို့မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံစဥ် အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများရပ်တန့်နိုင်ဖို့ ဆောင်ရွက်နိုင်ရေး၊ လူနည်းစုလူမျိုးများအရေးနဲ့ အခြားသော အကြောင်းအရာများကို ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက လန်ဒန်သို့ရောက်ရှိနေတဲ့ ဝန်ကြီးဒေါ်ဇင်မာအောင်ဟာ သူမရဲ့ ဗြိတိန်ခရီးစဥ်အတွင်း အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနဲ့လည်း ဆက်လက် တွေ့ဆုံကာ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

▪︎အမေရိကန်ရဲ့ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကိုသမ္မတဘိုင်ဒန် ဆက်လက်သက်တမ်းတိုး

မြန်မာ့အရေးနဲ့ပတ်သက်လို့ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဆက်လက်သက်တမ်းတိုးမြှင့်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က လက်မှတ်ရေးထိုးပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်တဲ့၊ သာမန်ထက်လွန်ကဲတဲ့ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြီး အဲဒါကိုကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်သမ္မတက အပြည်ပြည်ဆိုင်ရာအရေးပေါ်စီးပွားရေးအာဏာများအက်ဥပဒေကို သမ္မတအမိန့်အဖြစ် ကြေညာခဲ့တာပါ။

▪︎ပြင်ဦးလွင်မြို့ပေါ်မှာ ဓားဒဏ်ရာများနဲ့သေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ရုပ်အလောင်းတွေ့

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ မနက်အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းရှိ ဟိုတယ်တစ်ခုအနီးမှာ လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တာပါ။ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး တစ်ဦးက လမ်းပေါ်၊ တစ်ဦးက လမ်းဘေးမှာ တွေ့ရှိရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူနှစ်ဥ်ီးစလုံးမှာ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာများတွေ့ရပြီး ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သန္တိသုခလူမှုရေးအသင်းက အသိပေးထားပါတယ်။

▪︎ထိုင်းမှာရေတွင်းကျဥ်းလေးထဲပြုတ်ကျ​နေတဲ့ မြန်မာကလေးငယ်ကိုကယ်တင်

ထိုင်းနိုင်ငံက ကျေးလက်​ဒေသတစ်ခုမှာ ပေ ၄၀ ကျော်နက်တဲ့ ရေတွင်းကျဥ်း​လေးထဲ ပြုတ်ကျသွားတဲ့ တစ်နှစ်ကျော်အရွယ် မြန်မာကလေးငယ်တစ်ဦးကို ၁၇ နာရီကြာကယ်ဆယ်ဖို့ကြိုးပမ်းပြီးတဲ့​နောက်ကယ်ဆယ်​ရေးသမား​တွေက အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက ညလုံးပေါက် တူးဖော်မှုတွေ လုပ်ခဲ့တဲ့နောက် အကျယ် ၁ ပေ (၃၀ စင်တီမီတာ)လောက်သာ ရှိတဲ့ ရေတွင်းထဲ ကျနေတဲ့ အသက် ၁ နှစ်နဲ့ ၇ လအရွယ်( ၁၉ လ)သာရှိတဲ့ကလေးမလေးဆီ ချောချောမောမော ရောက်ရှိနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေကကြေညာပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုတစ်ခုက ကလေးမလေးဟာ တက်ခ်ဒေသမှာ ဖေဖော်ဝါရီ ၆ ရက်က ဆော့ကစားနေရင်း ကျဉ်းမြောင်းတဲ့ တွင်းပေါက်ထဲကျသွားခဲ့တာ ဖြစ်ပါတယ်။

(ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေစဥ်နှင့်က​လေးငယ်ကိုတွင်းထဲမှ ထုတ်လာစဥ်။ဓါတ်ပုံ-Fire & Rescue Thailand)
(ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေစဥ်နှင့်က​လေးငယ်ကိုတွင်းထဲမှ ထုတ်လာစဥ်။ဓါတ်ပုံ-Fire & Rescue Thailand)

▪︎အာဏာသိမ်း ၂ နှစ်အတွင်း အမျိုးသမီး ၂,၈၀၀ နီးပါးဖမ်းခံရပြီး ၄၀၀ ကျော်သေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်းအမျိုးသမီး ၂,၈၀၀ နီးပါး ဖမ်းခံခဲ့ရပြီး သေဆုံးခဲ့ရသူ ဦးရေဟာ ၄၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြပါတယ်။ ဖမ်းခံရတဲ့ အမျိုးသမီးဦးရေထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ၇၅၈ ဦး စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရတာပါ။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဟာ အမျိုးသမီးဦးရေ အများဆုံး ဖမ်းခံရတဲ့စာရင်းထဲပါပြီး အဲဒီတိုင်း နှစ်တိုင်းမှာ အမျိုးသမီးအယောက် ၃၀၀ ကျော်စီ ဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။ ပဲခူးတိုင်းနဲ့တနင်္သာတိုင်းမှာလည်း အမျိုးသမီး ၂၀၀ ကျော်စီ ဖမ်းခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့စာရင်းအရသိရပါတယ်။ ဒီလို ဖမ်းခံရတဲ့အမျိုးသမီးဦးရေထဲမှာ ပညာရေးဝန်ထမ်းတွေ ၊တက်ကြွလှုပ်ရှားသူတွေ နဲ့ကျန်းမာရေးကဏ္ဍနဲ့ဆက်စပ်သူတွေ အများဆုံးဖမ်းခံရတာတွေ့ရပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်းစစ်တပ်ရဲ့လက်ချက်ကြောင့် ပထမဆုံး ဆုံးပါးသွားရတဲ့ မမြသွဲ့သွဲ့ခိုင်
နွေဦးတော်လှန်ရေးကာလအတွင်းစစ်တပ်ရဲ့လက်ချက်ကြောင့် ပထမဆုံး ဆုံးပါးသွားရတဲ့ မမြသွဲ့သွဲ့ခိုင်

▪︎စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို မြိုင်ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well 2 ရေနံမြေအနီးမှာ စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို ပစ်ခတ်ပြီးနောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးခန့်သေဆုံးနိုင်တယ်လို့ မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ ဒီနေ့ နေ့ခင်းက ဖလံကိုင်းရေနံမြေမှ ပြန်လာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့စစ်ကြောင်းကို Well 2 ရေနံမြေအကျော် လမ်းပိုင်းတစ်နေရာမှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ရိုင်ဖယ်သမားက ချောင်းမြောင်းပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းကို ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးနိုင်တယ်လို့ ကိုလယျာ်က ပြောပါတယ်။

▪︎စစ်ကောင်စီကားနှစ်စီးကို PDF တိုက်ခိုက် ၁၀ဦး​သေ ၊လက်နက် ၇ လက်ရ

မကွေးတိုင်း ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကောင်စီတပ်နဲ့ ပျူ​​စောထီးများ လိုက်ပါလာတဲ့ ယာဉ်နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃) တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးခဲ့​တယ်လို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက ပခုက္ကူ-ရေစကြို ကားလမ်းရှိစက်သုံးဆီဆိုင် တစ်ဆိုင်ရှေ့မှာ စစ်​ကောင်စီတပ်နဲ့ ပျူစာထီးစုစု​ပေါင်း ၁၄ ဦးပါလာ​သောကားနှစ်စီးကို PDF များကတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး နေရာမှာ သေဆုံးခဲ့ပြီး ဆေးရုံမှာ ၃ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃)က သတင်းထုတ်ပြန်ပါတယ်။

(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)
(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)

▪︎စိုင်နိုင်ကွေ့မှာ PDF အယောင်ဆောင် ငွေတောင်းနေတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ် စိုင်နိုင်ကွေ့မှာ PDF အယောင်ဆောင်ကာ ငွေတောင်းနေတဲ့ စစ်ကောင်စီတပ်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးခန့်သေဆုံးနိုင်တယ်လို့ GZ Special Task Force – Wet Let သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စိုင်နိုင်ကွေ့မှာ အထိုင်ချပြီး PDFအယောင်ဆောင်ကာ ခရီးသွားပြည်သူများကို ငွေတောင်းနေတဲ့ အင်အား ၆၀ ခန့်ရှိ​ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက နာရီဝက်ကြာ အနီးကပ်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ စိုင်နိုင်ကွေ့မှာ တပ်စွဲထားတာကြာပြီဖြစ်ပြီး PDF ပုံစံနဲ့ ငွေတောင်းခံနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

You May Also Like